COVID-19 အခြေအနေအရ အိမ်ရာချေးငွေ ရယူထားသူများ ချေးငွေပေးဆပ်ရာတွင် အဆင်ပြေစေရန် ဇန်နဝါရီလအတွင်း ပေးသွင်းရမည့် လစဉ်အိမ်ရာ ချေးငွေများကို ပေးဆပ်ရမည့် သတ်မှတ် နောက်ဆုံးရက်မှ ထပ်တိုး ၁၅ ရက်ကို နောက်ကျကြေး ကောက်ခံခြင်းမပြုဘဲ ရွှေ့ဆိုင်းလက်ခံပေးမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်၊ ဘဏ်ခွဲအသီးသီးတွင် အိမ်ရာချေးငွေ ရယူထားသူများအနေဖြင့် လတ်တလော ဖြစ်ပေါ်နေသည့် COVID-19 အခြေအနေအရ လစဉ်ပေးဆပ်ငွေကို လက်ရှိ သတ်မှတ်ထားသည့် နောက်ဆုံးရက်မတိုင်မီ ပေးသွင်းရန် အခက်အခဲများ ရှိနိုင်မည်ဖြစ်သဖြင့် ၂၀၂၀ ပြည့်နှစ် ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာလများအတွင်း ပေးသွင်းရမည့် လစဉ်အိမ်ရာ ချေးငွေများကို ပေးဆပ်ရမည့် သတ်မှတ် နောက်ဆုံးရက်မှ ထပ်တိုး ၁၅ ရက်ကို နောက်ကျကြေး ကောက်ခံခြင်းမပြုဘဲ ရွှေ့ဆိုင်းလက်ခံ ဆောင်ရွက်ပေးခဲ့သည်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်း ပေးသွင်းရမည့် လစဉ်အိမ်ရာ ချေးငွေများကိုလည်း ပေးဆပ်ရမည့် သတ်မှတ်ရက်မှ ထပ်တိုး ၁၅ ရက်ကို ရွှေ့ဆိုင်းပေးခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ဆောက်ထားသည့် ရွှေလင်ပန်း၊ ထီးလှိုင်ရှင်၊ ကနောင်နှင့် သီလဝါအိမ်ရာရှိ တန်ဖိုးနည်း ၊တန်ဖိုးသင့်အခန်း ၃၈၈ ခန်းကို ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ် (CHID) တွင် အိမ်ရာစု ဆောင်းငွေ ကျပ်သိန်း ၃၀ နှင့်အထက်ရှိသူများအား အတိုးနှုန်း သက်သာသောချေးငွေဖြင့် ဒီဇင်ဘာတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တည်ဆောက်ထားသည့် လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းအပိုင်း (၁)၊ (၂)၊ ကျန်စစ်မင်းအပိုင်း (၁)၊ ထီးလှိုင်ရှင်အိမ်ရာ၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ကနောင်အိမ်ရာ၊ သန်လျင်-ကျောက်တန်းမြို့နယ် သီလဝါအိမ်ရာတိုု့ရှိ တန်ဖိုးနည်း၊ တန်ဖိုးသင့်အခန်း ၃၈၈ ခန်းကို ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ် (CHID) တွင် အိမ်ရာစုဆောင်းငွေ ကျပ်သိန်း ၃၀ နှင့် အထက်ရှိသူများကို အတိုးနှုန်းသက်သာသော ချေးငွေအစီအစဉ်ဖြင့် ဒီဇင်ဘာတွင် ရောင်းချပေးခဲ့သည့် အစီအစဉ်များ ထုတ်ပြန်ကြေညာခဲ့သည်။
အရောင်းအိမ်ရာနှင့် အငှားအိမ်ရာများမှ စုစုပေါင်းအိမ်ရာ ထုတ်လုပ်မှုအနေဖြင့် ၂၀၁၉ ခုနှစ်အတွင်း အခန်း ၄၁၃၆၉ ခန်းရှိပြီး ကိုးနှစ်အတွင်း အိမ်ရာအခန်းများ စံချိန်တင်ထုတ်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၁၉ ခုနှစ်အတွင်း အရောင်းအိမ်ရာ အခန်းပေါင်း၂၆၉၆၉ ခန်းနှင့် အငှားအိမ်ရာ အခန်းပေါင်း ၁၄၄၀၀ ခန်းဖြင့် စုစုပေါင်း ၄၁၃၆၉ ခန်း ထုတ်လုပ်ခဲ့သည်။
လက်ရှိ အစိုးရလက်ထက် ဆောင်ရွက်ဆဲ ပြည်သူ့အိမ်ရာစီမံကိန်းမှ အခန်းပေါင်း ၁၀၀၀၀ အပါအဝင် ၂၀၁၁ ခုနှစ်မှလက်ရှိ အချိန်အထိ အရောင်းအိမ်ရာနှင့် အငှားအိမ်ရာများမှ စုစုပေါင်းအိမ်ရာ အခန်းပေါင်း ၅၅၆၀၀ ထုတ်လုပ်ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။















