ပဲခူးအကျဉ်းထောင်မှ ထောင်သား ၇၇ ဦးတွင် COVID-19 ရောဂါပိုး ထပ်မံတွေ့ရှိပြီးနောက် အကျဉ်းထောင်ကို Lockdown ပြုလုပ်ထား

ပဲခူးအကျဉ်းထောင်မှ ထောင်သား ၇၇ ဦးတွင် COVID-19 ရောဂါပိုး ထပ်မံတွေ့ရှိပြီးနောက် အကျဉ်းထောင်ကို Lockdown ပြုလုပ်ထား
Published 8 January 2021
မောင်အေး (ပဲခူး)

ပဲခူးအကျဉ်းထောင်ရှိ ထောင်သား ၇၇ ဦးတွင် COVID-19 ရောဂါပိုး ထပ်မံတွေ့ရှိပြီးနောက် အကျဉ်းထောင်ကို Lockdown ပြုလုပ်ထားကြောင်း ပဲခူးထောင်ပိုင်ကြီးက ပြောကြားသည်။

ဇန်နဝါရီ ၁ ရက်က ပဲခူးအကျဉ်းထောင်၌ ထောင်သား ၅၆ ဦးတွင် COVID-19 ရောဂါ ပိုးတွေ့ရှိခဲ့ပြီး ကူးစက်ခံရသူများထဲမှတစ်ဦး သေဆုံးသွားပြီးနောက် ကူးစက်ခံရသူများ အပါအဝင်ထောင်သား ၁၆၉ ယောက်အား ဒိုက်ဦးမြို့အနီး ကျိုက်စကောအကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့သည်။

အကျဉ်းထောင်သား ၁၆၉ ဦးအား အချုပ်ကား ခုနစ်စီး၊ ပွိုင့်ကားတစ်စီး၊ လုံခြုံရေးကား နှစ်စီး စုစုပေါင်း ၁၀ စီးဖြင့် ကျိုက်စကော အကျဉ်းထောင်သို့ ပို့ဆောင်ခြင်းဖြစ်ကြောင်း၊ ရောဂါကူးစက်ခံရပြီး သေဆုံးခဲ့သည့် အကျဉ်းသားမှာ ၂၂ နှစ်အရွယ် အမျိုးသားဖြစ်သည်။

ရောဂါပိုးတွေ့ရှိခဲ့သည့် အကျဉ်းသား ၇၇ ဦးတွင် PCR test ဖြင့် ၇၄ ဦး RDT test ဖြင့်လေးဦးအား စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ပဲခူးမြို့နယ် ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်များအရသိရပြီး ဇန်နဝါရီ ၁ ရက်တွင် တွေ့ရှိခဲ့သော ၅၆ ဦးအပါအဝင် ၁၃၃ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

“ထောင်ပိုင်တောင် ထောင်ထဲဝင်လို့မရဘူး။ အပြင်ကနေ ဘာမှပို့လို့မရဘူး။ ဝင်ရင် သတင်းပို့ပြီးမှဝင်ရတယ်။ စားနပ်ရိက္ခာတွေကိုလည်း လော့ဒေါင်းမချခင် အထဲမှာ အကုန်လုံးပုံထားတယ်။ အကုန်လုံး လော့ဒေါင်းချထားတယ်” ဟု ပဲခူးအကျဉ်းထောင် မှထောင်ပိုင်ကြီးက ပြောကြားသည်။

ထို့ပြင် ဇန်နဝါရီ ၇ ရက် တစ်ရက်တည်းမှာပင် ပဲခူးမြို့နယ်အတွင်း COVID-19 လူနာ ၁၀၀ ဦးတွေ့ရှိခဲ့ရာ လက်ရှိအချိန်ထိပဲခူးမြို့နယ်အတွင်း ၂၇၁၃ ဦး ကူးစက်ခံခဲ့ရပြီး ၂၁ ဦးသေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent