ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးယဉ်ပါးတီဘီလူနာများ Quarantine စင်တာ သို့မဟုတ် Lockdown ဖြစ်နေပါက ဆေးထိုးမှု အခက်အခဲမရှိစေရန် ထိုးဆေးအစား သောက်ဆေးပြောင်း၍ ကုသပေးနိုင်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန မှူး ဒေါက်တာထွန်းမြင့်က နိုင်ငံပိုင်မီဒီယာတွင် ပြောကြားထားသည်။
“ရန်ကုန်မှာဆိုရင် အောင်ဆန်းတီဘီဌာန၊ လသာတီဘီဌာနတွေမှာ ဆေးပြတ်လပ်မှု မရှိစေရေးအတွက်ကို ဆေး Stock တွေ ပေးထားပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ဆေးယဉ်ပါးတီဘီ လူနာတွေအတွက် ဆေး တစ်လစာ ပေးထားပြီး အခြေခံကျန်းမာရေးဝန်ထမ်း ပညာရှင်တွေ လက်ထဲမှာလည်း ဆေးတစ်လစာ ထုတ်ပေးထားပါတယ်။ ဆေးယဉ်ပါးလူနာတွေ Quarantine စင်တာတွေ Lockdown ဧရိယာထဲ ရောက်နေတယ်ဆိုရင် ဆေးထိုးမှု အခက်အခဲမဖြစ်အောင် ထိုးဆေးအစား သောက်ဆေးပြောင်းပြီး ကုသနိုင်ဖို့ စီစဉ်ထားပါတယ်” ဟု ဒေါက်တာထွန်းမြင့်က ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း တီဘီ ဆေးသိုလှောင်ရုံများရှိပြီး တီဘီဆေးနှင့် ဆေးပစ္စည်းများကို လုံလုံလောက်လောက် ဖြည့်တင်းထားကြောင်းလည်း ၎င်းင်းက ဆက် လက်ပြောကြားသည်။
“ကျွန်တော်တို့မှာ တီဘီဆေး သိုလှောင် ရုံရှိပါတယ်။ တီဘီဆေးသိုလှောင်ရုံမှာဆိုရင် တီဘီဆေးနဲ့ ဆေးပစ္စည်းတွေ လုံလုံလောက် လောက် ဖြည့်တင်းထားတာရှိပါတယ်။ တီ ဘီဆေးရဲ့ Buffer ကို ရာခိုင်နှုန်း ၄၀ အပို ဆောင်းထားပါတယ်။ ဆေးတိုးတီဘီ၊ ရိုးရိုး တီဘီလူနာတွေအတွက် ကနဦးကြပ်မတ်ဆေး ကုတဲ့ကာလရှိတယ်။ အဲဒီလူနာတွေအတွက် ဆေးနှစ်လစာ ထုတ်ပေးထားပါတယ်။ ဆက် ပြီးကုရမယ့် ကာလရှိတယ်။ အဲဒီအတွက် လည်း သုံးလစာထုတ်ပေးထားပါတယ်။ ငါး လကြာတဲ့အခါ သလိပ်စစ်ပြီးတော့ ဆေးဆက် လက်ပေးတဲ့ လုပ်ငန်းတွေ ဆောင်ရွက်ပါ တယ်။ ဒီမှာ ကျွန်တော်တို့ရဲ့ မိတ်ဖက်အဖွဲ့ အစည်းတွေရှိပါတယ်။ PSI, MMA တို့ GP Clinic တွေ ပိတ်တဲ့အခါ မြို့နယ်တီဘီဌာန တွေကိုလာပြီး ဆေးတောင်းခံတဲ့အခါ ဆေး မပြတ်လပ်စေရေးအတွက် စီစဉ်ထားတာရှိ ပါတယ်”ဟု ဒေါက်တာထွန်းမြင့်က ဆက် လက်ပြောကြားသည်။
တီဘီရောဂါတိုက်ဖျက်ရေးအတွက် ကမ္ဘာ့ရန်ပုံငွေအဖွဲ့က ၂၀၁၈- ၂၀၂၀ ပြည့် နှစ်အတွက် အမေရိကန်ဒေါ်လာ ၁၀ သန်း နှင့် Access to Health Fund က ၂၀၁၉- ၂၀၂၀ ပြည့်နှစ်အတွက် အမေရိကန်ဒေါ်လာ တစ်သန်းထောက်ပ့ံထားကြောင်း အမျိုးသား တီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းမှ သိရ သည်။
