ကန်ထရိုက်စနစ် ဖျက်သိမ်းပြီးနောက် ရွှေတိဂုံစေတီတော်၏ ဘဏ္ဍာငွေများ နှစ်စဉ်တိုးတက်လာပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ မှ အောက်တိုဘာအထိ ကျပ် ၉၄ ဒသမ ၁၂ ဘီလျံ ရရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၏ ပြောကြားချက်အရ သိရသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ငါးနှစ် (၂၀၁၆-၂၀၂၁) တာ ကာလအတွင်း စိုက်ထူခဲ့သည့် မှတ်တိုင်များအကြောင်း ပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး အဆိုပါ အင်တာဗျူးဗီဒီယိုကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဇန်နဝါရီ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ အင်တာဗျူးတွင် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက “ဟိုတုန်းက ဂြိုဟ်ရှစ်ခွင် ခေတ်အဆက်ဆက်ပေါ့လေ။ တစ်နှစ်လုံးရတဲ့ လေလံကြေးက ကျွန်တော်တို့ သိန်း ၅၀၀ မကျော်ပါဘူး။ အခုကန်ထရိုက်စနစ် ဖြုတ်ပြီးမှ သော့ခတ်ပြီး အလှူခံပုံးချတဲ့စနစ် ကျင့်သုံးလိုက်တဲ့ အခါကျတော့ သိန်း ၅၀၀ က တစ်နှစ် တစ်နှစ်မှာပေါ့လေ။ ၀ါဆိုလပြည့်နေ့တို့ သီတင်းကျွတ်လပြည့်နေ့တို့၊ တန်ဆောင်မုန်းလပြည့်တို့၊ အခါကြီးရက်ကြီး သုံးရက်နဲ့ကို သိန်း ၅၀၀ မက ရပါတယ်။ အခုကျတော့ ငွေပမာဏသည် အဆတစ်ရာမက တက်သွားပါတယ်။ ကျန်တဲ့လုပ်ငန်းတွေမှာလည်းပဲ အဲဒီအတိုင်းပါပဲ ။ ဖိနပ်အပ်တဲ့လုပ်ငန်းလည်း အဲဒီလိုပေါ့။ ကျွန်တော်တို့က ကန်ထရိုက် မပေးတော့ဘူး။ ဖိနပ်အပ်တယ်။ ဝန်ထမ်းထားပေးတယ်။ ကောင်းစွာ ဝန်ဆောင်မှုပေးတယ်။ အလှူငွေ ထည့်ချင်ထည့် မထည့်ချင်နေ။ အဲဒီတော့ အလှူငွေ ထည့်သွားတဲ့ဟာကို ဖွင့်စစ်လိုက်တဲ့အခါမှာ ကန်ထရိုက်လုပ်ငန်းနဲ့ကို ၁၀ ဆမက အလှူငွေ ပိုရပါတယ်။ အဲဒီလိုပေါ့ ကျွန်တော်တို့က တစ်ဖက်က လိုအပ်တာတွေကို အပြည့်အဝ တည်ဆောက်တယ်။ တစ်ဖက်က အလေအလွင့် မရှိအောင် ထိန်းသိမ်းလိုက်တဲ့အခါမှာ စေတီတော်မြတ်ကြီးရဲ့ ဘဏ္ဍာတော်ငွေက ကျွန်တော်တို့ စတင်လက်ခံ ဆောင်ရွက်တုန်းက ၂၀၁၆ ခုနှစ်မှာ ၅၈ ဘီလျံလောက် ရှိပါတယ်။ နောက် ၂၀၁၇ ခုနှစ်မှာ ၆၅ ဘီလျံ လောက်အထိ တက်ပါတယ်။ ၂၀၁၈ မှာ ၇၃ ဒသမ ၉၆ ဘီလျံလောက် ရှိပါတယ်။ နောက် ၂၀၁၉ ခုနှစ်မှာ ၈၉ ဒသမ ၈၇ ဘီလျံ ရှိပါတယ်။ ၂၀၂၀ ပြည့်နှစ်ကျ အောက်တိုဘာအထိ ၉၄ ဒသမ ၁၂ ဘီလျံအထိ တက်လာခဲ့ပါတယ်။ ပို၍ ကောင်းအောင်၊ ပို၍လုံခြုံအောင်၊ ပို၍အဆင့်မြင့်အောင် ကျွန်တော်တို့ တည်ဆောက်ပါတယ်။ သို့သော်လည်း ရန်ပုံငွေက ကုန်မသွားပါဘူး။ တိုး၍တိုး၍သာ လာနေပါတယ်။ ဒါကျပ်ငွေ တစ်ခုပဲ ရှိပါသေးတယ်။ အမေရိကန်ဒေါ်လာလည်း ဘာပြောပြော သန်း ၂၀ လောက် ရှိနေပါသေးတယ်။ ကျန်တဲ့ငွေတွေလည်း ရှိနေပါသေးတယ်”ဟု ထည့်သွင်း ပြောကြားသည်။
ထို့ပြင် ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဝတ္တကမြေ လုံခြုံရေးစနစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအတွက် တင်ဒါခေါ်ယူ ဆောင်ရွက်ခဲ့ပြီး ညမြင်ကွင်း ကြည်လင်ပြတ်သားစွာ ကြည့်ရှုနိုင်သည့် မြင်ကွင်း ၃၆၀ ဒီဂရီလှည့်နိုင်သော Drome Camera များနှင့် Fix Camera များ Number Plate Detection and recognition စနစ်၊ Abandoned Objects detection စနစ်၊ Intrusion detection စနစ် နှင့် အခြားစနစ်များ၊ မြင်ကွင်းအနီးအဝေး ပြုလုပ်နိုင်သော IP Camera များ၊ Detection စနစ် ပါဝင်သော ကင်မရာများ၊ Counting စနစ် ပြုလုပ်နိုင်သော ကင်မရာများ၊ စုစုပေါင်း အလုံး ၃၅၀ ကို စေတီတော်ကြီး၏ ရင်ပြင်၊ အရှေ့၊ အနောက်၊ တောင်၊ မြောက် စောင်းတန်းများ၊ ဓာတ်လှေကားဝင်ထွက် နေရာများ၊ ယာဉ်ရပ်နားကွင်း ဝင်ထွက်နေရာများနှင့် ယာဉ်ရပ်နားကွင်း၊ အာဇာနည်ဗိမာန်တို့အား ကောင်းမွန်စွာ မြင်တွေ့နိုင်မည့် နေရာများတွင် တပ်ဆင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန မှ သိရသည်။
