လှိုင်းဘွဲ့မြို့နယ် မဲဆန္ဒနယ် (၂) ၏ ရွေးကောက်ပွဲရလဒ်အပေါ် သံသယရှိသော်လည်း အထောက်အထားမပြည့်စုံ၍ ကန့်ကွက်လွှာတင်သွင်းခြင်းမရှိဟု KNDP ပါတီဥက္ကဋ္ဌ ပြောကြား

လှိုင်းဘွဲ့မြို့နယ် မဲဆန္ဒနယ် (၂) ၏ ရွေးကောက်ပွဲရလဒ်အပေါ် သံသယရှိသော်လည်း အထောက်အထားမပြည့်စုံ၍ ကန့်ကွက်လွှာတင်သွင်းခြင်းမရှိဟု KNDP ပါတီဥက္ကဋ္ဌ ပြောကြား
Published 29 December 2020
ဉာဏ်လင်းထွန်း

အထွေထွေရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၉ ရက် မွန်းလွဲပိုင်းခန့်တွင် အနိုင်ရရှိကြောင်း သတင်းထွက်ပေါ်ပြီးမှ ညနေပိုင်းတွင် ရှုံးနိမ့်ခဲ့သည့် လှိုင်းဘွဲ့မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ၏ ရလဒ်အပေါ်သံသယရှိကြောင်း ယင်းမဲဆန္ဒနယ်၏ လွှတ်တော်ကိုယ်စားလှယ်လောင်း ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) ဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။

“ ၉ ရက်နေ့ မွန်းလွဲတစ်နာရီလောက်မှာ ကျွန်တော်နိုင်တယ်ဆိုပြီးတော့ ဖေ့ဘွတ်ခ် တစ်နေရာကနေ ထွက်လာတယ်။ မွန်းလွဲ ၄ နာရီကျော်လောက်မှာ မြို့နယ် (ကော်မရှင်) က ခေါ်ခိုင်းတယ်လို့ ကျွန်တော့်ကို လှိုင်းဘွဲ့မြို့နယ်က ပါတီဥက္ကဋ္ဌက တရားဝင်လက်မှတ်ထိုးဖို့တဲ့မဲစာရင်းတွေကို ကျွန်တော်နိုင်လို့ လားဆိုတော့ ဆရာနိုင်လို့ပဲ ဖြစ်မှာပေ့ါ။ မြို့နယ်ကော်မရှင်က ခေါ်ပြီးလက်မှတ်ထိုးခိုင်းတယ်ဆိုတော့။ အဲဒီလိုဆိုတော့ ကျွန်တော် သွားလိုက်တယ်။ ၅ နာရီဝန်းကျင်လောက်မှာ သွားကြည့်လိုက်တဲ့အခါကျတော့ မဲပေါင်း ၁၃၇၀ နဲ့ ရှုံးတယ်။ နောက် ကျွန်တော့်မိတ်ဆွေတစ်ယောက်က ငါးမဲနဲ့ ရှုံးတယ်။ အမျိုးသားလွှတ်တော် စောမြင့်ဟန်ဆိုတာ။ အဲဒီတော့ ကျွန်တော့်လည်း စိတ်ထဲမှာလည်း မကြေညက်ဘူးပေါ့လေ။ မွန်းလွဲတုန်းကတော့ နိုင်တယ် ပြောထားပြီးတော့ ညနေပိုင်းကျတော့ ရှုံးတယ်ဆိုတော့ အတည်ပြုလက်မှတ်ထိုးတဲ့ နေရာမှာမထိုးဘူး” ဟု KNDP ပါတီ ဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။

လှိုင်းဘွဲ့မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) တွင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်း လေးဦးနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတစ်ဦးတို့ ယှဉ်ပြိုင်ခဲ့ကြပြီး NLD ပါတီမှ ကိုယ်စားလှယ်လောင်း ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်က ဆန္ဒမဲ ၂၀၄၉၉ ဖြင့် အများဆုံးရရှိအနိုင်ရပြီး KNDP ပါတီ ကိုယ်စားလှယ်လောင်း ဦးမန်းအောင်ပြည်စိုးက ဆန္ဒမဲ ၁၉၁၂၉ မဲဖြင့် ဒုတိယနေရာရရှိခဲ့သည်။

