CMP အထည်ချုပ်စက်ရုံများအနေဖြင့် သွင်းကုန်လိုင်စင်ရရှိရန် ထောက်ခံချက်များကို ဒီဇင်ဘာ ၂၇ ရက် နောက်ဆုံးထားလျှောက်ထားရန် ထုတ်ပြန်

CMP အထည်ချုပ်စက်ရုံများအနေဖြင့် သွင်းကုန်လိုင်စင်ရရှိရန် ထောက်ခံချက်များကို ဒီဇင်ဘာ ၂၇ ရက် နောက်ဆုံးထားလျှောက်ထားရန် ထုတ်ပြန်
ရန်ကုန်မြို့ စက်မှုဇုန်တစ်ခုအတွင်းရှိ အထည်ချုပ်လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့ စက်မှုဇုန်တစ်ခုအတွင်းရှိ အထည်ချုပ်လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
Published 25 December 2020
နီလာ

CMP အထည်ချုပ်စက်ရုံများအနေဖြင့် သွင်းကုန်လိုင်စင်ရရှိရန် ထောက်ခံချက်များကို ဒီဇင်ဘာ ၂၇ ရက် နောက်ဆုံးထားလျှောက်ထားကြရန် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ CMP သွင်းကုန်လိုင်စင်များကို Fully Online System ဖြင့် ထောက်ခံချက်ပေးလျက်ရှိသည်။

လက်ရှိတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၅ ရက်မှစတင်ကာ သွင်းကုန်လိုင်စင်များကို Myanmar Tradenet 2.0 စနစ်သို့ ပြောင်းလဲအသုံးပြုမည်ဖြစ်သောကြောင့် လက်ရှိစနစ်အဟောင်းအတွင်း ဝင်ရောက်လာသော ထောက်ခံချက်များကို ဒီဇင်ဘာ ၂၉ ရက် ညနေ ၅ နာရီအထိသာ လက်ခံသွားမည်ဖြစ်ကြောင်း အကြောင်းကြားလာသည်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းအနေဖြင့် အသင်းဝင် CMP စက်ရုံများမှ လျှောက်ထားသော ထောက်ခံချက်များကို စစ်ဆေးရန်အချိန်လည်းရှိပါသောကြောင့် CMP စက်ရုံများအနေဖြင့် သွင်းကုန်လိုင်စင်ရရှိရန် ထောက်ခံချက်များအား ဒီဇင်ဘာ ၂၇ ရက် နောက်ဆုံးထားလျှောက်ထားကြရန် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်းက ထုတ်ပြန်ထားသည်။

Myanmar Tradenet 2.0 စနစ်၌ ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားရာတွင် လိုက်နာရမည့် သတ်မှတ်ချက်များကို  ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

လိုင်စင်လျှောက်ထားရာတွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်၏ သက်တမ်းသည် အနည်းဆုံး သုံးလကျန်ရှိရမည်။ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင် သက်တမ်းကို သက်တမ်းမကုန်ဆုံးမီ ခြောက်လကြိုတင်၍ သက်တမ်းတိုးလျှောက်ထားနိုင်သည်။ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ဖြင့် တင်ပို့/တင်သွင်းရမည့်  ကုန်ပစ္စည်းများအတွက် သက်ဆိုင်ရာဌာနများမှ သက်တမ်းသတ်မှတ်မှုရှိပါက အဆိုပါသက်တမ်းသည် အနည်းဆုံးတစ်လရှိမှသာ ပို့ကုန်/သွင်းကုန်လိုင်စင် လျှောက်ထားနိုင်မည်ဖြစ်သည်။ ထောက်ခံချက်၏သက်တမ်းသည် သုံးလအောက်လျှော့နည်းပါက လိုင်စင်သက်တမ်းများကို အဆိုပါထောက်ခံချက် သက်တမ်းများအတိုင်းသာ ခွင့်ပြုသွားမည်ဖြစ်သည်။ ထောက်ခံချက်သက်တမ်းကိုတိုးပြီး ယင်းပို့ကုန်/သွင်းကုန်လိုင်စင် ထပ်မံပြင်ဆင်လျှောက်ထားလာပါက သက်တမ်းပြင်ဆင်ပေးခြင်းမပြုဘဲ ပို့ကုန်/သွင်းကုန်လိုင်စင် သက်တမ်းတိုးအနေဖြင့် ပထမအကြိမ် သက်တမ်းတိုးကိုသာ ခွင့်ပြုမည်ဖြစ်သည်။

လုပ်ငန်းရှင်သည် လိုင်စင်စတင်လျှောက်ထားချိန်မှ တရားဝင်ရုံးဖွင့်ရက် ၁၀ ရက်အတွင်း လိုင်စင်ထုတ်ယူသည်အထိ လုပ်ငန်းကို ပြီးစီးအောင်ဆောင်ရွက်ရမည်။ သတ်မှတ်ကာလအတွင်း ဆောင်ရွက်ခြင်းမရှိပါက လိုင်စင်လျှောက်ထားမှုကို စနစ်မှ အလိုအလျောက် ပယ်ဖျက်မည်ဖြစ်သည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် အဆင့်မြှင့်တင်ထားသော Myanmr Tradenet 2.0 စနစ်ဖြင့် ပို့ကုန်သွင်းကုန်ကုန်ပစ္စည်း အမည်အားလုံး လျှောက်ထားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

အဆင့်မြှင့်တင်ထားသော Myanmar Tradenet 2.0 အသုံးပြုရန်အတွက် ပထမအဆင့်အနေဖြင့် ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များသည် Tadenet အသင်းဝင်ခွင့်ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁ ရက်တွင် စတင်လျှောက်ထားနိုင်ပြီဖြစ်ပြီး ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်နှင့် ဆက်စပ်ကတ်များ လျှောက်ထားခြင်းများကို  နိုဝင်ဘာ ၁၆ ရက်မှစ၍ လျှောက်ထားနိုင်မည်ဖြစ်သည်။၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် အဆင့်မြှင့်တင်ထားသော Myanmar Tradenet 2.0 စနစ်ဖြင့် ပို့ကုန်သွင်းကုန်ကုန်ပစ္စည်း အမည်အားလုံး လျှောက်ထားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် အပါအဝင် ဆက်စပ်ကတ်များနှင့် ပို့ကုန်/သွင်းကုန် လိုင်စင်များကို အွန်လိုင်းမှ ထုတ်ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent