ထိုင်းအခြေစိုက် မြန်မာလုပ်သား ကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့ (AAC) ဥက္ကဋ္ဌ ဦးခိုင်ကြီးနှင့် တွေ့ဆုံမေးမြန်းခြင်း

ထိုင်းအခြေစိုက် မြန်မာလုပ်သား ကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့ (AAC) ဥက္ကဋ္ဌ ဦးခိုင်ကြီးနှင့် တွေ့ဆုံမေးမြန်းခြင်း
Published 13 January 2021
လွင်မျိုးသူ

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်းမှစ၍ ထိုင်းနိုင်ငံ စမွန်စခွန်ခရိုင် မဟာချိုင်ဒေသတွင် စတင်ပျံ့နှံ့ခဲ့သည့် တကျော့ပြန် ကိုဗစ်ပျံ့နှံ့မှုတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားအများစု ကူးစက်ခံခဲ့ရသည်။ မဟာချိုင်ဒေသသည် မြန်မာရွှေ့ပြောင်း အလုပ်သမားအများစု နေထိုင်တဲ့နေရာဖြစ်ပြီး လက်ရှိ ယင်းဒေသအတွင်း နေထိုင်လျက်ရှိသော ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ၏ အခြေအနေကို သိရှိနိုင်စေရန်  ထိုင်းအခြေစိုက် မြန်မာလုပ်သား ကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့ (AAC) ဥက္ကဋ္ဌ ဦးခိုင်ကြီးနှင့် ဆက်သွယ် မေးမြန်းခဲ့သည်များကို ပြန်လည်ဖော်ပြအပ်ပါသည်။

“အလုပ်နားထားတဲ့ လူကတော့ တစ်သောင်းလောက် ရှိတယ်။ သဘောက လူတစ်သောင်းလောက် အလုပ်လက်မဲ့ ဖြစ်နေတယ်။ အဲဒီလူတွေ အလုပ်ပြန်ရဖို့ကတော့ အစိုးရအပေါ်မှာပဲ မူတည်တယ်”

မေး - မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အများဆုံး လုပ်ကိုင်နေကြတဲ့ ထိုင်းနိုင်ငံ မဟာချိုင်ဒေသမှာ တကျော့ပြန် ကိုဗစ်ပျံ့နှံ့နေတဲ့ အခြေအနေကို ပြောပြပေးပါ။

ဖြေ - ဒီဇင်ဘာ ၁၃ ရက်က သလာ့ကုန်ပုဇွန်စျေးကနေ စတင်ပြီးပျံ့နှံ့တဲ့ ကိုဗစ် Positive ဖြစ်တာဟာ အခုဆိုရင် လူ ၁၅၀၀ ကျော် ၂၀၀၀ လောက် ကူးစက်ခံနေရပြီ။ အဲဒီထဲမှာက အများဆုံး ကူးစက်ခံနေရတာကတော့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေပဲ။ ထိုင်းလူမျိုးတွေ Positive ဖြစ်ရင် ဆေးရုံတန်းရောက်တယ်။ မြန်မာလူမျိုးတွေ Positive ဖြစ်ရင် Quarantine စင်တာ ရောက်တယ်။ မဟာချိုင် ဘောလုံးကွင်းက ကိုဗစ်ကုသရေး ယာယီစင်တာမှာတော့ မြန်မာလုပ်သား ၉၀၀ ခန့်ရှိတယ်။

မေး - လော့ဒေါင်းချထားတဲ့နေရာမှာ ဆန္ဒပြမှုဖြစ်ခဲ့တဲ့အကြောင်းလည်း ပြောပြပေးပါ။

ဖြေ - လော့ဒေါင်းချတဲ့ နေရာမှာတော့ ဒီကနေ့အထိ လူပေါင်း ၇၀၀ လောက်ကို ခေါ်ထုတ်သွားပြီ။ အလုပ်သမားတွေ သံသယဖြစ်တာက အဲဒီလူ ၇၀၀ နဲ့ အတူနေခဲ့တဲ့ မိသားစုတွေ အခန်းတွေ သံသယလူနာ မဖြစ်နိုင်ဘူးလား ဆိုတာကို စိုးရိမ်နေကြတာပေါ့။ အတူတူနေ အတူတူစားတဲ့ လူတွေမှာ မကူးနိုင်ဘူးလားဆိုပြီး Quarantine  စင်တာကို ပို့ပေးဖို့ တောင်းဆိုနေကြတယ်။ တောင်းဆိုနေတဲ့ကြားထဲ ရောဂါကူးစက်ခံနေရတဲ့ လူတွေကို လော့ဒေါင်းချတဲ့ ဝန်းထဲပြန်ပို့တယ်။ အဲဒီအချိန်မှာ ဆန္ဒပြကြတာပဲ။ အလုပ်သမားတွေ အမှန်အကန် တောင်းဆိုတာက သံသယလူနာတွေကိုပါ ခေါ်သွားဖို့ တောင်းဆိုတာ။ ဟိုကလူ ပြန်ခေါ်လာဖို့ တောင်းဆိုတာ မဟုတ်ဘူး။ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဆန္ဒပြတာက မြန်မာတွေ မဟုတ်ဘူး။ ထိုင်းတွေပါ။ လုပ်ငန်းရှင်တွေက ခေါ်သွားကြလို့ မြန်မာတွေက ပါလာတာ။