“ ကျွန်တော် နိုင်ပါတယ်လို့ ကြေညာတဲ့ဟာက ဘာအထောက်အထားနဲ့လဲဆိုတော့ ဒါဟာ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနဲ့ ညှိနှိုင်းရရှိထားသောအဖြေများဖြစ်သည်။ သို့သော် UEC ကတော့ တရားဝင် မထုတ်ပြန်သေးဘူးဆိုတော့။ ကျွန်တော်တို့ အကြမ်းဖျဉ်းသိထားတာက ဒီ Result တွေကို ပြည်နယ်ထွေအုပ်ကို အဆက်မပြတ် အချိန်နဲ့ တစ်ပြေးညီပို့ထားတယ်ဆိုတော့ ခုနက (ဖေ့ဘွတ်ခ်) တင်တဲ့လူကလည်း နည်းနည်းအချိတ် အဆက်ရှိတဲ့ သဘောမျိုးပေါ့။ အဲဒီလိုဖြစ်ပြီး သိပြီးနောက်မှ ညနေ ၅ နာရီလောက်ကျ ပြန်ရှုံးတယ်ဆိုတဲ့အခါကျတော့ ကျွန်တော့်မှာ သံသယတွေက အများကြီးဝင်လာတယ်” ဟု ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။

ရွေးကောက်ပွဲရလဒ်အပေါ် သံသယရှိသော်လည်း သက်သေအထောက်အထား အပြည့်အစုံမရှိ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်သွင်းခြင်း မရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ မတင်တော့ဘူး။ သို့ပေမဲ့ စိတ်ထဲမှာတော့ မချမ်းမမြေ့နဲ့ မကျေမနပ်နဲ့ မသမာမှုတွေ ရှိနေတယ်ဆိုတဲ့ဟာကတော့ စိတ်ထဲမှာ အခုထက်ထိ ကိန်းဝပ်နေတုန်းပဲ” ဟု ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။

NLD ပါတီကိုယ်စားလှယ်လောင်း ဦးစောချစ်ခင်သည် ရွေးကောက်ပွဲနေ့ မဲရုံမဲရလဒ်တွင် KNDP ပါတီ ကိုယ်စားလှယ်လောင်းထက် လျော့နည်းသော်လည်း ကြိုတင်မဲအားသာချက်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရ ဦးစောချစ်ခင်သည် မဲရုံမဲ ၁၅၃၁၁ နှင့် ကြိုတင်မဲ ၅၁၈၈ မဲရရှိခဲ့ပြီး ဦးမန်းအောင်ပြည်စိုးမှာ မဲရုံမဲ ၁၅၃၄၀ နှင့် ကြိုတင်မဲ ၃၇၈၉ မဲရရှိခဲ့သည်။

“ ဒီဥစ္စာက မြို့နယ်ကော်မရှင်ကလည်း ထုတ်ပြန်ပြီလေ။ မဲစာရင်းတွေ၊ မဲရလဒ်လေ၊ ပြည်နယ်ကော်မရှင်ကလည်း ထုတ်ပြန်ပြီးပြီဆိုတော့ သူသိပါတယ်။ အားလုံးပွင့်ပွင့်လင်းလင်း၊ သိသာထင်ရှားတဲ့ကိစ္စပဲလေ။ ဘာမှပြောစရာ အကြောင်းမရှိပါဘူး” ဟု လှိုင်းဘွဲ့မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) အနိုင်ရလွှတ်တော်ကိုယ်စားလှယ် ဦးစောချစ်ခင်က တုံ့ပြန်ပြောကြားသည်။

လှိုင်းဘွဲ့မြို့နယ် မဲဆန္ဒနယ် (၂) ရလဒ်အပေါ် ကိုယ်စားလှယ်လောင်းအချို့ သံသယရှိမှုနှင့်ပတ်သက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဇော်ညွန့်ကလည်း “အဲဒီကိစ္စ ကျွန်တော်တို့ ပြောစရာမရှိပါဘူး။ ဒီကိစ္စတွေကအပြင်မှာ ဖြစ်နေတဲ့ကိစ္စ။ ကျွန်တော်တို့နဲ့ မပတ်သက်ဘူးလေ။ ကျွန်တော်တို့က တစ်ကြိမ်တည်းပဲ။ အပြီးပဲလုပ်တာလေ” ဟု ပြောကြားသည်။

ကရင်ပြည်နယ်အတွင်း မဲဆန္ဒနယ်အများစုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က အနိုင်ရရှိပြီး ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) မှာ အနိုင်ရမဲ ဆန္ဒနယ်မရှိခဲ့ပေ။

Most Read

Most Recent