ပြည်သူ့ဆန္ဒနှင့်အညီ ရွေးချယ်ခဲ့သည့် ပါတီစုံ ဒီမိုကရေစီစနစ်သည် စည်းကမ်းတကျနှင့် တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

ပြည်သူ့ဆန္ဒနှင့်အညီ ရွေးချယ်ခဲ့သည့် ပါတီစုံ ဒီမိုကရေစီစနစ်သည် စည်းကမ်းတကျနှင့် တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
ဓာတ်ပုံ - တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့
ဓာတ်ပုံ - တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့
Published 23 December 2020
မင်းနိုင်စိုး

ပြည်သူက ၎င်းတို့၏ဆန္ဒနှင့်အညီ ရွေးချယ်ခဲ့သည့် ပါတီစုံ ဒီမိုကရေစီစနစ်သည် စည်းကမ်းတကျနှင့် တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဘွဲ့ရ အမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၇) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ဒီဇင်ဘာ ၂၁ ရက်တွင် ရန်ကုန်မြို့ရှိ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) စစ်ရေးပြကွင်း၌ ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းခဲ့ရာ ၁၀ နှစ်ကာလ ရောက်လာပြီ ဖြစ်ကြောင်း၊ ပြည်သူက ၎င်းတို့၏ဆန္ဒနှင့်အညီ ရွေးချယ်ခဲ့သည့် ပါတီစုံ ဒီမိုကရေစီစနစ်သည် စည်းကမ်းတကျနှင့် တည်ငြိမ်အေးချမ်းစွာရှိရန် လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဒီမိုကရေစီသည် အဓိပ္ပာယ်များစွာ ကျယ်ဝန်းသော်လည်း အရေးကြီးဆုံးသည် စည်းကမ်းနှင့် ဥပဒေကို လေးစားလိုက်နာခြင်းပင် ဖြစ်ကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မြဲရေးအတွက် ကြိုးပမ်းဆောင်ရွက် ထိန်းသိမ်းသွားကြရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်တွန်း ပြောကြားသည်။

ထို့ပြင် တပ်မတော်သားများအနေဖြင့် မည်သည့်နေရာတွင် တာဝန်ထမ်းဆောင်သည်ဖြစ်စေ၊ အမြဲတမ်း တိုက်ပွဲဝင် အသင့်ဖြစ်နေရမည် ဖြစ်ကြောင်း၊ တိုက်ပွဲဝင်အသင့် ဖြစ်စေရန်အတွက် အမြဲတမ်း လေ့ကျင့်နိုင်ရန် လိုအပ်ပြီး ထိုသို့လေ့ကျင့်နိုင်ရန်အတွက် စစ်သည်တိုင်း ကျန်းမာရေးနှင့်ညီညွတ်သည့် စားသောက်နေထိုင်မှု ရှိရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

စစ်မြေပြင်တွင် တိုက်ပွဲဝင်ချိန်၌ ကြံ့ခိုင်မှု မပြည့်ဝပါက တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်မည် မဟုတ်သည့်အတွက် မိမိတို့ ဆောင်ရွက်ရမည့် ပုံမှန်လေ့ကျင့်ရေး ဆောင်ရွက်မှုများကို မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်းအားဖြင့် တပ်မတော်၏ တိုက်စွမ်းရည်ကို မြှင့်တင်သွားရမည် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ကျန်းမာအောင်နေ၊ သန်စွမ်းအောင် လေ့ကျင့်ရမည်ဖြစ်ပြီး တပ်မတော်သားပီသစွာ လုပ်သင့်လုပ်ထိုက်သည့် ကြံ့ခိုင်မှုများကို နေ့စဉ် လုပ်ဆောင်နေကြရမည် ဖြစ်ကြောင်း၊ စွမ်းရည်ထက်မြက်သည့် တပ်မတော်ဖြစ်ရန် ဆောင်ရွက်ရာတွင် တစ်ဦးချင်း လေ့ကျင့်ရေး၊ အဖွဲ့လိုက်လေ့ကျင့်ရေးနှင့် ပူးပေါင်းလေ့ကျင့်ရေးတို့ကို လေ့ကျင့်ရာတွင် ကျန်းမာကြံ့ခိုင်ရမည်၊ ကျွမ်းကျင်မှု ရှိရမည်၊ ရဲစွမ်းသတ္တိရှိရမည်ဆိုသည့် တပ်မတော်၏ လေ့ကျင့်ရေး အခြေခံမူများနှင့်အညီ ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

လေ့ကျင့်သားပြည့်ဝမှ တပ်ဖွဲ့ဝင်များ၏ ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းမှု၊ ကျွမ်းကျင်မှုနှင့် ယုံကြည်မှုတို့ကို မြင့်မားစေပြီး ပေးအပ်သည့် အမိန့်နှင့်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် မိမိတို့ တပ်မတော်သားများ အနေဖြင့် အမြဲကျန်းမာကြံ့ခိုင်စေရန် လေ့ကျင့်ကြရန် လိုအပ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။           

Most Read

Most Recent