မန္တလေးခရိုင်၌ COVID-19 အတည်ပြုလူနာသစ်‌ တွေ့ရှိမှုမှာ ယခုရက်ပိုင်းအတွင်း ဦးရေ ၁၅၀ အောက်အထိ လျော့နည်းလာ

မန္တလေးခရိုင်၌ COVID-19 အတည်ပြုလူနာသစ်‌ တွေ့ရှိမှုမှာ ယခုရက်ပိုင်းအတွင်း ဦးရေ ၁၅၀ အောက်အထိ လျော့နည်းလာ
မန္တလေးမြို့ ဧရာစင်တာ COVID-19 ရောဂါအထူးကြပ်မတ် ကုသဆောင် (ICU) တွင် ကျန်းမာရေး ဝန်ထမ်းများက ရောဂါပြင်းထန်စွာ ခံစားရနေသူများအား ကုသစောင့်ရှောက်မှုများ ပေးနေစဉ် (ဓာတ်ပုံ -ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန)
မန္တလေးမြို့ ဧရာစင်တာ COVID-19 ရောဂါအထူးကြပ်မတ် ကုသဆောင် (ICU) တွင် ကျန်းမာရေး ဝန်ထမ်းများက ရောဂါပြင်းထန်စွာ ခံစားရနေသူများအား ကုသစောင့်ရှောက်မှုများ ပေးနေစဉ် (ဓာတ်ပုံ -ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန)
Published 31 December 2020
လဲ့လဲ့အောင်

မန္တလေးခရိုင်၌ COVID-19 အတည်ပြုလူနာသစ်‌ တွေ့ရှိမှုမှာ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၁ ရက်မှစတင်ကာ ဦးရေ တစ်ရာကျော်အထိ လျော့ကျလျက်ရှိရာ ယခုရက်ပိုင်းအတွင်း တစ်ရက်အတွင်း လူနာသစ်တွေ့ရှိမှုမှာ ဦးရေ ၁၅၀ အောက်အထိ လျော့နည်းသွားကြောင်း တိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း COVID-19 အတည်ပြုလူနာသစ် တွေ့ရှိမှုမှာ ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းမှ ဒီဇင်ဘာလလယ်အတွင်းထိ တစ်ရက်လျှင် ဦးရေ ၂၀၀ ကျော်မှ ၃၀၀ နီးပါးထိ ေတွေ့ရှိလျက်ရှိခဲ့ရာမှ လျော့နည်းသွားခဲ့ခြင်း ဖြစ်သည်။

COVID-19 လူနာသစ်တွေ့ရှိမှု လျော့နည်းလာသော်လည်း ကုသမှုခံယူနေသည့် ပိုးတွေ့လူနာများထဲမှ နေ့စဉ်သေဆုံးမှု ရှိနေသည့်အတွက် သေဆုံးသူဦးရေမှာ များပြားလာပြီး ဒီဇင်ဘာ ၂၉ ရက်နေ့အထိ စာရင်းများအရ မန္တလေးခရိုင် အတွင်း၌ သေဆုံးသူဦးရေ စုစုပေါင်း ၂၁၉ ဦး အထိရှိကြောင်း သိရသည်။

ခရိုင်အတွင်း နေ့စဉ်ပိုးတွေ့လူနာသစ် စာရင်းများအရ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ၁၄၂ ဦး၊ ဒီဇင်ဘာ ၂၇ ရက်တွင် ၉၃ ဦး၊ ဒီဇင်ဘာ ၂၈ ရက်တွင် ၁၄၄ ဦး၊ ဒီဇင်ဘာ ၂၉ ရက် တွင် ၁၂၅ ဦးရှိခဲ့ပြီး လက်ရှိအထိ မန္တလေးခရိုင် အတွင်း၌ ပိုးတွေ့အတည်ပြု ဖြစ်ပွားသူ ဦးရေပေါင်း ၁၀၇၆၅ ဦးရှိခဲ့ကာ ဆေးရုံများတွင် ကုသမှု ခံယူနေသည့် ဦးရေ စုစုပေါင်း ၁၇၁၀ ဦးရှိကြောင်း၊ တိုင်းဒေသကြီး တစ်ခုလုံး အနေဖြင့် အတည်ပြုဖြစ်ပွားသူ ဦးရေ ၁၃၁၈၇ ဦးရှိပြီး သေဆုံးသူဦးရေ စူစုပေါင်း ၂၅၅ ဦးရှိကာ ကုသမှုခံယူနေသည့်လူနာ ၂၀၂၁ ဦးရှိကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်များအရ ဒီဇင်ဘာ ၂၀ ရက်မှ ၂၉ ရက်နေ့အတွင်း နေ့စဉ်စစ်ဆေးသော ဓာတ်ခွဲနမူနာမှာ တစ်ရက်ပျမ်းမျှ ၂၀၃၁၂ ခု ရှိပြီး ပိုးတွေ့ရာခိုင်နှုန်းမှာ ၄ ဒသမ ၆ ရာခိုင် နှုန်းမှ ၃ ဒသမ ၄ ရာခိုင်နှုန်းအထိရှိပြီး ဒီဇင်ဘာ တတိယပတ်အတွင်း၌ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပိုးတွေ့ဦးရေ လျော့နည်းလာသည်ကို တွေ့ရှိရသည်။

 

Most Read

Most Recent