လက်ရှိ အနေအထားအရ ရန်ကုန်တိုင်းရှိ လူဦးရေ၏ သုံးရာခိုင်နှုန်း၊ လေးရာခိုင်နှုန်းက COVID-19 ပိုးရှိသူများ ဖြစ်နေနိုင်ကြောင်း COVID-19 ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြောကြား

လက်ရှိ အနေအထားအရ ရန်ကုန်တိုင်းရှိ လူဦးရေ၏ သုံးရာခိုင်နှုန်း၊ လေးရာခိုင်နှုန်းက COVID-19 ပိုးရှိသူများ ဖြစ်နေနိုင်ကြောင်း COVID-19 ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြောကြား
Published 22 December 2020
အိသဥ္ဇာကျော်

လက်ရှိ အနေအထားအရ ရန်ကုန်တိုင်းဒေသကြီးရှိ လူဦးရေ၏ သုံးရာခိုင်နှုန်း၊ လေးရာခိုင်နှုန်းက COVID-19 ပိုးရှိသူများ ဖြစ်နေနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၊ COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက နိုင်ငံပိုင် မီဒီယာတွင် ပြောကြားထားသည်။

“ ယခု အနေအထားအရ လူဦးရေရဲ့ သုံးရာခိုင်နှုန်း၊ လေးရာခိုင်နှုန်းက ပိုးရှိသူတွေ ဖြစ်နေနိုင်ပါတယ်။ တကယ်လို့သာ ဒီ Data ဒီတွက်ချက်မှုသာ မှန်ကန်မယ်ဆိုရင် ရန်ကုန်ရဲ့ လူဦးရေ ခုနစ်သန်းမှာ သုံးရာခိုင်နှုန်းဆိုရင် ၂၁၀၀၀၀ ပိုးရှိသူ ဖြစ်နေနိုင်ပါတယ်။ လေးရာခိုင်နှုန်းဆိုရင် ၂၈၀၀၀၀ ပိုး ရှိနေနိုင်ပါတယ်။ ဒါကို ယခုအချိန်မှာ ကျွန်တော်တို့ တစ်သိန်းလောက် ရှာထားပြီးပြီဆိုရင် တကယ်တော့ တစ်သိန်း၊ နှစ်သိန်း လူထုထဲမှာ ရှိနေနိုင်တာ ဖြစ်ပါတယ် ဟု ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက ပြောကြားသည်။

လက်ရှိ COVID-19 ကူးစက်မှုအနေအထားမှာ တန်းပြီးတင်းခံနေသည့် အနေအထားဖြစ်နေပြီး ထိုကဲ့သို့ ဖြစ်ရခြင်းမှာ လူအများစုဝေးသည့် နေရာများတွင် ကူးစက်မှုများနေခြင်းကြောင့် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောကြားထားသည်။

“ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိ ရောဂါကူးစက်မှု အနေအထားက တန်းနေတယ်။ တင်းခံနေတဲ့ အနေအထား၊ အောက်ကို ဒီထက်မကျနိုင်တဲ့ အနေအထားကို ပြန်ကြည့်တဲ့အခါ လူစုတဲ့နေရာတွေက ကူးစက်မှုကို အခြေခံတယ်ဆိုတာကို တွေ့ရတယ်။ စျေးတွေမှာ တွေ့တယ်။ ဘိုးဘွားရိပ်သာလို အချို့စက်ရုံအလုပ်ရုံတို့ အချို့ဘာသာရေး၊ သာသနာရေးနဲ့ ပတ်သက်တဲ့နေရာတို့ အချို့အကြောင်းကိစ္စ အမျိုးမျိုးကြောင့် လူစုစုဖြစ်သွားတဲ့ နေရာတွေမှာ ကူးစက်မှုများတာ တွေ့ရပါတယ်” ဟု ဒေါက်တာသန်းနိုင်စိုးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ စျေး၊ ကား ဂိတ်၊ ရေဆိပ်နှင့် လေဆိပ်များတွင် COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးပညာပေး လူထုလှုပ်ရှားမှုအစီအစဉ်အဖြစ် Mask အခုရေ တစ်သန်း၊ Face Shield အခုရေ တစ်သိန်း ဝေငှခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

