ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ပိုင်ဆိုင်မှုစာရင်း NLD ပါတီ တောင်းခံ

ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ပိုင်ဆိုင်မှုစာရင်း NLD ပါတီ တောင်းခံ
Published 24 December 2020
ဉာဏ်လင်းထွန်း

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ၏ ပိုင်ဆိုင်မှုစာရင်းကို ဒီဇင်ဘာလကုန် နောက်ဆုံးထားပေးပို့ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ညွှန်ကြားထားကြောင်း ပါတီနှင့် ကိုယ်စားလှယ်များထံ သိရသည်။

“ပိုင်ဆိုင်မှုနဲ့ ဆိုင်တာတော့ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း၊ မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း ပါတာပေါ့။ နောက်တစ်ခုကတော့ ဘဏ်အကောင့်တွေ ဘာတွေလည်း ပါနိုင်တာပေါ့” ဟု NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာ (ဦး) အောင်ရှင်က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များထံမှလည်း ယခုကဲ့သို့ ပိုင်ဆိုင်မှုစာရင်း ရယူခဲ့ပြီး ယခုကဲ့သို့ ပိုင်ဆိုင်မှု အထောက်အထား  ရယူထားခြင်းဖြင့် တိုင်ကြားမှု  တစ်စုံတစ်ရာရှိပါက ဖွင့်ဖောက် တိုက်ဆိုင် စစ်ဆေးနိုင်သော အားသာချက်ရှိမည်ဟု ၄င်းကဆိုသည်။

“အထူးသဖြင့် Corruption ကိစ္စတွေပေါ့လေ။ Corruption ကိစ္စတွေမှာ ပြဿနာတွေပေါ်လာရင် တိုင်တာ တောတာတွေ ရှိလာရင် ဒီဟာတွေ ပြန်ဖွင့်ဖောက်ကြည့်ပြီးတော့ စိစစ်ပြီးတော့ အရေးယူတာတွေ လုပ်နိုင်တာပေါ့” ဟု မုံရွာ (ဦး) အောင်ရှင်က ပြောကြားသည်။

NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ပိုင်ဆိုင်မှုစာရင်း တောင်းခံသည့် ညွှ့န်ကြားစာတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအပြင် ခင်ပွန်း၊ ဇနီးနှင့် သားသမီးများ၏ ပိုင်ဆိုင်မှုများလည်း ထည့်သွင်းတင်ပြရမည်ဟု ဖော်ပြပါရှိကြောင်း သိရသည်။

“အဓိကကတော့ ကိုယ့်ရဲ့ ပိုင်ဆိုင်မှုက မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေရယ်၊ ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေရော၊ ကိုယ့်ရဲ့ ဇနီးသားသမီး ပိုင်ဆိုင်တဲ့ ပစ္စည်းတွေပေါ့။ မိဘပိုင်ဆိုင်မှုတော့ မပါဘူး။ ဇနီးရယ်၊ သားသမီးရယ် သူတို့ရဲ့ ပိုင်ဆိုင်မှုတွေတော့ ပြရပါတယ်” ဟု ပြည်ကြီးတံခွန်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် အနိုင်ရထားသည့် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးလင်းက ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်နှင့် ပိုင်ဆိုင်မှုစာရင်းနှင့် ပါတီမူဝါဒများကို လိုက်နာပါမည်ဆိုသော ကတိဝန်ခံချက်များ ပါဝင်သည့် NLD ပါတီ၏ ညွှန်ကြားစာမှာ ရွေးကောက်ပွဲ မတိုင်မီတည်းက ညွှန်ကြားထားခြင်း ဖြစ်သည်ဟု ကိုယ်စားလှယ်အချို့ထံမှ သိရသည်။

“ဒီလိုမျိုးလေး ချပြထားတယ်ဆိုရင် ကောင်းပါတယ်။ ကောင်းပါတယ်ဆိုတာ အဓိကကတော့   အဂတိကင်းစင်ဖို့” ဟု ပြည်ကြီးတံခွန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးလင်းက မှတ်ချက်ပြုသည်။

ပါတီထံ ပိုင်ဆိုင်မှုစာရင်း ပေးပို့ချိန်တွင် ချိတ်ပိတ်၍ ပေးပို့ရမည်ဖြစ်ပြီး လိုအပ်မှသာ ဖွင့်ဖောက် စစ်ဆေးမည်ဖြစ်ကာ ၂၀၁၅ ရွေးကောက်ပွဲအပြီး လွှတ်တော်သက်တမ်းအတွင်း ပိုင်ဆိုင်မှု ဖွင့်ဖောက် စစ်ဆေးခဲ့ရသည့်ဖြစ်စဉ် မရှိခဲ့ဟု NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ မျိုးညွှန့်က အခြားသော မီဒီယာများတွင် ပြောကြားသည်။

NLD ပါတီသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီးတွင် ကိုယ်စားလှယ် ၈၈၆ ဦး ရွေးကောက်ခံရပြီး ယင်းအနက် အဂတိလိုက်စားမှုဖြင့် အရေးယူ၊ အမှုဖွင့်ခံရသည့် ကိုယ်စားလှယ်အချို့ ရှိခဲ့ကာ တနသာင်္ရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော် အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခံရ သည့်ဖြစ်စဉ်မှာ ထင်ရှားခဲ့သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပသည့် မဲဆန္ဒနယ် ၁၁၁၇ နေရာရှိခဲ့ပြီး NLD ပါတီက လွှတ်တော်ကိုယ်စားလှယ် ၉၂၀ အနိုင်ရပြီး ကိုယ်စားလှယ် အများဆုံး အနိုင်ရပါတီ ဖြစ်ခဲ့သည်။