KSPP ပါတီအနေဖြင့် ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှုများ ကြုံတွေ့ရသော်လည်း ဘဏ္ဍာရေး အခြေအနေအရ ကန့်ကွက်လွှာ တင်သွင်းနိုင်ခြင်းမရှိဟု ပါတီဒုတိယဥက္ကဋ္ဌ ပြောကြား

KSPP ပါတီအနေဖြင့် ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှုများ ကြုံတွေ့ရသော်လည်း ဘဏ္ဍာရေး အခြေအနေအရ ကန့်ကွက်လွှာ တင်သွင်းနိုင်ခြင်းမရှိဟု ပါတီဒုတိယဥက္ကဋ္ဌ ပြောကြား
Published 26 December 2020
ဉာဏ်လင်းထွန်း

 ၂၀၂၀ ရွေးကောက်ပွဲကာလတွင် ပြိုင်ဘက်ပါတီအချို့၏ တရားမဲ့ပြုကျင့်မှုများနှင့်  ကြုံတွေ့ရသော်လည်း ဘဏ္ဍာရေး အခြေအနေအရ ကန့်ကွက်လွှာ တင်သွင်းနိုင်ခြင်း မရှိကြောင်း ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ဒုတိယဥက္ကဋ္ဌ (၂) ကွမ်ဂေါင်အောင်ခမ်းက ပြောကြားသည်။

လက်ရှိတွင် ပါတီအချို့က ၎င်းတို့ယှဉ်ပြိုင်ခဲ့သည့် မဲဆန္ဒနယ်အတွင်း ရွေးကောက်ပွဲ၌ တရားမဲ့ ပြုကျင့်မှုများ ရှိသည်ဆိုကာ အနိုင်ရပါတီမှ ကိုယ်စားလှယ်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာ တင်သွင်းမှုများ ရှိနေသည်။

ထိုသို့ကန့်ကွက်လွှာ တင်သွင်းမှုအတွက် အမှုစရိတ် ကျပ်ငါးသိန်း ပေးသွင်းရပြီး ခုံအဖွဲ့ဆုံးဖြတ်ချက်ကို ကျေနပ်ခြင်းမရှိ၍ အယူခံ ဆက်လက်တင်သွင်းလျှင် အမှုစရိတ် ကျပ်ငါးသိန်း ထပ်မံပေးသွင်းရမည်ဖြစ်သည်။

“ဒါမျိုးလုပ်ပြီဆို ဘဏ္ဍာရေးကတော့ တအားကုန်မယ်လေ။ ကျွန်တော်တို့လည်း အဲဒီဟာ မတတ်နိုင်တဲ့ ကိစ္စတွေ ဖြစ်နေတယ်” ဟု KSPP ပါတီဒုတိယဥက္ကဋ္ဌ ကွမ်ဂေါင်အောင်ခမ်းက ပြောကြားသည်။

KSPP ပါတီက ပူတာအိုနှင့် မချမ်းဘောမြို့နယ်များတွင် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နှင့် ဆက်စပ်ကြောင်း၊ KSPP အနိုင်ရပါက KIA လာရောက်အုပ်ချုပ်နိုင်ကြောင်း စသည့်စွပ်စွဲ ဖြန့်ဝေမှုများ ခံခဲ့ရသည်ဟု ၎င်းကဆိုသည်။

“ပူတာအိုမှာဆိုလည်း အဲဒီဟာနဲ့ပဲ ကျွန်တော်တို့ကို စာတွေဖြန့်ပြီးမှ စွပ်စွဲပြီးမှ  အနိုင်ရရှိတဲ့ ဟာမျိုးဖြစ်တယ်။ မချမ်းဘော ဘက်မှာလည်း ဒီဟာမျိုးပေါ့။ ပူတာအိုမှာလည်း ဒါမျိုးဖြစ်နေတော့ ကျွန်တော်တို့လည်း စိတ်မကောင်းတာကလွဲရင် ဘာမှလုပ်လို့မှ မရတာ” ဟု KSPP ပါတီ ဒုတိယဥက္ကဋ္ဌ ကွမ်ဂေါင်အောင်ခမ်းက ပြောကြားသည်။

ထို့ပြင် KSPP သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် နီးစပ်မှုရှိကြောင်း အွန်လိုင်းနှင့် မြေပြင်တွင် စွပ်စွဲထုတ်လွှင့်မှုများလည်း ခံရကြောင်း ကွမ်ဂေါင်အောင်ခမ်းက ဆိုသည်။

