ဂျပန် အစိုးရ ကြားဝင်ညှိနှိုင်းမှုနှင့် ရခိုင်မြောက်ပိုင်းမှာ ရွေးကောက်ပွဲ ဖြစ်နိုင်သေးလား

ဂျပန် အစိုးရ ကြားဝင်ညှိနှိုင်းမှုနှင့် ရခိုင်မြောက်ပိုင်းမှာ ရွေးကောက်ပွဲ ဖြစ်နိုင်သေးလား
နိုဝင်ဘာ ၁၀ ရက်က နေပြည်တော်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ် ဆာဆာကာဝါတို့ တွေ့ဆုံစဉ် (Photo:Myanmar State Counseller Office)
နိုဝင်ဘာ ၁၀ ရက်က နေပြည်တော်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ် ဆာဆာကာဝါတို့ တွေ့ဆုံစဉ် (Photo:Myanmar State Counseller Office)
Published 21 December 2020
အလင်းဒီ

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မြို့နယ်လုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသည့် မြို့နယ် ၁၅ ခုရှိပြီး ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်ဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်ခြောက်ခုမှ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအချို့တွင် လွတ်လပ်၊တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာ ၁၆ ရက်တွင် ကြေညာသည်။

ကော်မရှင် ကြေညာချက်အရ ရခိုင်ပြည်နယ်ရှိ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦးနှင့် ပေါက်တောမြို့နယ်များတွင် မြို့နယ်လုံးကျွတ် ရွေးကောက်ပွဲကျင်းပခဲ့ခြင်း မရှိပေ။

လွှတ်တော်သုံးရပ်ပေါင်း ရွေးကောက်ပွဲကျင်းပသည့် မဲဆန္ဒနယ် ၂၈ နေရာသာရှိပြီး ရွေးကောက်ပွဲ မကျင်းပသည့် မဲဆန္ဒနယ်က ၃၅ နေရာအထိ ရှိခဲ့သည်။

ထို့ကြောင့် ရွေးကောက်ပွဲအပြီးတွင် ရခိုင်ပြည်နယ်၏ တတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးသာ ထွက်ပေါ်ခဲ့ပြီး တပ်မတော်သားကိုယ်စားလှယ်နှင့်ပေါင်းမှ စုစုပေါင်း ၂၀ ဦးသာရှိမည့် အနေအထားဖြစ်သည်။

“ဒါက တစ်ပြေးညီ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ ဘေးထွက်ဆိုးကျိုး” ဟု ရခိုင်အမျိုးသားပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ပြောကြားသည်။

ရခိုင်ပြည်နယ်ကဲ့သို့ ရှမ်းပြည်နယ်သည်လည်း မြို့နယ်လုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲ ပယ်ဖျက်ခံရသော်ငြား မိုင်းလားတစ်မြို့နယ်သာ နယ်မြေတည်ငြိမ်အေးချမ်းလျက် ပယ်ဖျက်သည်ဆိုပြီး ကော်မရှင်ကို ဝေဖန်ခဲ့ကြသည်။

ကျန်ငါးမြို့နယ်မှာ ယခင်ကတည်းက ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် “၀” (UWSA) နှင့် မိုင်းလား (NDAA) လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ရာနယ်မြေ ဖြစ်သည်။

ထို့ကြောင့် ၂၀၂၀ ရွေးကောက်ပွဲသည် ယခင်ရွေးကောက်ပွဲ နှစ်ကြိမ်ထက် ရွေးကောက်ပွဲမကျင်းပသည့် မဲဆန္ဒနယ် အများဆုံးအဖြစ် စံချိန်တင်မှုတွင် ရခိုင်ပြည်နယ်က အထိနာဆုံးဖြစ်ခဲ့သည်။

“ရခိုင်မှာ ရွေးကောက်ပွဲကျင်းပတာဟာ လက်နက်ကိုင်တွေနဲ့ ထာဝရအပစ်အခတ် ရပ်စဲရေး ဒါမှမဟုတ် ငြိမ်းချမ်းရေးကို ဦးတည်တဲ့ အဓိကကျတဲ့ ခြေလှမ်းဖြစ်ပါတယ်” ဟု ဂျပန်အစိုးရကိုယ်စားလှယ် မစ္စတာဆာဆာကာဝါက ဂျပန်သတင်းစာ Assia Nikkei သို့ ဒီဇင်ဘာ ၃ ရက်က ပြောကြားသည်။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ မတိုင်မီ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်အများစုတွင် တပ်မတော်နှင့် AA ကြားဖြစ်ပွားသည့် စစ်ရေးပဋိပက္ခက ရွေးကောက်ပွဲ ဘေးကင်းလုံခြုံစွာ ကျင်းပနိုင်မှု ရှိ၊ မရှိမှာ မေးခွန်းထုတ်စရာ ဖြစ်သည်။

သို့သော် ပလက်ဝကဲ့သို့ တပ်မတော်နှင့် AA ကြား စစ်ရေးပဋိပက္ခ အချက်အချာကျရာမြို့နယ်ကို မြို့ပေါ်ရပ်ကွက်ခုနစ်ခုနှင့် ကျေးရွာအုပ်စုတစ်စုတို့ဖြင့် ရွေးကောက်ပွဲဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားမှုမရှိသည့် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ကို ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်မှ ပယ်ဖျက်မှုအပေါ် နိုင်ငံရေးစက်ဝန်းမှ ပုဂ္ဂိုလ်များ နားမလည်နိုင်ဖြစ်ခဲ့ရသည်။

“ဒီလိုအချက်တွေရှိလို့ ရွေးကောက်ပွဲ မလုပ်ဘူးဆိုရင် အဲဒီပေတံက နေရာတကာမှာ အကုန်လုံးတူဖို့လိုတယ်။ နောက်တစ်ချက်က ပွင့်လင်းမြင်သာတဲ့ ဆုံးဖြတ်ချက်မျိုး ဖြစ်ဖို့လိုတယ်” ဟု ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ပြောကြားသည်။

ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်မြေထုတ်ပြန်မှုကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ သဘောထားမှတ်ချက်အရ ဆောင်ရွက်ခြင်းဖြစ်သည်ဟု ကော်မရှင်တာဝန်ရှိသူများက အောက်တိုဘာ ၂၀ ရက်တွင် ပြန်လည်ရှင်းလင်းခဲ့သည်။

ရခိုင်ပြည်နယ် ၁၇ မြို့နယ်အနက် သံတွဲ၊ ဂွ၊ ရမ်းဗြဲနှင့် မာန်အောင်မြို့နယ်များတွင်သာ ရွေးကောက်ပွဲ အပြည့်အဝကျင်းပနိုင်ပြီး စစ်တွေ၊ အမ်း၊ ကျောက်ဖြူနှင့် တောင်ကုတ်မြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုအချို့တွင်လည်း ရွေးကောက်ပွဲ မကျင်းနိုင်ခြင်းကြောင့် မဲဆန္ဒရှင် ပြည်သူ ၁၂ သိန်းခန့် မဲပေးခွင့်ဆုံးရှုံးခဲ့သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ထည့်သွင်းမကျင်းပခဲ့သည့် မဲဆန္ဒနယ်အားလုံးနီးပါးကို ၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီကအနိုင်ရရှိခဲ့ပြီး ယင်းမဲဆန္ဒနယ်များအတွင် ဗဟိုအစိုးရဖွဲ့စည်းခွင့်ရ NLD ပါတီ အားကောင်းခြင်း မရှိပေ။

တိုင်းရင်းသားပါတီ အားကောင်း၍ ယခုကဲ့သို့ မြို့နယ်အများအပြားကို ရွေးကောက်ပွဲ ပယ်ဖျက်ခြင်းဖြစ်ကြောင်း ယိုးစွပ်မှုရှိခဲ့ပြီး ယင်းအပေါ် NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဉာဏ်ဝင်းက “သူတို့က အေးချမ်းမှုမရှိဘူးဆိုတာကို ချန်ထားတာကိုးဗျ” ဟု အောက်တိုဘာ ၁၈ ရက်က တုံ့ ပြန်ပြောကြားခဲ့သည်။

