သဘာဝဓာတ်ငွေ့၊ LNG နှင့် ရေအားမှသာမက နေရောင်ခြည်သုံးလျှပ်စစ် အပါအဝင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်တို့မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည့် ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုထား

သဘာဝဓာတ်ငွေ့၊ LNG နှင့် ရေအားမှသာမက နေရောင်ခြည်သုံးလျှပ်စစ် အပါအဝင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်တို့မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည့် ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုထား
မင်းဘူး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူငြိမ်း)
မင်းဘူး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူငြိမ်း)
Published 22 December 2020

သဘာဝဓာတ်ငွေ့၊ LNG နှင့် ရေအားတို့မှသာမက နေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အား အပါအဝင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်တို့မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည့် ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုထားကြောင်း ရင်းနှီးမြှုပ်နှံနှင နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

“လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အားကဏ္ဍဟာ အခြေခံ ကျပါတယ်။ ဒါကြောင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်မီး ရရှိရေးအတွက် နိုင်ငံတော်က စီမံကိန်းများချမှတ်ပြီး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝဓာတ်ငွေ့၊ LNG နဲ့ ရေအားတို့မှသာမက နေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အား အပါအဝင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်တို့မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည့် ရင်းနှီးမြှုပ်နှံမှုကိုလည်း ခွင့်ပြုထားပြီး ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် လျှပ်စစ်ဓာတ်အား အမျိုးအစားအလိုက် စုစုပေါင်း ကီလိုဝပ်နာရီသန်းပေါင်း ၂၃၆၆၃ ဒသမ ၁၆ ထုတ်လုပ်ထားပြီး သဘာဝဓာတ်ငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၁၆၁၈ ဒသမ ၂၁ နှင့် ရေအားလျှပ်စစ်မှ ကီလိုဝပ်နာရီသန်း ပေါင်း ၉၃၆၆ ဒသမ ၃၅ ထုတ်လုပ်ထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို ကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ထားသည်။

နှစ်အလိုက် လျှပ်စစ်ဓာတ်အား အမျိုးအစားလိုက် လျှပ်စစ်ထုတ်လုပ်မှုအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၁၂၂၇ ဒသမ ၈၂၊ သဘာဝဓာတ်ငွေမှ ကီလိုဝပ်နာရီသန်းပေါင်း ၉၃၆၆ ဒသမ ၅၆၊ ရေနွေးငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၂၁၆၉ ဒသမ ၇၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၄ ဒသမ ၇၃ ထုတ်လုပ်ထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၂၂၆၅ ဒသမ ၀၃၊ သဘာဝဓာတ်ငွေ့မှ ကီလိုဝပ်နာရီ သန်းပေါင်း ၇၄၅၉ ဒသမ ၂၂၊ ရေနွေးငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၈၀ ဒသမ ၆၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီ သန်းပေါင်း ၇၇ ဒသမ ၅၅ ထုတ်လုပ်ထားသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ရေ အားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၂၂၆၅ ဒသမ ၀၃၊ သဘာဝဓာတ်ငွေမှ ကီလိုဝပ်နာရီ သန်းပေါင်း ၇၄၅၉ ဒသမ ၂၂၊ ရေနွေးငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၈၀ ဒသမ ၆၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီ သန်းပေါင်း ရရဒသမ ၅၅ ထုတ်လုပ်ထားသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ နှစ်အလိုက် လျှပ်စစ်ဓာတ်အား တိုးတက်ထုတ်လုပ်နိုင်မှု အခြေအနေမှာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ယူနစ်သန်းပေါင်း ၁၅၉၆၅၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ယူနစ်သန်းပေါင်း ၁၇၈၆၇၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ယူနစ်သန်းပေါင်း ၂၀၀၅၅၊ ၂၀၁၈- ၂၀၁၈ ဘဏ္ဍာနှစ်တွင် ယူနစ်သန်းပေါင်း ၂၂၈၇၉ နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ယူနစ်သန်းပေါင်း ၂၇၃၀၀ အထိ တိုးတက် ထုတ်လုပ်ခဲ့ကြောင်း သိရသည်။

နှစ်အလိုက် လူတစ်ဦးချင်း လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲနိုင်မှု အခြေအနေကို လေ့လာကြည့်ပါက ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်က ကီလိုဝပ်နာရီ ၂၆၃၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်က ကီလိုဝပ်နာရီ ၃၀၁၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က ကီလိုဝပ်နာရီ ၃၃၅၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က ကီလိုဝပ်နာရီ ၃၇၉ နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကီလိုဝပ်နာရီ ၄၃၂ အထိရှိလာခဲ့ကာ ငါးနှစ်အတွင်း ကီလိုဝပ်နာရီ ၁၆၉ အထိ တိုးတက်လာခဲ့ကြောင်း သိရသည်။

Most Read

Most Recent