အာခေါင်တို့ဖတ် နမူနာရယူစစ်ဆေးခြင်းတွင် ပါဝင်စစ်ဆေးခြင်းမရှိပါက အများပြည်သူဆိုင်ရာ အန္တရာယ်ပေးသည့်ပြစ်မှုအရ ပြင်းထန်စွာအရေးယူမည်ဟု မိုင်းလားအဖွဲ့ကြေညာ

အာခေါင်တို့ဖတ် နမူနာရယူစစ်ဆေးခြင်းတွင် ပါဝင်စစ်ဆေးခြင်းမရှိပါက အများပြည်သူဆိုင်ရာ အန္တရာယ်ပေးသည့်ပြစ်မှုအရ ပြင်းထန်စွာအရေးယူမည်ဟု မိုင်းလားအဖွဲ့ကြေညာ
Published 28 December 2020
မင်းနိုင်စိုး

အာခေါင်တို့ဖတ်နမူနာရယူစစ်ဆေးခြင်းတွင် ပါဝင်စစ်ဆေးခြင်းမရှိပါက အများပြည်သူဆိုင်ရာ အန္တရာယ်ပေးသည့် ပြစ်မှုအရ ပြင်းထန်စွာအရေးယူခြင်းခံရမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် (အရှေ့ပိုင်း) အထူးဒေသ (၄) မိုင်းလားအဖွဲ့က ဒီဇင်ဘာ ၂၈ ရက်တွင် ကြေညာသည်။

လက်ရှိ မိုင်းလားမြို့တွင်းနှင့် အနီးတစ်ဝိုက် ကျေးရွာများတွင် ဆောင်ရွက်နေသည့် ပြည်သူများအား အာခေါင်တို့ဖတ် ဓာတ်ခွဲ နမူနာ စစ်ဆေးပေးခြင်းလုပ်ငန်းသည် ဒေသတွင်း ရောဂါကာကွယ်တားဆီးရေးကို အောင်မြင်စွာဆောင်ရွက်နိုင်ရေးနှင့် တိုက်ရိုက်ဆက်စပ်မှုရှိသကဲ့သို့ ပြည်သူလူထု၏ အသက်အန္တရာယ် လုံခြုံရေး၊ ကျန်းမာရေးနှင့်လည်း တိုက်ရိုက်ဆက်နွှယ်မှုရှိကြောင်း မိုင်းလားအဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ဓာတ်ခွဲနမူနာမစစ်ဆေးရသေးသည့် ပြည်သူများအနေဖြင့် မိမိနေထိုင်ရာအနီးတစ်ဝိုက်ရှိ စစ်ဆေးသည့်နေရာသို့ အမြန်ဆုံးသွားရောက်၍ စစ်ဆေးမှုခံယူကြရန် မိုင်းလားအဖွဲ့က မေတ္တာရပ်ခံခဲ့ပြီး စစ်ဆေးခြင်းမရှိပါက ပြင်းထန်စွာအရေးယူမည်ဖြစ်ကြောင်း မိုင်းလားအဖွဲ့က ကြေညာသည်။

COVID-19 အတည်ပြုလူနာသည် မိုင်းလားမြို့သို့ လာရောက်ခဲ့ကြောင်း သတင်းရရှိပြီးနောက် မိုင်းလားဒေသတွင် COVID-19 ရောဂါရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး အာခေါင်တို့ဖတ် ဓာတ်ခွဲနမူနာ ရယူခြင်းအတွက် ကုန်ကျစရိတ်များကို မိုင်းလားအဖွဲ့က ကျခံထားခြင်းဖြစ်သည်။

အထူးဒေသ (၄) COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းဦးစီးအဖွဲ့၏ လမ်းညွှန်ချက်အရ မိုင်းလားဒေသအတွင်းရှိ ပြည်သူလူထုအားလုံးကို အာခေါင်တို့ဖတ် ဓာတ်ခွဲနမူနာစစ်ဆေးခြင်းကို ဆောင်ရွက်ပေးခဲ့ပြီး လုပ်ငန်းအဖွဲ့၏ လုပ်ငန်းပြင်ဆင်ဆောင်ရွက်မှု အားနည်းခြင်းကြောင့် စစ်ဆေးပေးသည့်နေရာအချို့တွင် စနစ်တကျ တန်းစီမှုမရှိခြင်းနှင့် စစ်ဆေးမှုပြီးစီးသူတချို့သည် စစ်ဆေးပြီးကြောင်း လက်မှတ်မရရှိခြင်းတို့ ဖြစ်ပေါ်စေခဲ့ကြောင်း ဒီဇင်ဘာ ၂၅ ရက် မိုင်းလားအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

သို့ဖြစ်၍ဒေသတွင်းရှိ ပြည်သူများအားလုံးကို တစ်ယောက်မျှမကျန်ရအောင် ဓာတ်ခွဲနမူနာ စစ်ဆေးပေးမည်ဖြစ်ကြောင်း၊ ရောဂါစစ်ဆေးပြီးကြောင်း လက်မှတ်မရရှိသူများအနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့မှ နောက်ဆက်တွဲ စစ်ဆေးခြင်းများကို အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကာ စိုးရိမ်ထိတ်လန့်ခြင်းမရှိကြရန် မိုင်းလားအဖွဲ့က ဒီဇင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မိုင်းလားဒေသအတွင်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ထုတ်ပြန်ထားသော စည်းမျဉ်း၊ ဥပဒေများအား မလိုက်နာပါက ဒဏ်ငွေ ယွမ် ၅၀၀ ပေးဆောင်ရမည်ဖြစ်ပြီး နောက်ဆက်တွဲအခြေအနေတွင် ပြင်းထန်သော ဆိုးကျိုးများ ဖြစ်ပေါ်လာပါက ဥပဒေအရ အရေးယူခံရမည် ဖြစ်ကြောင်း မိုင်းလားအဖွဲ့က ဒီဇင်ဘာ ၁၈ ရက်တွင် ကြေညာသည်။

ရောဂါကာကွယ်၊ ထိန်းချုပ်ရေးသည် လူတိုင်းတွင်တာဝန်ရှိကြောင်း၊ ထို့ကြောင့် ပြည်သူများအားလုံး အပြင်ထွက်ပါက နှာခေါင်းစည်းကို သေချာစွာတပ်ဆင်ကြရန်၊ လူဦးရေထူထပ်သောနေရာများသို့ သွားရောက်ပါက ကိုယ်အပူချိန်တိုင်းခြင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံကြောင်း မိုင်းလားအဖွဲ့က ထုတ်ပြန်ထားသည်။

မိုင်းလားဒေသနှင့်အနီးရှိ “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိနေရသော်လည်း သေဆုံးသူမရှိသေးကြောင် “၀” အဖွဲ့ (UWSA) က ဒီဇင်ဘာ ၂၇ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

“၀” အဖွဲ့ (UWSA) ၏ ဒီဇင်ဘာ ၂၇ ရက် သတင်းထုတ်ပြန်ချက်အရ ဌာနချုပ်တည်ရှိရာ ပန်ဆန်းတွင် အတည်ပြုလူနာ ၁၂ ဦး၊ မိုင်းပေါက်ခရိုင်တွင် ၂၆ ဦး စုစုပေါင်း ၃၈ ဦးရှိပြီး ဒီဇင်ဘာ ၂၇ ရက်အထိ ဓာတ်ခွဲနမူနာ စစ်ဆေးသူ ၇၉၄၃ ဦးရှိကြောင်း သိရသည်။

Most Read

Most Recent