တီဘီရောဂါဖြစ်ပွားနှုန်းများ သိရှိနိုင် ရန် “တီဘီရောဂါဖြစ်ပွားမှု မဖြစ်မနေသတင်း ပေးပို့ရေး”အတွက် ကြေညာစာထုတ်ပြန်ထား ပြီး ပုဂ္ဂလိကဆေးရုံ၊ဆေးခန်း၊ ပုဂ္ဂလိကဓာတ် ခွဲခန်းများမှရောဂါဖြစ်ပွားမှုများကို သတင်း ပေးပို့ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ညွှန်ကြားထားကြောင်း သိရသည်။
အစိုးရအနေဖြင့် တီဘီရောဂါတိုက် ဖျက်ရေးလုပ်ငန်းများအတွက် ၁၉၉၅-၁၉၉၆ ဘဏ္ဍာနှစ်တွင်ငွေကျပ် ၁၄ သန်း ခွင့်ပြုသုံး စွဲခဲ့ရာမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ငွေ ကျပ် ၅၅၆၈ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် တွင် ငွေကျပ် ၄၂၄၁ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ငွေကျပ်သန်း ၄၀၀၀ ကျော် ခန့်ခွင့်ပြုခဲ့ပြီး ၂၀၁၇ ခုနှစ်အတွင်း ကမ္ဘာ့ရန် ပုံငွေအဖွဲ့မှ အမေရိကန်ဒေါ်လာ ၁၉ သန်း နှင့် 3MDG အဖွဲ့မှ အမေရိကန်ဒေါ်လာ ၁ ဒသမ၂ သန်းတို့ကို ပံ့ပိုးခဲ့ပြီးဖြစ်သည်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်း တီဘီရောဂါဖြစ်ပွားမှုနှုန်း များပြားနေခြင်း ကြောင့် မြို့နယ် ၁၃ မြို့နယ်တွင် မြို့ပြ တီဘီ ရောဂါကုသမှုနှင့်ထိန်းချုပ်မှုဆိုင်ရာစီမံချက် လုပ်ဆောင်လျက်ရှိကြောင်းနှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဆေးကုသမှု လက်လှမ်းမမီနိုင်သောနေရာများတွင်ရှိသည့် ရောဂါဖြစ် ပွားနိုင်ခြေများသည့် လူနာများကို ထိထိ ရောက်ရောက်ဖြင့် ကျန်းမာရေး စောင့်ရှောက် မှုများပေးနိုင်ရန်ရည်ရွယ်ကာ အဆိုပါစီမံ ချက်ကို ရေးဆွဲအကောင်အထည်ဖော်ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံသည် ကမ္ဘာ့တီဘီ ရောဂါအဖြစ်အများဆုံးနိုင်ငံ ၃၀၊ ဆေးယဉ်ပါးတီဘီရောဂါ အဖြစ်အများဆုံး နိုင်ငံ ၃၀ နှင့် တီဘီ/အိပ်ချ်အိုင်ဗွီ အဖြစ်အများဆုံး နိုင်ငံ ၃ဝတွင် ပါဝင်နေဆဲဖြစ်ကြောင်းနှင့် ကမ္ဘာ့တီဘီရောဂါဖြစ်ပွားနှုန်း၊ သေဆုံးနှုန်းနှင့် တီဘီလူနာသစ် ဖြစ်ပွားနှုန်းတို့မှာ တဖြည်းဖြည်း ကျဆင်းလျက်ရှိသော်လည်း ကျဆင်းနှုန်းမှာ ခန့်မှန်းထားသည်ထက် အလွန်နှေးလျက်ရှိကြောင်း သိရသည်။