လက်ရှိအနေအထားတွင် ရွေးကောက်ပွဲ ကျင်းပပြီးစီးသည့်တိုင် ရခိုင်ရှိ ရွေးကောက်ပွဲမကျင်းပသည့် မြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပရေး တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့် ရခိုင်နိုင်ငံရေး ပါတီများတွင် အာသီသရှိနေသည်။

အကြောင်းက စစ်ရေးပဋိပက္ခ တည်ငြိမ်လျက်ရှိသော အနေအထားကြောင့်ဖြစ်သည်။

ဂျပန်ကြားဝင်မှုနှင့် ရွေးကောက်ပွဲကျင်းပရေး ဆော်သြနေမှုအချို့

ရွေးကောက်ပွဲမကျင်းပသည့် မြို့နယ် ကိုးခုတွင် ရွေးကောက်ပွဲ ကျင်းပရေး ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က နိုဝင်ဘာ ၁၂ ရက်တွင် တရားဝင်ထုတ်ပြန်သည်။

ရွေးကောက်ပွဲ မကျင်းပရသေးသည့် မြို့နယ်များတွင် ကြားဖြတ်ရွေးကောက်ပွဲတစ်ရပ်ကို ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ ကျင်းပပေးရေး NLD အစိုးရနှင့် တပ်မတော်အား မေတ္တာရပ်ခံကြောင်းနှင့် ရွေးကောက်ပွဲ ကျင်းပရန် တည်ငြိမ်သည့် အခြေအနေတစ်ခုဖန်တီးရေး အစိုးရ၊ သက်ဆိုင်ရာ အဖွဲ့အစည်းတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း AA ထုတ်ပြန်ချက်တွင် ပါရှိသည်။

AA ထုတ်ပြန်ချက်အပေါ် တပ်မတော်ဘက်ကလည်း နေ့မကူးမီ ချက်ချင်းဆိုသလိုပင် AA ထုတ်ပြန်ချက်ကို ကြိုဆိုကြောင်းနှင့် မြို့နယ်ကိုးခုတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

နှစ်ဖက်အဖွဲ့အစည်းကြား အဆိုပါ ထုတ်ပြန်ချက်များတွင် တပ်မတော်ကလည်း ULA/AA ဟု သုံးနှုန်းကာ AA ကလည်း မြန်မာ့တပ်မတော်ဟုသုံးနှုန်းပြီး တစ်ဖက်နှင့်တစ်ဖက် ယခင်က သုံးနှုန်းခဲ့သည့် အသုံးအနှုန်းများကို ရှောင်ရှားသည်အထိ အပြုသဘောဆောင်ခဲ့သည်။

ထိုမှစ၍ နှစ်နှစ်ခန့် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့ကြား ရွေးကောက်ပွဲကျင်းပရေးကိစ္စ အကြောင်းပြု၍ စစ်ရေးတင်းမာမှု လျော့နည်းသွားသည်။

ယင်းသို့ နှစ်ဖက်အဖွဲ့အစည်းကြား အပြုသဘောဆောင်သည့် အခြေအနေဖြစ်ရေး နောက်ကွယ်မှညှိနှိုင်းသူမှာ ဂျပန်အစိုးရ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကိုယ်စားလှယ် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါဖြစ်သည်။

AA အနေဖြင့်ရွေးကောက်ပွဲ ဖြစ်မြောက်ရေးမျှော်လင့်ပါက ယင်းသို့ဆန္ဒရှိကြောင်းကို တိုက်ပွဲကိစ္စနှင့် သမိုင်းဆိုင်ရာများ ထည့်သွင်းခြင်းမရှိဘဲ ကြေညာချက်ထုတ်ပြန်ရန်နှင့် ယင်းသို့ AA ထုတ်ပြန်ချက်အပေါ် တပ်မတော်ဘက်က ကြိုဆိုသည့် သဘောထားထုတ်ပြန်ရန် နှစ်ဖက်အဖွဲ့အစည်းအကြား မစ္စတာ ဆာဆာကာဝါ အနေဖြင့် ညှိနှိုင်းခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မာရုယာမက Weekly Eleven ကို နိုဝင်ဘာ ၂၀ ရက်က ပြောကြားသည်။

