တောင်သူလယ်သမားများ ၎င်းတို့၏ အရေးကိစ္စများကို ကိုယ်တိုင်ဆောင်ရွက်နိုင်ရန် ဥပဒေရေးဆွဲထားပြီး လာမည့် အစိုးရသစ် လက်ထက်တွင် ဥပဒေပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

တောင်သူလယ်သမားများ ၎င်းတို့၏ အရေးကိစ္စများကို ကိုယ်တိုင်ဆောင်ရွက်နိုင်ရန် ဥပဒေရေးဆွဲထားပြီး လာမည့် အစိုးရသစ် လက်ထက်တွင် ဥပဒေပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
 မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေညီလာခံနှင့် နှစ်ပတ်လည် အစည်းအဝေးကို တွေ့ရစဉ်
 မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေညီလာခံနှင့် နှစ်ပတ်လည် အစည်းအဝေးကို တွေ့ရစဉ်
Published 26 December 2020
ဇေယျာငြိမ်း

တောင်သူလယ်သမားများ ၎င်းတို့၏ အရေးကိစ္စများကို ကိုယ်တိုင်ဆောင်ရွက်နိုင်ရန် တောင်သူလယ်သမား အဖွဲ့အစည်းဆိုင်ရာဥပဒေ ရေးဆွဲထားပြီး လာမည့်အစိုးရသစ် လက်ထက်တွင် ဥပဒေပြဋ္ဌာန်းနိုင်ရေး  ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

ဒီဇင်ဘာ ၂၆ ရက်က Online Virtual Meeting ဖြင့် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေညီလာခံနှင့် နှစ်ပတ်လည် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“တောင်သူလယ်သမား အဖွဲ့အစည်းဆိုင်ရာဥပဒေကို ရေးဆွဲပြီးတော့ အခုအကြမ်းကို ရေးဆွဲပြီး ဖြစ်ပါတယ်။ မိမိတို့ဆက်လက်ပြီးတော့ နောင်တက်လာမယ့် အစိုးရသစ်လက်ထက်မှာ ဥပဒေပြဋ္ဌာန်းနိုင်ရေးကို ကြိုးစားဆောင်ရွက် လျက်ရှိကြောင်း ပြောလိုပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

နိုင်ငံတော်၏ စုပေါင်းအင်အားနှင့် လုပ်ဆောင်မှု မူဝါဒနှင့်အညီ တောင်သူလယ်သမားများ ၎င်းတို့၏ အရေးကိစ္စရပ်များကို ကိုယ်တိုင်ဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

“နိုင်ငံတော်၏ မူဝါဒတစ်ခုဖြစ်တဲ့ စုပေါင်းအင်အားနဲ့ လုပ်ဆောင်မှုဖြစ်ပါတယ်။ နောင်တချိန်မှာ ကျင့်သုံးလာမယ့် နိုင်ငံတော်ရဲ့ နိုင်ငံရေး စနစ်တစ်ခုဖြစ်တဲ့ ဖက်ဒရယ်ကို သွားဖို့ရည်မှန်းတဲ့ အခါမှာ တောင်သူလယ်သမားများ ကိုယ်တိုင် မိမိတို့၏ အရေးအရာ ကိစ္စကို ဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည်ထူထောင်ရေးနှင့် ပြုပြင်ပြောင်းလဲရေးတွင်လည်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ရည်မှန်းဆောင်ရွက်မည့် ပန်းတိုင်နှင့် မဟာဗျူဟာ လုပ်ငန်းစဉ်များနှင့်အညီ နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ ထိခိုက်မှု လျော့နည်းစေပြီး ကာလတိုနှင့် ရေရှည်တု့ံပြန် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ အားကောင်းလာစေရန် သက်ဆိုင်ရာဌာနများက စီမံကိန်းများ၊ စီမံချက်များ စနစ်တကျ ချမှတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်က ပြောကြားထားသည်။

စိုက်ပျိုးမွေးမြူရေး ကဏ္ဍသည် တိုင်းပြည်လူဦးရေ ၇၀ ရာခိုင်နှုန်းနီးပါး၏ အသက်မွေးဝမ်းကြောင်း အရင်းအမြစ်လုပ်ငန်း တစ်ခုဖြစ်နေပြီး နိုင်ငံ့ GDP နှင့် ကုန်သွယ်ပို့ကုန်များ၏ ရာခိုင်နှုန်း ၃၀ နီးပါးရှိသည်။

ကျေးလက်ဒေသတွင် နေထိုင်သည့် ဆင်းရဲသော အိမ်ထောင်စုများ၏ မိသားစုဝင်တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသောသူများ အဓိကဝင်ရောက် လုပ်ကိုင်သည့် ကဏ္ဍမှာ စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖြစ်သကဲ့သို့ ကျေးလက်ဒေသ လူဦးရေ ၈၅ ရာခိုင်နှုန်း၏ အလုပ်အကိုင် အရင်းအမြစ် တစ်ခုလည်း ဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၂၀ ရက်အထိ တစ်လခွဲကျော်တွင် ပြည်ပသို့ လယ်ယာထွက်ကုန် တင်ပို့မှုမှ ဝင်ငွေဒေါ်လာ သန်း ၅၂၀ ခန့်ရရှိပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာသန်း ၇၀ ခန့်ပိုမို ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

 

Most Read

Most Recent