ထိုသို့စွပ်စွဲခံရမှုများအပေါ် KSPP ပါတီအနေဖြင့် ပြည်နယ်လေးခုမှ ပေါင်းစည်းတိုင်းရင်းသား ပါတီများနှင့်သာ ပူးပေါင်းဆောင်ရွက်မှုရှိပြီး တိုင်းဒေသကြီးအခြေစိုက် မည်သည့်ပါတီနှင့်မျှ ပူးပေါင်းဆောင်ရွက်မှု မရှိကြောင်း ရွေးကောက်ပွဲမတိုင်မီ ကြေညာချက် ထုတ်ပြန်ရှင်းလင်း ခဲ့ရသေးသည်။

ပူတာအိုနှင့် မချမ်းဘောမြို့နယ်များတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်အများစု ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ပြီး ကချင်ပြည်နယ် ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်းများမှာ စတုတ္ထ မဲအများဆုံး ရရှိခဲ့သည်။

ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးရေးတွင် ပူတာအိုနှင့် မချမ်းဘောမြို့နယ်များ မပါဝင်၍ အဆိုပါ မြို့နယ်များရှိ ဖြစ်စဉ်များနှင့် ပက်သက်၍ မသိရှိကြောင်း ကချင်ပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌ ဦးမြသိန်းက ပြောကြားသည်။

“ကျွန်တော်က အဲဒေသနဲ့ ပက်သက်ပြီး လုံးဝကို၊ အဲဒါကြောင့် ဝေဖန်မှုတစ်ခုခု မလုပ်လိုပါဘူး” ဟုဦးမြသိန်းက ပြောကြားသည်။

KSPP ပါတီ ဒုတိယဥက္ကဋ္ဌ ပြောကြားမှုနှင့် စပ်လျဉ်း၍ ပူတာအိုနှင့် မချမ်းဘောမြို့နယ်များရှိ NLD ပါတီအနိုင်ရ ကိုယ်စားလှယ် အချို့ထံ ဆက်သွယ်သော်လည်း ဆက်သွယ်မရခဲ့ပေ။

KSPP ပါတီဒုတိယဥက္ကဋ္ဌ ကွမ်ဂေါင်အောင်ခမ်းသည်  ၂၀၂၀ ရွေးကောက်ပွဲတွင် ဆွမ်ပရာဘွမ်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်းဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်ကို ၉၄ မဲအကွာဖြင့် ရှုံးနိမ့်ခဲ့သည်။

ရွေးကောက်ပွဲမတိုင်မီ ဆွမ်ပရာဘွမ်မြို့နယ်သို့ မချမ်းဘောမြို့နယ်နှင့် ပူတာအိုမြို့နယ်တို့မှ တပ်ရင်း ၁၃၇ နှင့် ၁၃၈ တို့ ရွှေ့ပြောင်းပြီး ဆန္ဒမဲပေးမှုများရှိခြင်း အပါအဝင် ပါတီအပေါ် စွပ်စွဲဖြန့်ဝေမှုများရှိခြင်းကြောင့် တရားမျှတသည့် ရွေးကောက်ပွဲဟု လက်ခံရန် ခက်ခဲကြောင်း ကွမ်ဂေါင်အောင်ခမ်းက ဆိုသည်။

ထိုသို့ ရွေးကောက်ပွဲကာလတွင် တပ်မတော်တပ်ရင်းအချို့ကို နေရာရွှေ့ပြောင်းမှုများနှင့် ပတ်သက်၍ ထိုစဉ်က တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည်ရှင်းလင်းရာတွင် တပ်ရွှေ့ပြောင်းမှုများသည် ရွေးကောက်ပွဲကြောင့် မဟုတ်ဘဲ လုပ်ရိုးလုပ်စဉ် ပုံမှန်အတိုင်းရွှေ့ခြင်းဖြစ်ပြီး ဒေသခံများလည်းသိကြောင်း ပြောကြားခဲ့သည်။

“ဒီကော်မရှင်တွေကလည်း NLD နဲ့ပဲ အတူပဲဖြစ်နေတဲ့ ကိစ္စတွေဖြစ်တယ်။ တစ်ဖက်ကနေလည်း ကျွန်တော်ကိုယ်တိုင်က ခံနေရတာ ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ စစ်တပ်ကပေါင်းပြီးမှ လုပ်နေတာပဲ။ ဒါကြောင့် ကျွန်တော်တို့က ဘယ်သူ့ကို အားကိုးရမှန်းတောင် မသိတော့ဘူး” ဟု KSPP ပါတီ ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

ကချင်ပါတီ လေးပါတီ ပေါင်းစည်းထားသည့် ကချင်ပြည်နယ် ပြည်သူ့ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၆၅ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်နှင့် မိုးမောက်မြို့နယ်များရှိ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် သုံးနေရာ စုစုပေါင်း မဲဆန္ဒနယ် လေးနေရာ အနိုင်ရထားသည်။

 

Most Read

Most Recent