မေး - မြန်မာတွေ အများစုနေတဲ့နေရာမှာ ရောဂါပိုးက ပျံ့နှံ့နေကြတာဆိုတော့ မြန်မာတွေကို အပြစ်တင် ပြောဆိုကြတော့ မြန်မာလုပ်သားတွေ အဓိကရင်ဆိုင်နေရတဲ့ အခက်အခဲတွေကရော ဘာတွေရှိလဲ။

ဖြေ - မြန်မာတွေ ခိုးဝင်လို့ Positive မိပါတယ်ဆိုပြီး လုပ်ကြတော့ တချို့စျေးဆိုင်တွေမှာ မြန်မာတွေကို စျေးမရောင်းတာတို့၊ လိုင်းကားတွေမှာ မြန်မာဆိုရင် မစီးခိုင်းတာတို့ အဲဒီပြဿနာတွေ ရင်ဆိုင်နေရတယ်။ စက်ရုံအလုပ်ရုံတွေမှာဆိုရင် ရောဂါပိုး မရှိဘူးဆိုမှ ဝင်လို့ရတာ။ တခါတလေကြရင် ၁၄ ရက်ပေးလိုက်တာတို့ပါ ဖြစ်တယ်။ မြန်မာတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုက မင်းတို့ မြန်မာတွေမှာ ဒီရောဂါပိုးရှိတယ်။ ဒီစက်ရုံထဲ မဝင်နဲ့။ ဒီဘတ်စ်ကား မစီးနဲ့လို့ မပြောရုံတမယ်ပဲ။ ဒီဆိုင်မှာ မဝယ်စားနဲ့လို့ မပြောရုံတမယ်ပဲ။ အဲဒီလိုခံစားနေရတယ်။ အဲဒီစိန်ခေါ်မှုတွေအတွက် ရောဂါပိုး မရှိသူတွေကိုပါ စစ်ဆေးပေးဖို့အတွက် သက်ဆိုင်ရာ မိုဘိုင်းစင်တာတွေကို သတင်းပို့ထားတယ်။

မေး - တခြားအခက်အခဲတွေကရော ဘာတွေရှိသေးလဲ။

ဖြေ - လော့ဒေါင်းချထားတဲ့ နေရာက အလုပ်သမားတွေအတွက်ကတော့ အပြင်က လူတွေ ၀ိုင်းလှူကြတော့ စားရေးသောက်ရေးကတော့ အိုကေပဲ။ ဒါပေမဲ့ ပြဿနာကတော့ ငှားနေတဲ့ ဘော်ဒါဆောင်တွေ အခန်းခတွေပဲ။ အလုပ်သမားတွေက လော့ဒေါင်းချခံရပြီး အလုပ်မလုပ်ရတဲ့အတွက် အခန်းခ၊ ရေခ၊ မီးခတွေအတွက် အခက်အခဲ ဖြစ်နေတယ်။

မေး - လော့ဒေါင်းချထားတဲ့အတွက် မြန်မာအလုပ်သမား ဘယ်နှယောက်လောက် လက်ရှိ အလုပ်လက်မဲ့ ဖြစ်သွားကြလဲ။

ဖြေ - အလုပ်နားထားတဲ့ လူကတော့ တစ်သောင်းလောက် ရှိတယ်။ သဘောက လူတစ်သောင်းလောက် အလုပ်လက်မဲ့ ဖြစ်နေတယ်။ အဲဒီလူတွေ အလုပ်ပြန်ရဖို့ကတော့ အစိုးရအပေါ်မှာပဲ မူတည်တယ်။ စီးပွားရေးကို ဦးစားပေးမလား။ ရောဂါထိန်းချုပ်တာကို ဦးစားပေးမလား။ ဒီကာလကြီးကို အချိန်တိုတိုနဲ့ မြန်မြန် ဖြတ်ကျော်ဖို့ လိုနေတယ်။ အဲဒါကို နှစ်နိုင်ငံအစိုးရ ညှိနှိုင်းမှရမယ်။ မဟုတ်ရင် လော့ဒေါင်းကာလတွေ တိုးနေမှာပဲ။ သေချာတာကတော့ ရောဂါပိုးကင်းရှင်းကြောင်း လက်မှတ်ပါရင် အလုပ်ဝင်ခိုင်းတာတို့ လုပ်သင့်တယ်။ ရောဂါပိုး ကင်းရှင်းကြောင်းကလည်း အစိုးရက မပေးဘူး။ ပုဂ္ဂလိက ဆေးရုံတွေကပဲ ပေးတယ်။ အဲဒီတော့ အလုပ်သမားတွေက အလုပ်နားခံပြီးပဲ နေမလား။ ပိုက်ဆံအကုန်အကျခံ စစ်ဆေးပြီး အလုပ်လုပ်မလား တွေးစရာ ဖြစ်လာတယ်။               

Most Read

Most Recent