မြိတ်မြို့နယ်တွင် တစ်နေ့တည်း မီးလောင်ကျွမ်းမှု နှစ်ခုဖြစ်ပွားခဲ့ပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်များ မီးလောင်ကျွမ်းခံခဲ့ရကြောင်း သိရသည်။
မြိတ်ခရိုင် မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စုနှင့် သမုတ်ကျေးရွာအုပ်စုများတွင် ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်းက မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး စန္ဒဝတ်ကျေးရွာအုပ်စု ကျွဲကူးဇက်ဆိပ်လမ်းရှိ ကျွဲကူးကျောင်းတိုက်တွင် လျှပ်စစ်မီးပလပ်ခုံ အပူလွန်ကဲပြီး ဇန်နဝါရီ ၃ ရက် နံနက် ၈ နာရီခန့်တွင် မီးလောင်ကျွမ်းခဲ့ရာ ဘုန်းကြီးကျောင်းရှိ အုတ်တိုက်တစ်ထပ် ဓမ္မာရုံတစ်လုံး၊ အုတ်တိုက် နှစ်ထပ် ဆရာတော်အဆောင် အပေါ်ထပ်တို့ မီးလောင်ကျွမ်းခံခဲ့ရကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုဖြစ်ရာသို့ ခလရ ၁၀၁ မှ တပ်မတော်သားများ၊ မြိတ်ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးသတ်ယာဉ်များ၊ ရပ်ကွက်မီးသတ်တပ်ဖွဲ့များမှ မီးသတ်ယာဉ်များ၊ ဒေသခံများ ပူးပေါင်းငြိှမ်းသတ်မှုကြောင့် နံနက် ၉ နာရီခန့်တွင် မီးငြိှမ်းနိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိဘဲ ကျပ် ၉၂ သိန်းကျော် ဆုံးရှုံးမှုရှိခဲ့ကြောင်း တာဝန်ရှိသူများက သတင်းထုတ်ပြန်ခဲ့သည်။
မြိတ်မြို့နယ် သမုတ်ကျေးရွာအုပ်စု မော်စုန်းရပ်ရှိ ဒေါ်အင်ဟုန်နေအိမ်တွင်လည်း ဇန်နဝါရီ ၃ ရက် နံနက် ၁၀ နာရီခွဲခန့်က ထမင်းအိုးချက်ပြုတ်ရာမှ မီးလောင်ကျွမ်းခဲ့ရာ နေအိမ်တစ်လုံး ဆုံးရှုံးခဲ့ကြောင်း သိရသည်။ မီးလောင်ကျွမ်းမှု ဖြစ်ပွားရာသို့ သမုတ်နယ်မြေ မီးသတ်ဦးစီးဌာန၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံများ ပူးပေါင်းပြီး မီးငြိှမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၃၅ မိနစ်တွင် မီးငြိှမ်းနိုင်ခဲ့ကြောင်း သိရသည်။