“ စျေးဆိုတာတော့ လူတိုင်းမဖြစ်မနေ သွားရောက်ရတဲ့နေရာ ဖြစ်တယ်။ စျေးရောင်းတဲ့ သူကလည်း ကိုယ့်ရဲ့ စားဝတ်နေရေးအရ စျေးရောင်းမှသာ အသက်မွေးဝမ်းကျောင်း အဆင်ပြေမှာဖြစ်သလို စျေးဝယ်တဲ့ သူကလည်း ဘယ်လောက်ပဲ အိမ်ထဲမှာနေနေ အချိန်တစ်ခုကျလာရင် သူစျေးထွက်ဝယ်ရမယ့် ကာလတစ်ခုကို ရောက်လာမယ်။ အခုဆိုရင် ရောဂါဖြစ်ပွားတဲ့ ကာလကလည်း ၁၀ လ ၁၁ လထဲ ရောက်လာပြီ။ ကူးစက်ပုံကိုလည်း တော်တော်သိပြီ။ အဓိကကျတဲ့ ကာကွယ်ရေး နည်းလမ်းကတော့ မဖြစ်မနေ ကိုယ်က စျေးသွားရောင်းရမယ်ဆိုရင် အိမ်ကထွက်တာနဲ့ မဖြစ်မနေ Mask ကို တပ်ရပါမယ်။ ပြီးရင် အခြားလူတွေနဲ့ နီးနီးကပ်ကပ် ဆက်ဆံပြောဆိုရတဲ့ နေရာမျိုးမှာ Face Shield ပါ တပ်ထားဖို့ လိုပါတယ်” ဟု ဒေါက်တာ သန်းနိုင်စိုးက ပြောကြားသည်။

ပညာပေးလုပ်ငန်းများအဖြစ် စျေးသည်များအား ပါးစပ်နှင့် နှာခေါင်းစည်း၊ မျက်နှာအကာများ ဝေငှပညာပေးခြင်း၊ စျေးဝယ်သူများအား ပါးစပ်နှင့် နှာခေါင်းစည်းများ ဝေငှပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေ အသိပညာပေးခြင်းနှင့် အများလိုက်နာရမည့် COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ အမူအကျင့်ကောင်းများ ကို လက်ကိုင်စပီကာများဖြင့် ကြော်ငြာအသိပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

COVID-19 သံသယနှင့် စောင့်ကြည့်လူနာများ Rapid Test Kit ဖြင့် စစ်ဆေးရမည့် သတ်မှတ်ရက် မတိုင်မီ ရောဂါ သံသယလက္ခဏာများ ပေါ်လာပါက Rapid Test Kit ဖြင့် ချက်ချင်း စစ်ဆေးရန် ပြည်သူ့ကျန်းမာရေးဌာန ညွှန်ကြားထားသည်။ 

COVID-19 ကို ဖြစ်ပွားစေသော SARS-CoV-2 ဗိုင်းရပ်ပိုးသည် ဗိုင်းရပ်စ်ပိုးတို့၏ သဘော သဘာဝအရ ဗီဇပြောင်းလဲမှုသစ်ဖြစ်ကာ အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်းတွင် ရောဂါကူးစက်ပျံ့နှံ့မှုများ တွေ့ရှိနေကြောင်း ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၄ ရက်၌ အဆိုပါနိုင်ငံမှ ထုတ်ပြန်ကြေညာခဲ့ကြောင်း ဒီဇင်ဘာ ၂၁ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ ဗီဇပြောင်းဗိုင်းရပ်စ်ကို VUI-202012/01 ဟု ခေါ်ဝေါ်ထားပြီး အခြား SARS-CoV-2 ဗိုင်းရပ်စ်ပိုးများထက် ပိုမိုကူးစက် ပျံ့နှံ့လွယ်သည်ကို တွေ့ရှိရကြောင်း၊ သို့ရာတွင် ယင်းဗီဇပြောင်း ဗိုင်းရပ်စ်ကြောင့် ရောဂါပြင်းထန်မှု ပိုမိုလာသည်ဆိုသော အထောက်အထား မတွေ့ရှိရသေးကြောင်း နှင့် အဆိုပါ SARS-CoV-2 ဗိုင်းရပ်စ်ပိုး၏ ဗီဇပြောင်းလဲမှုအသစ်အား ပညာရှင်ပေါင်းစုံက ပူးပေါင်းကာ စုံစမ်းစစ်ဆေး စမ်းသပ်မှုများ ဆက်လက် ပြုလုပ်လျက်ရှိကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent