COVID-19 ကာလ ကုန်သွယ်မှု မြန်ဆန်လွယ်ကူစေရန် ထိုင်းကုန်စည်များကို မြဝတီကုန်သွယ်ရေးဇုန်အထိ ခွင့်ပြုခဲ့သော်လည်း ကုန်သွယ်မှုပမာဏမှာ ယခင်နှစ် ကာလတူထက် လျော့နည်းနေ

COVID-19 ကာလ ကုန်သွယ်မှု မြန်ဆန်လွယ်ကူစေရန် ထိုင်းကုန်စည်များကို မြဝတီကုန်သွယ်ရေးဇုန်အထိ ခွင့်ပြုခဲ့သော်လည်း ကုန်သွယ်မှုပမာဏမှာ ယခင်နှစ် ကာလတူထက် လျော့နည်းနေ
မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်သည့် မြဝတီ ကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ်
မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်သည့် မြဝတီ ကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ်
Published 24 December 2020
ကိုရွှေသိန်း (မြဝတီ)

COVID-19 ကာလ ကုန်သွယ်မှု မြန်ဆန်လွယ်ကူစေရန် ထိုင်းကုန်စည်များကို မြဝတီကုန်သွယ်ရေးဇုန်အထိ ခွင့်ပြုခဲ့သော်လည်း ပို့ကုန်ရော သွင်းကုန်ပါ ယခင်နှစ် ကာလတူကထက် လျော့နည်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီနယ်စပ်မှ ကုန်သွယ်မှုကို COVID-19 ကာလ ကုန်စည်ပို့ဆောင်ရေးအတွက် နှစ်ဘက် BCF ဇုန်အချင်းချင်း အကန့်အသတ်များဖြင့် ကုန်သွယ်မှုပြုလုပ်ရာမှ ကုန်စည်စီးဆင်းမှု မြန်ဆန်လွယ်ကူစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် ထိုင်းကုန်တင်ယာဉ်များအား နိုဝင်ဘာ ၂၃ ရက်မှစ၍  မြဝတီ ကုန်သွယ်ရေးဇုန်အထိ သွားလာခွင့် ပြုခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း မြန်မာ့ကုန်တင်ယာဉ်များမှာ ထိုင်းနိုင်ငံရှိ ကုန်ပစ္စည်း သိုလှောင်ရုံများသို့ သွားခွင့်မရဘဲ မြဝတီ BCF ၌သာ ထိုင်းကုန်ကားများနှင့် အချိန်းအပြောင်းလုပ်၍ ကုန်သွယ်လျက်ရှိသည်။

ဘဏ္ဍာနှစ်သစ်ဖြစ်သော ၂၀၂၀ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၄ ရက် ကုန်သွယ်မှုပမာဏမှာ  အမေရိကန်ဒေါ်လာ ၁၅၂ ဒသမ ၉၄၆ သန်း သာကုန်သွယ်နိုင်ခဲ့သည့်အတွက် ယခင်နှစ် ကာလတူက ကုန်သွယ်ခဲ့သည့် ဒေါ်လာ ၁၉၆ ဒသမ ၆၅၈ သန်းနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၇၁၂  သန်းထိကုန်သွယ်မှု လျော့ကျခဲ့ကြောင်း သိရသည်။

ကုန်သွယ်မှု လုပ်ဆောင်ရာတွင် ထိုင်းကုန်စဉ်များကို မြန်မာနိုင်ငံဘက်တွင် အချိန်းအပြောင်း မလုပ်ရသော်လည်း မြန်မာ့ကုန်ပစ္စည်းများကို ထိုင်းသို့တင်ပို့ရာတွင် ထပ်ဆင့်ချိန်းပြောင်းနေရ၍ အချိန်ကြာမြင့်သလို မြန်မာပြောင်းဆန်များကို အခွန်လွတ် တင်ပို့ခွင့် မရသေးခြင်းကြောင့်လည်း ပို့ကုန်မှာ လျော့ကျလာခဲ့ကာ အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၄ ရက်ထိ အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၅၀၂ သန်းဖိုးသာ ကုန်သွယ်နိုင်ခဲ့ပြီး ထိုင်းကုန်ပစ္စည်းများ မြန်မာနိုင်ငံဘက်သို့ တင်သွင်းရာတွင် အမေရိကန်ဒေါ်လာ ၁၁၅ ဒသမ ၄၄၄ သန်းဖိုးသာ တင်သွင်းနိုင်ခဲ့သည်။

မြဝတီနယ်စပ်မှ မြန်မာ့ပြောင်းဖူးဆန်များကို ထိုင်းနိုင်ငံဘက်သို့ တင်ပို့ရာတွင် ထိုင်းနိုင်ငံအစိုးရက နိုင်ငံသား အကျိုးစီးပွားကို ကာကွယ်သည့် အနေဖြင့် အခွန်နှုန်းကို ၇၅ ရာခိုင်နှုန်းထိ မြှင့်ထားသည့်အတွက် တင်ပို့နိုင်ခြင်း မရှိသေးဘဲ လာမည့် ဖေဖော်ဝါရီ ၁ ရက်တွင် စပြီးတင်ပို့နိုင်ရန် မျှော်လင့်နေကြသည်။ မြန်မာ့လယ်ယာထွက် ကြက်သွန်၊ ငရုတ်နှင့် ရေထွက်ငါး၊ ပုစွန်၊ ကဏန်းစသော ရေသယံဇာတများ၊ CMP ချုပ်ထည်များသာ တင်ပို့လျက်ရှိသည်။

ထို့အတူ ပြည်တွင်းစျေးကွက်၌ ဝယ်လိုအား လျော့ကျနေသော ထိုင်းကုန်စည်များ တင်သွင်းမှုမှာလည်း လျော့ကျလျက်ရှိကြောင်း သိရသည်။

COVID-19 အရေးပေါ်ကာလအဖြစ် မတ် ၂၁ ရက်ကစတင်၍ ချစ်ကြည်ရေးတံတားပေါ်မှ ခရီးသည် သွားလာမှုကို ကန့်သတ်ထားသော်လည်း ကုန်စည်စီးဆင်းမှု မပြတ်တောက် စေရေးအတွက် နှစ်နိုင်ငံ တာဝန်ရှိသူများ၊ နယ်စပ်ကုန်သည်များက ညှိနှိုင်းကာ အမှတ်၂ ချစ်ကြည်ရေးတံတားမှ ကုန်သွယ်မှုကို ခွင့်ပြုခဲ့ပြီး မြန်မာ့လယ်ယာထွက်ကုန် ပြောင်းဆန်များ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့မှုကို ဖေဖော်ဝါရီ ၁ ရက်မှ သြဂုတ် ၃၁ ရက်ထိသာ တင်ပို့ခဲ့ကြသည်။ ထိုင်းနိုင်ငံအတွင်း ပြောင်းထွက်ချိန်နှင့် တိုက်ဆိုင်သည့်အတွက် နိုင်ငံသား အကျိုးစီးပွား ကာကွယ်သည့်အနေဖြင့် အခွန်နှုန်များစွာ မြှင့်ထားခြင်းကြောင့် ယခုအခါ ပြောင်းဆန်များ တင်ပို့နိုင်ခြင်း မရှိကြောင်းလည်း သိရသည်။

မြဝတီ-မဲဆောက် အမှတ် (၂) ချစ်ကြည်ရေး ကုန်သွယ်တံတား ၂၀၁၉ ခုနှစ် အောက်တိုဘာ ၃၀ ရက်  ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ကုန်သွယ်မှု ပိုမိုမြင့်တက်လာမည် ဖြစ်သလို တရားမဝင် ကုန်သွယ်မှု လျော့ကျလာနိုင်မည်ဟုလည်း ဆိုကြသည်။ ယခုအခါ ကိုဗစ်ကာလ အကန့်အသတ်များနှင့် အမှတ် ၁ ချစ်ကြည်ရေး တံတားနှင့်အတူ နယ်စပ်ဖြတ်ကျော် စက်လှေဂိတ်များ ပိတ်ထားဆဲဖြစ်သည်။

 

Most Read

Most Recent