ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် ကိုဗစ်စည်းမျဉ်းအသစ်များနှင့် ပတ်သက်ပြီး ပရီးမီးယားလိဂ်အသင်းများ၏ နည်းပြများ၊ အသင်းခေါင်းဆောင်များနှင့် အစည်းအဝေးပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဗြိတိန်အစိုးရသည် ပရီးမီးယားလိဂ်ပွဲစဉ်များကို ဆက်လက်ကစားရန်အတွက် လိုက်နာရမည့် စည်းမျဉ်းများကို ပရီးမီးယားလိဂ်အဖွဲ့ချုပ်ထံ ပေးပို့ခဲ့ပြီး၊ ပရီးမီးယားလိဂ်အဖွဲ့ချုပ်ကလည်း ကလပ်အသင်း (၂၀)စလုံးထံသို့ ပြန်လည်အသိပေးခဲ့ပြီးဖြစ်သည်။
သို့ရာတွင် လိုက်နာမှုမရှိပါက လိဂ်ပြိုင်ပွဲ၏ အနာဂတ်နှင့် ပတ်သက်ပြီး စိုးရိမ်စရာအခြေအနေဖြစ်နေသဖြင့် သီးသန့်အစည်းအဝေးတစ်ရပ်ပြုလုပ်ကာ သတိပေးမှုများပြုလုပ်ရန် စီစဉ်နေခြင်းလည်းဖြစ်သည်။
ယခုစည်းမျဉ်းသစ်တွင် ပိုမိုတင်းကျပ်သည့် စည်းကမ်းချက်များ ပါဝင်လာပြီး၊ အုပ်စုလိုက်အောင်ပွဲခံခြင်း၊ လက်ဝါးချင်းရိုက်ကာ အောင်ပွဲခံခြင်းတို့သည် တားမြစ်ထားသည့် အချက်အလက်များတွင် ပါဝင်လျက်ရှိသည်။
ယခင်ကလည်း ယင်းအချက်များသည် တားမြစ်ချက်ထဲတွင် ပါဝင်ခဲ့သော်လည်း ဘောလုံးသမားများသည် အရေးမစိုက်ဘဲ ပုံမှန်အတိုင်းသာ အောင်ပွဲခံနေကြပြီး၊ ယခုစည်းမျဉ်းသစ်အရမူ အစိုးရပိုင်းက အရေးယူမှုများ ပါဝင်လာမည်ဖြစ်သည်။
ထို့ပြင် အခြားတားမြစ်ချက်အသစ်များလည်း ပါဝင်နေပြီး လိုက်နာခြင်းမရှိပါက လိဂ်ပြိုင်ပွဲကို ဆက်လက် ကျင်းပခွင့်ရရန် မသေချာသည့် အခြေအနေဖြစ်လာမည်ဟု သိရှိရသည်။