ထိုနည်းတူ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ကပ်လှူပူဇော်သော ရွှေစင်ရွှေပြား ကပ်လှူခြင်းနှင့် ပတ်သက်၍ ရှေးယခင် ဘုရင်အဆက်ဆက်ကပင် ရွှေသင်္ကန်းတော်များ ဆက်ကပ်လှူဒါန်းခဲ့ရာမှ မင်းတုန်းမင်း လက်ထက်တွင် ထီးတော်အသစ် တင်လှူပြီး ငှက်ပျောဖူးမှစ၍ ရွှေဆိုင်းပေါင်း ၂၃၀၀၀ ကျော်ရှိကြောင်း၊ ရွှေတိဂုံစေတီတော်မြတ်ကြီးအား အင်္ဂလိပ်တို့၏ ကျူးကျော်စစ်ပွဲများကြောင့် ပျက်စီးယိုယွင်းခဲ့ရာ ၁၈၉၉ ခုနှစ်မှ စတင်၍ အချိန်ကာလသင့်သလို ရွှေစင်ရွှေသားပေး၍ ရွှေပြားခတ်လုပ်ပြီး ရွှေတိဂုံစေတီတော်မြတ်ကြီး ပိုမိုတင့်တယ် ကြည်ညိုဖွယ်ရှိစေရန်အတွက် ရွှေပြားသင်္ကန်းတော် (Gold Plate) များကို စတင်ပြောင်းလဲ ကပ်လှူခဲ့သည်ဟု လေ့လာတွေ့ရှိရကြောင်း ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ရွှေစင်ရွှေပြား (Gold Plate) များအား ထီးတော်မှ ငှက်ပျောဖူး အောက်ခြေအထိ ကပ်လှူပူဇော်ထားခဲ့ရာ နှစ်ပေါင်း ၁၀၀ ကျော် ကြာမြင့်သည်အထိ ပျက်စီးမှုမရှိကြောင်း လေ့လာတွေ့ရှိရကြောင်း ယခုအစိုးရ လက်ထက်တွင် ရွှေတိဂုံစေတီတော်မြတ်ကြီး၌ အရည်အသွေးပြည့်မီသော အသားတင် တစ်ပေပတ်လည် ရွှေစင်ရွှေပြားများဖြင့် တာရှည်တည်တံ့ ခိုင်မြဲစွာ ရွှေသင်္ကန်းများ ကပ်လှူနိုင်ရေးနှင့် ရွှေစင်ရွှေပြားများ စတင်ထုတ်လုပ်ရာတွင် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေးတို့အတွက် ရွှေတိဂုံစေတီတော် အောက်ပစ္စယံ တောင်ဘက်တွင် ရွှေပြားကြိတ်စက်ရုံ တည်ဆောက်၍ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် နိုင်ငံတော်သမ္မတက တက်ရောက် ဖွင့်လှစ်ခဲ့ပြီး ၂၀၁၉ မတ် ၁၈ ရက်မှစ၍ ရွှေစင်ရွှေပြားများကို စတင်ထုတ်လုပ်ခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းနောက် ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ရွှေတိဂုံစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းတော် ကပ်လှူပူဇော်ပြီးစီးမှု အထိမ်းအမှတ် ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းနှင့် မဟာကုသိုလ်တော် အောင်ပွဲ ရေစက်သွန်းလောင်း အခမ်းအနားကို ၂၀၁၉ ဇွန် ၁၇ ရက်တွင်ပြုလုပ်ခဲ့ပြီး ရွှေသားအလေးချိန် ၃၄၈ ပိဿာ ၂၉ ကျပ် ၃ ပဲ ၁ ရွေး၊ ရွှေစင်ပြား (Gold Coating) ၂၀၂၆၇ ချပ်၊ ရွှေပြား (Gold Plating) ၁၉၀၀ ချပ် စုစုပေါင်း ၂၂၁၆၇ ချပ်၊ ပစ္စယာရှစ်မြှောင့်တွင် ရွှေမျက်ပါးရာဆိုင်းများ (Gold Foil) ၁၇၆၉၉ ဆိုင်း၊ စေတီတော်ကြီး ရွှေပြုပြင် ဖြည့်စွက်လုပ်ငန်းတွင် ၆၇၆ ဆိုင်း စုစုပေါင်း ရွှေဆိုင်း ၁၈၃၇၅ ဆိုင်း ကပ်လှူ ပူဇော်ခဲ့သည်။ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော် ကြည်ညိုရာတွင် စိတ်အေးချမ်းသာစွာ ဖူးမြော် ကြည်ညိုနိုင်စေရန် နေပူခံ စကျင်ကျောက်ပြား အစားထိုးလဲလှယ်ခြင်းလုပ်ငန်းတွင် ၆၆၁၅၉၅ စတုရန်းပေအတွက် စကျင်ကျောက်ပြား ၇၀၇၈၈ ချပ် လဲလှယ်နိုင်ခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်သည်။















