အစိုးရအဖွဲ့အစည်းများနှင့် ရင်းနှီးမြှုပ်နှံသူအကြား အကြံပြုချက်ပေးခြင်းဖြင့် နစ်နာမှုများ ဖြေရှင်းပေးရန် MIC ဥက္ကဋ္ဌ ပါဝင်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံသူ၏ နစ်နာမှုဖြေရှင်းရေးကော်မတီ ဖွဲ့စည်း

အစိုးရအဖွဲ့အစည်းများနှင့် ရင်းနှီးမြှုပ်နှံသူအကြား အကြံပြုချက်ပေးခြင်းဖြင့် နစ်နာမှုများ ဖြေရှင်းပေးရန် MIC ဥက္ကဋ္ဌ ပါဝင်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံသူ၏ နစ်နာမှုဖြေရှင်းရေးကော်မတီ ဖွဲ့စည်း
Published 27 December 2020

အစိုးရအဖွဲ့အစည်းများနှင့် ရင်းနှီးမြှုပ်နှံသူအကြား အကျုံးဝင်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် စပ်လျဉ်း၍ အကြံပြုချက်ပေးခြင်းဖြင့်  နစ်နာမှုများကို မြန်ဆန်ပြီး ပွင့်လင်းမြင်သာမှု ရှိရှိ ဖြေရှင်းပေးရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ဥက္ကဋ္ဌ ပါဝင်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံသူ နစ်နာမှုဖြေရှင်းရေးကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံသူ၏ နစ်နာမှု ဖြေရှင်းရေးကော်မတီ၌ ဥက္ကဋ္ဌအဖြစ် MIC ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုရှေ့နေချုပ်၊ အဖွဲ့ဝင်အဖြစ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊     စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ဆောင်ရွက်ပြီး အတွင်းရေးမှူးအဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆောင်ရွက်မည် ဖြစ်သည်။

ကော်မတီအနေဖြင့် သက်ဆိုင်သည့် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ သို့မဟုတ်  အခွင့်အာဏာရှိသည့် အဖွဲ့အစည်းများနှင့် အကျုံးဝင် သက်ဆိုင်သည့် ရင်းနှီးမြှုပ်နှံသူအကြား အကျုံးဝင်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် စပ်လျဉ်း၍ အကြံပြုချက်ပေးခြင်းဖြင့် နစ်နာမှုများကို မြန်ဆန်ပြီး ပွင့်လင်းမြင်သာမှုရှိ မရှိ ဖြေရှင်းပေးရန်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေနှင့် အဖွဲ့အစည်းနှင့် ဆက်စပ်သည့် မူဘောင်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တရားဥပဒေနှင့်အညီ ဆောင်ရွက်နေသော ရင်းနှီးမြှုပ်နှံသူ၏ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအပေါ် သက်ရောက်နေသည့် အတားအဆီးများကို ဖော်ထုတ်သွားရန်၊ ကော်မတီသို့ တင်ပြလာသည့် နစ်နာမှုများကို ထိရောက် မြန်ဆန်စွာ ကိုင်တွယ် ဆောင်ရွက်နိုင်ရေး လိုအပ်လာလျှင်ဖြစ်စေ သို့မဟုတ် နစ်နာမှုများအပေါ် လေ့လာသုံးသပ်၍ ယေဘုယျဖြစ်သည့် အကြံပြုချက်များ ပံ့ပိုးပေးရန်အတွက် ဖြစ်စေ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူများ၏ အကြံပြုချက်နှင့် ကျွမ်းကျင်မှုကို ရယူရေး တာဝန်ပေးအပ်ရန်၊ နစ်နာမှုများကို ဖြေရှင်းဆောင်ရွက်ရေးအတွက် အကြံပြုချက်အဖြစ် ချမှတ်ပေးခဲ့သည့် ဆုံးဖြတ်ချက်များအပေါ် သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းနှင့် အခွင့်အာဏာရှိသူများက အကောင်အထည်ဖော် ဆောင်ရွက်ရေး ကြပ်မတ်သွားရန် စသည်တို့မှာ  ကော်မတီ၏ လုပ်ငန်းတာဝန်များ ဖြစ်သည်။

လက်ရှိအစိုးရ၏ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကြောင့် ကိုရီးယား-မြန်မာ စက်မှုဇုန်စီမံကိန်း (KMIC) ကဲ့သို့သော စီမံကိန်းအသစ်များ ထပ်မံ ပေါ်ပေါက်လာမည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒီဇင်ဘာ ၂၄ ရက်တွင် ပြုလုပ်သည့် ကိုရီးယား-မြန်မာ စက်မှုဇုန်စီမံကိန်း (KMIC) ပန္နက်တင် အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“လက်ရှိအစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနဲ့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ဆောင်ရွက်ချက်များကြောင့် KMIC စီမံကိန်း ပြီးစီးအောင် ဆောင်ရွက်နိုင်မည် ဖြစ်သလို KMIC စီမံကိန်းကဲ့သို့ စီမံကိန်းအသစ်တွေလည်း ပေါ်ပေါက်လာစေမှာ ဖြစ်ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ကိုရီးယား-မြန်မာ စက်မှုဇုန်စီမံကိန်း (KMIC) အကောင်အထည်ဖော်ပြီးချိန်၌ နိုင်ငံတော်က အားပေး ဆောင်ရွက်နေသည့် အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းပေါင်းများစွာကို ဖန်တီးပေးခြင်းဖြင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများ၊ ထောက်ပံ့သူများနှင့် စားသောက်ဆိုင်များ အပါအဝင် စက်မှုလုပ်ငန်းပေါင်းများစွာ တိုးချဲ့ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

Most Read

Most Recent