ရွေးကောက်ပွဲ အနိုင်ရထားသည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးအား မဲဆွယ်ကာလတွင် ဘာသာရေး၊ လူမျိုးရေး ကိစ္စရပ်များ ထည့်သွင်းဟောပြောသည် ဟုဆိုကာ NLD ပါတီကိုယ်စားလှယ်လောင်းက ကန့်ကွက်လွှာတင်

ရွေးကောက်ပွဲ အနိုင်ရထားသည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးအား မဲဆွယ်ကာလတွင် ဘာသာရေး၊ လူမျိုးရေး ကိစ္စရပ်များ ထည့်သွင်းဟောပြောသည် ဟုဆိုကာ NLD ပါတီကိုယ်စားလှယ်လောင်းက ကန့်ကွက်လွှာတင်
Published 24 December 2020
နေရိုင်း၊ အောင်မင်းသိန်း

ပြည်ထောင်စုနယ်မြေ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် အနိုင်ရရှိထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း ဦးသန်းဌေးသည် မဲဆွယ်စည်းရုံးမှုများတွင် ဘာသာရေး၊ လူမျိုးရေး ကိစ္စရပ်များ ထည့်သွင်းဟောပြောခြင်းများ ရှိခဲ့သည် ဟုဆိုကာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တွင် ကန့်ကွက်လွှာ တင်သွင်းခဲ့သည်။

ဒီဇင်ဘာ ၂၄ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ NLD ပါတီလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေ၏ ရှေ့နေဖြစ်သူနှင့် ကိုယ်စားလှယ် လွှဲစာပေးအပ်ခြင်း ခံထားရသူတို့က ကန့်ကွက်လွှာ လာရောက် တင်သွင်းခဲ့သည်။

“ကျွန်တော်က ဒေါက်တာမိုးဆွေရဲ့ ကိုယ်စားလှယ်ပေါ့။ ဒေါက်တာမိုးဆွေက ကျွန်တော်ကို ကိုယ်စားလှယ်လွှဲစာနဲ့ပေါ့။ ကျွန်တော်က ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အတွက် ကန့်ကွက်လွှာ တင်တာပါ။ ကန့်ကွက်လွှာ တင်ရတဲ့ အကြောင်းက ကျွန်တော်တို့က ရွေးကောက်ပွဲဥပဒေ ၆၇၊ နည်းဥပဒေ ၈၇ အရ ကန့်ကွက်လွှာတင်တဲ့ သဘောပါပဲ။ သိပ်ထူးထူးခြားခြား မရှိပါဘူး။ ရွေးကောက်ပွဲကာလ အတွင်းမှာ မဲဆန္ဒရှင်တွေကို မဲဆွယ်စည်းရုံးတဲ့ နေရာမှာပေါ့။ ဘာသာရေး လူမျိုးရေးတွေ ကိစ္စလေးတွေ ထည့်ပြောတဲ့ဟာတွေ၊ တခြားဖြစ်စဉ်လေးတွေပေါ့။ အသေးစိတ်တော့ ကျွန်တော်တို့ မပြောတော့ပါဘူး။ အဲဒီဖြစ်စဉ်လေးတွေ အပေါ်မှာ ကျွန်တော်တို့က ရွေးကောက်ပွဲ ဥပဒေနဲ့အညီ ကန့်ကွက်တာပါ” ဟု ဒေါက်တာမိုးဆွေ၏ ကိုယ်စားလှယ်လွှဲစာ ရရှိထားသူ ဦးသက်ထွေးက ပြောကြားသည်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ဦးသန်းဌေး၏ မဲဆန္ဒရှင်များအား ပြောဆိုသည့် စကားလုံးများနှင့် ပတ်သက်၍ အသေးစိတ် ပြောကြားခဲ့ခြင်း မရှိသော်လည်း အသံဖိုင်နှင့် ဗီဒီယိုမှတ်တမ်းများ ရှိသည့်အတွက် ကန့်ကွက်ရခြင်းဖြစ်ကြောင်း ဦးသက်ထွေးက ပြောကြားသည်။

ဦးသက်ထွေးက “သူက ဒီရွေးကောက်ပွဲ ကာလမှာ မဲဆန္ဒရှင်တွေကိုပြောတဲ့ စကားလေးတွေထဲမှာ ပါတာတွေ ရှိပါလိမ့်မယ်။ အသေးစိတ်တော့ မပြောဘူးဆို အများကြီးမလို့၊ ကျွန်တော်တို့မှာ အသံဖိုင်တွေ၊ ရုပ်ဖိုင်တွေ ရှိပါတယ်။ အသံဖိုင်တွေရှိတယ်။ ဗီဒီယို မှတ်တမ်းတွေရှိတယ်။ အဲဒီဟာအတိုင်း ကျွန်တော်တို့ ကန့်ကွက်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဖြစ်စဉ်တော်တော်များများကို ဗီဒီယိုမှတ်တမ်းတွေအရ ကန့်ကွက်တာပါ။ ဘယ်လိုကိစ္စတွေ ရှိမလဲဆိုတော့ ကျွန်တော်တို့ ရွေးကောက်ပွဲအောင်နိုင်ရေး ကာလအတွင်းမှာ ကျွန်တော်တို့ ဆိုင်းဘုတ်ဖျက်ခံရတဲ့ကိစ္စတို့ အောင်နိုင်ရေးကားကို ခဲနဲ့ထုခံရတဲ့ဟာတွေ၊ ဒါလေးတွေလည်း ထည့်ပြီးတော့ ပြောထားပါတယ်” ဟု ပြောကြားသည်။

ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေတွင် အနိုင်ရရှိထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသန်းဌေးအား ဒေါက်တာမိုးဆွေက ကန့်ကွက်လွှာ တင်သွင်းမှုကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ ကန့်ကွက်လွှာ မှတ်ပုံတင်အမှတ် (၂၄၂) နှင့် လက်ခံထားကြောင်း ဒေါက်တာမိုးဆွေ၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က ပြောကြားသည်။

ဒေါ်စုဒါလီအောင်က “လောလောဆယ်တော့ ကျွန်မတို့ ကန့်ကွက်လွှာတင်ထားတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ ကန့်ကွက်တဲ့ အခါမှာတော့ ကျွန်မတို့က ရွေးကောက်ပွဲကာလမှာ ဦးသန်းဌေး အပါအဝင်ပေါ့။ ဦးသန်းဌေးကို ကိုယ်စားလှယ်ဖြစ်အောင် လိုလားတဲ့လူတွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီးတော့ အသေးစိတ် ကန့်ကွက်လွှာမှာ တင်သွင်းပြီးတော့ ကန့်ကွက်လွှာ တင်သွင်းခြင်း ဖြစ်ပါတယ်။ လောလောဆယ်တော့ ကျွန်မ ဒီလောက်ပဲပြောလို့ ရပါသေးတယ်။ ဘယ်လိုအချက်ကြောင့် ဆိုတာတော့ လောလောဆယ် အခြေအနေမှာ ပြောလို့မရသေးဘူး” ဟု ပြောကြားသည်။

ရွေးကောက်ပွဲရလဒ်များနှင့် ပတ်သက်၍ ကန့်ကွက်လွှာ တင်သွင်းမှုတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်ကိုယ်တိုင်က ကန့်ကွက်လွှာ တင်သွင်းခြင်းနှင့် မဲဆန္ဒနယ်မြေတွင် နေထိုင်သည့် ပြည်သူက ကန့်ကွက်လွှာတင်သည့် ပုံစံနှစ်မျိုးရှိပြီး လက်ရှိ တင်သွင်းထားသည့် ကန့်ကွက်လွှာသည် ကိုယ်စားလှယ် အချင်းချင်း ကန့်ကွက်သည့် ကန့်ကွက်လွှာပုံစံ ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

“ရွေးကောက်ပွဲဥပဒေ ပြဋ္ဌာန်းချက်တွေကို ဖတ်ရတာတော့ ကိုယ်စားလှယ်အချင်းချင်း ကန့်ကွက်တယ် ဆိုရင်တော့ တစ်ဖက်ကရတဲ့ မဲတွေက တရားမဲ့ရတဲ့ မဲတွေဆိုရင်တော့ ကျွန်မတို့ ကိုယ်စားလှယ်အချင်းချင်း ကန့်ကွက်တယ် ဆိုရင်တော့ ဒီကိုယ်စားလှယ်က ပြန်ပြီးတော့ ကိုယ်စားလှယ် လုပ်ပိုင်ခွင့်ပေါ့။ တကယ်လို့ မရခဲ့ဘူး ဆိုရင်တော့ မူလရွေးကောက်ခံရတဲ့ ပြည်သူ့ကိုယ်စားလှယ်ပဲ ကိုယ်စားလှယ် ဖြစ်မှာပေါ့။ ပြည်သူ၊ မဲဆန္ဒနယ်ကနေပြီး ကန့်ကွက်တဲ့ဟာကတော့၊ အမှုတွေကတော့ ကျွန်မတော့ လောလောဆယ် မတင်ထားဘူး။ ဥပဒေသဘောတရားကို ပြောပြတာ။ အဲဒီလို အမှုတွေကကျတော့ သူကဒီနယ်မှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲကို ပယ်ဖျက်ဖို့ပေါ့။ ကျွန်မတော့ လောလောဆယ် ကိုယ်စားလှယ်ကနေပဲ တင်တာဖြစ်တဲ့အတွက် ရွေးကောက်ပွဲကို ပယ်ဖျက်ဖို့ မဟုတ်ဘူး။ ဦးသန်းဌေးရထားတဲ့ မဲတွေဟာ တရားမဲ့ပြုကျင့်မှုကြောင့် ရရှိတဲ့မဲတွေဆိုတဲ့၊ ဟုတ် မဟုတ် ဆိုတဲ့ဟာမျိုးနဲ့ ကန့်ကွက်လွှာ တင်တာပါ။ ဒါကြောင့်မို့လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အချင်းချင်း ကန့်ကွက်တဲ့ အမှုမျိုးပါ” ဟု ဒေါ်စုဒါလီအောင်က ပြောကြားသည်။

ဇေယျာသီရိမြို့နယ်တွင် အနိုင်ရရှိထားသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအား ကန့်ကွက်လွှာ တင်သွင်းထားမှုနှင့် ပတ်သက်၍ သက်သေအထောက်အထားများသည် ခိုင်လုံမှုရှိပြီး ကန့်ကွက်လွှာတွင် အသေးစိတ် ပူးတွဲတင်ပြထားကြောင်းနှင့် အကောင်းဆုံး ကြိုးစားသွားမည် ဖြစ်ကြောင်း ဒေါ်စုဒါလီအောင်က ပြောကြားသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသန်းဌေးသည် ခိုင်လုံမဲ ၃၆၃၂၅ မဲ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေသည် ခိုင်လုံမဲ ၃၀၉၆၅ မဲ ရရှိခဲ့ပြီး ဦးသန်းဌေးသည် ခိုင်လုံမဲ ၅၁ ဒဿမ ၇၈ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

 

Most Read

Most Recent