ထို့ပြင် ၎င်းတို့နှစ်ဦးသည် နိုဝင်ဘာ ၂၈ ရက်က ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်နှင့် ကျောက်တော်မြို့နယ်များသို့ သွားရောက်ပြီး ရွေးကောက်ပွဲကျင်းပနိုင်သည့် အနေအထား ရှိ၊ မရှိ လေ့လာခဲ့ကြသည်။

ဒေသခံများဘက်မှ ရွေးကောက်ပွဲ ကျင်းပလိုသည့် ဆန္ဒတွေ့ရသလို လက်ရှိတွင် အပစ်အခတ်ရပ်စဲသည့် အခြေအနေဖြစ်၍ ရွေးကောက်ပွဲကျင်းပနိုင်သည့် အနေအထားရှိသည်ကို အစိုးရတာဝန်ရှိသူများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ကို တင်ပြသွားမည်ဟု မစ္စတာဆာဆာကာဝါက ရခိုင်ခရီးစဉ်တွင် ပြောကြားခဲ့သည်။

အလားတူ ရခိုင်ပါတီများကလည်း ကော်မရှင်မှ ရွေးကောက်ပွဲ ကျင်းပမည်ဆိုလျှင် ၎င်းတို့အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် အသင့်ရှိသည်ဟု ဆိုသည်။ 

“ကိုးမြို့နယ်မှာ ရှစ်မြို့နယ်လောက် စာရင်းတင်သွင်းခဲ့တာ ရှိပါတယ်။ အသစ် လက်ခံမယ်ဆိုရင်လည်း ကျွန်တော်တို့ဘက်က အဆင်သင့်ရှိပါတယ်” ဟု ရခိုင့်ဦးဆောင် ပါတီဒုတိယဥက္ကဋ္ဌ ဦးကျော်ဇော်ဦးက ပြောကြားသည်။

သမ္မတ၏ မေတ္တာရပ်ခံချက်နှင့် နှုတ်ဆိတ်နေဆဲ UEC

လွတ်လပ်၊ တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်သော လုံခြုံရေးအခြေ အနေမရှိ၍ ရွေးကောက်ပွဲ ရွှေ့ဆိုင်းခဲ့ရခြင်းကြောင့် ရခိုင်ပြည်သူများအတွက် အထူးစိတ်မကောင်းဖြစ်ရသည်ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဒီဇင်ဘာ ၁၅ ရက်က ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ပြောကြားသည်။

ထို့ကြောင့် အဆိုပါနယ်မြေဒေသများတွင် တည်ငြိမ်အေးချမ်းပြီး လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများ အမြန်ဆုံးကျင်းပနိုင်သည့် အခြေအနေရောက်ရှိရေး သက်ဆိုင်သည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများ အားလုံးက ၀ိုင်းဝန်းကူညီဆောင်ရွက်ရန် အထူးမေတ္တာရပ်ခံသည်ဟု သမ္မတဦးဝင်းမြင့်၏ သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

သမ္မတကဲ့သို့ပုဂ္ဂိုလ်မှာ မည်သို့ဆောင်ရွက်ပါရန်ဟူ၍ တိုက်တွန်းရမည့်သူမျိုး မဟုတ်ဘဲ အဆုံးအဖြတ်ပေးရမည့်သူမျိုးဖြစ်ကြောင်း တိုင်းရင်းသားအရေး သုတေသီ ဦးမောင်မောင်စိုးက ထောက်ပြသည်။

“ဆုံးဖြတ်ပေးသင့်တယ်လို့ပဲ ထင်ပါတယ်။ လုပ်သင့်တယ်။ သို့မဟုတ် မလုပ်သင့်ဘူးဆိုတဲ့ အဆုံးအဖြတ်မျိုးပေးတာပိုကောင်းတယ်လို့ ထင်ပါတယ်” ဟု ၎င်းကဆိုသည်။

ရွေးကောက်ပွဲကျင်းပရေး အခရာဖြစ်သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲအပြီး ဝေဖန်ထိုးနှက်မှုများနှင့်စပ်လျဉ်း၍ ပြန်လည်တုံ့ပြန်မှုအချို့သာတွေ့ရပြီး မြို့နယ်အများအပြား ရွေးကောက်ပွဲ မကျင်းပနိုင်ဘဲ ကျန်ရစ်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ တစ်စုံတစ်ရာသော ထပ်မံအသိပေးခြင်းမျိုး ပြုလုပ်ရန် ပျက်ကွက်နေသည်ဟု ဝေဖန်မှုများ ရှိသည်။

“လုံခြုံရေးအရ အဓိကတာဝန်ရှိတဲ့ AA/ULA နဲ့ မြန်မာ့တပ်မတော်က ရွေးကောက်ပွဲတွေအတွက် အပစ်အခတ်တွေ ရပ်စဲထားမယ်ဆိုတဲ့ သဘောထားထုတ်ပြန်ချက်တွေလည်း ထုတ်ပြန်တယ်။ အခုလက်တွေ့အားဖြင့်လည်း တစ်လကျော် အပစ်အခတ်တွေ ရပ်စဲထားပြီးသားဖြစ်တယ်။ ဒီအနေအထားမှာမှ အလုံးစုံအာဏာရှိတယ်လို့ သတ်မှတ်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ ရွေးကောက်ပွဲကျင်းပပေးဖို့ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ချက်မျိုး မထုတ်သေးဘူး” ဟု ရခိုင်အမျိုးသားပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ပြောကြားသည်။

ရွေးကောက်ပွဲဖြစ်မြောက်ရေး အားလုံးက ၀ိုင်းဝန်းတိုက်တွန်းနေချိန်တွင် UEC အနေဖြင့် ရွေးကောက်ပွဲလုပ်မည်၊ မလုပ်မည်ကို ယတိပြတ် ထုတ်ဖော်ပြောဆိုရန် လိုအပ်သည်ဟု ဦးမောင်မောင်စိုးက ပြောကြားသည်။

ရခိုင်မြောက်ပိုင်းတွင် လုံခြုံရေးအခြေအနေ ကောင်းမွန်ပြီး ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်သည့် အနေအထားရှိလျှင် အမြန်ဆုံးရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးကြိုးစားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၎င်းနှင့် နိုဝင်ဘာ ၆ ရက်တွင် ပထမအကြိမ်တွေ့ဆုံစဉ်ပြောကြားခဲ့သည်ဟု ဂျပန်အစိုးရကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါက နိုဝင်ဘာ ၂၈ ရက် ရခိုင်ခရီးစဉ်တွင် ပြောကြားသည်။

သို့သော် လက်နက်ကိုင် အဖွဲ့အစည်းနှစ်ခုက ယခုလအတွင်း ရွေးကောက်ပွဲကျင်းပရေး သဘောထားပြသနေမှုအပေါ် ကော်မရှင်ဘက်က တရားဝင်တုံ့ပြန်မှု တစ်စုံတစ်ရာ မရှိသေးပေ။

အတားအဆီးအချို့နှင့် အမည်နာမဆိုင်ရာ အငြင်းပွားမှု

တပ်မတော်နှင့် AA နှစ်ဖက် လက်နက်ကိုင် အဖွဲ့အစည်းအကြား ရွေးကောက်ပွဲအကြောင်းပြု၍ ဆက်ဆံရေး တိုးတက်မှုများက ငြိမ်းချမ်းရေးအတွက် မည်မျှအာမခံချက်ရှိမည်ကို မှန်းဆရန် ခက်ခဲသည်။

သို့သော် ဂျပန်အစိုးရကိုယ်စားလှယ် စေ့စပ်ညှိနှိုင်းမှုဖြင့် ရွေးကောက်ပွဲကျင်းပရေး တရားဝင် သဘောထားထုတ်ပြန်ချက်များကြောင့် ဒုတိယအကြိမ်လွှတ်တော်သက်တမ်း မကုန်ဆုံးမီ ရွေးကောက်ပွဲကျင်းပမည်လားဆိုသည့် မေးခွန်းက လတ်တလောတွင် ယုတ္တိကင်းမဲ့သည်တော့ မဟုတ်။ 

သို့သော် အဓိက အငြင်းပွားနေကြသည်မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီးခဲ့၍ နောက်ဆက်တွဲရွေးကောက်ပွဲဟု ခေါ်ဆိုမည်လား၊ ကြားဖြတ်ရွေးကောက်ပွဲဟု ခေါ်ဆိုမည်လား၊ ထိုသို့ကျင်းပသည့် ရွေးကောက်ပွဲက ဥပဒေနှင့် လျော်ညီရဲ့လားဟူ၍ ဖြစ်သည်။

အာဏာရ NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က ရခိုင်မြောက်ပိုင်းတွင် ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပရေး သဘောထားရှိသော်လည်း တည်ဆဲဥပဒေကို ဆန့်ကျင်ပြီး နားလည်မှုနှင့် လုပ်ဆောင်ခြင်းမျိုးတော့မဖြစ်သင့်ဟု ဒီဇင်ဘာ ၁၂ ရက် ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီး မီဒီယာများအား ပြောကြားသည်။

ရွေးကောက်ပွဲဥပဒေအရ လွှတ်တော် ပုံမှန်သက်တမ်း၏ ပထမနှစ်နှင့် နောက်ဆုံးနှစ်တွင် ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်၍ မရဘဲ အချို့သုံးစွဲနေကြသည့် နောက်ဆက်တွဲ သို့မဟုတ် ဆက်စပ် (ရွေးကောက်ပွဲ) ဟူ ၍ ဥပဒေပြဋ္ဌာန်းချက်တွင်မရှိဟု အဆိုပါ NLD ပါတီ တာဝန်ရှိသူက ဆိုသည်။

“ရွေးကောက်ပွဲတစ်ခုရဲ့ အသက်ဟာ လွတ်လပ်ပြီး သန့်ရှင်းမျှတမှုပါ။ ရွေးကောက် ပွဲလုပ်ရုံမျှနဲ့ ဒါဟာဒီမိုကရေစီနည်းကျတယ်လို့ ပြောလို့မရပါဘူး။ အဲဒီတော့ လွတ်လပ်ပြီး သန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်တဲ့ အခြေအနေရှိလာပြီ၊ ဥပဒေနဲ့လည်း ညီညွတ်ပြီဆိုရင် အမြန်ဆုံးလုပ်တာ ကျွန်တော်တို့ လိုလားပါတယ်” ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ယခုကျင်းပမည့် ရွေးကောက်ပွဲသည် ချန်လှပ်ထားခဲ့သည့် ရွေးကောက်ပွဲသာဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲဆိုသည့် တည်ဆဲဥပဒေပြဋ္ဌာန်းချက်နှင့် လုံးဝဘောင်ဝင်ခြင်းမရှိဟု ရခိုင်အမျိုးသားပါတီပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ပြောကြားသည်။

“ကြားဖြတ်ရွေးကောက်ပွဲ မဟုတ်တာကို ကြားဖြတ်ရွေးကောက်ပွဲလို ရွေးကောက်ပွဲကျင်းပတဲ့ ပထမနှစ်နဲ့ ပဥ္စမနှစ်မှာ ကျင်းပလို့မရဘူးဆိုတဲ့ဘက်ကိုပဲ သွားချင်နေသလို။ ဒါပေမဲ့ ဥပဒေဟာ ကိုယ်လိုချင်တာကို ဆွဲယူပြီးတော့ အဓိပ္ပာယ်ဖွင့်လို့တော့မရပါဘူး” ဟု ၎င်းကဆိုသည်။

ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှု ရှိ၊ မရှိ ဆိုသည့် အနေအထားအပြင် ရွေးကောက်ပွဲယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ လွတ်လပ်စွာ စည်းရုံးခွင့် ရှိ၊ မရှိဆိုသည့် အနေအထားကိုလည်း ထည့်သွင်း တွက်ချက်ရမည်ဖြစ်သည်။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးဆင်းသည့် တောင်ကုတ်မြို့နယ်မှ NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦးကို AA အဖွဲ့က ဖမ်းဆီးထားပြီး လက်ရှိအချိန်အထိ ပြန်လည်လွှတ်ပေးခြင်း မရှိသေးပေ။

လက်ရှိတွင် ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း ကိုယ်စားလှယ်လောင်းသုံးဦး ပြန်လည်လွတ်မြောက်မှုမရှိခြင်းကို လွတ်လပ်စွာ စည်းရုံးခွင့်မရှိသည့် အနေအထားဟု UEC က စဉ်းစားကောင်းစဉ်းစားနိုင်သည်ဟု ငြိမ်းချမ်းရေးနှင့် လုံခြုံ ရေးဆိုင်ရာ မြန်မာအင်စတီကျု အမှုဆောင် ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ပြောကြားသည်။

နိုင်ငံရေးပါတီများ လွတ်လပ်စွာမဲဆွယ်စည်းရုံးနိုင်ခြင်းရှိမှသာ ပြည်နယ်တွင် ရွေးကောက်ပွဲအဆင့်ကျင်းပနိုင်မည်ဖြစ်၍ AA အနေဖြင့် မည်သည့်နိုင်ငံရေးပါတီကိုမှ ပစ်မှတ်ထား ဖမ်းဆီး၊ သတ်ဖြတ်ခြင်းမျိုး မလုပ်ဆိုသည့် ကတိ သို့မဟုတ် အာမခံချက်ပေးရန် လိုအပ်ကြောင်း ၎င်းကထောက်ပြသည်။

“နံပါတ် (၁) ကတော့ လက်နက်ကိုင် ပဋိပက္ခ မရှိဖို့လိုတာပေါ့။ လက်နက်ကိုင် ပဋိပက္ခတွေရှိနေရင် ရွေးကောက်ပွဲလိုဟာမျိုးလုပ်ဖို့က ခက်တာတော့ အမှန်ပဲ။ ဒါကတော့ တစ်ကြောင်းပေါ့နော်။ ဒီအတွက်ကြောင့်မို့ တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေ အနေနဲ့က လက်ရှိတိုက်ပွဲတွေ ရပ်ပေးနိုင်မယ်။ အခုလည်း ရပ်ထားပါတယ်။ နှစ်ဖက်စလုံးကလည်း ရပ်ထားတာဆိုတော့ ဒီအပိုင်းက အိုကေတယ်ပေါ့။ နောက်တစ်ပိုင်းက နိုင်ငံရေးပါတီတွေ လွတ်လွတ်လပ်လပ် မဲဆွယ်လို့ရတဲ့ သွားလို့လာလို့ရတဲ့ အနေအထားမျိုးဖြစ်ဖို့လိုတယ်။ အဲဒါကို သင်္ကေတတစ်ခုအနေနဲ့ ပြမယ်ဆိုရင် အခုဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးပါတီက လူတွေကိုတော့ လွှတ်ပေးသင့်တယ်” ဟု ဒေါက်တာမင်းဇော်ဦးက ပြောကြားသည်။

တောင်ကုတ်မြို့နယ် ကိုယ်စားလှယ်လောင်းများ ဖမ်းဆီးခံထားရခြင်းမှာ လွတ်လပ်၊ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် အတားအဆီးတစ်ခုဟု NLD ပါတီတာဝန်ရှိသူ ဒေါက်တာမျိုးညွန့်က အချို့သော မီဒီယာများတွင် ပြောကြားသည်ကို တွေ့ရ သည်။

NLD ပါတီ ကိုယ်စားလှယ်လောင်းသုံးဦး ဖမ်းဆီးခံရခြင်းကြောင့် အခြားသော မြို့နယ်ကိုးခုတွင် ရွေးကောက်ပွဲ မလုပ်ဆောင်သည့်သဘောဆိုလျှင် လုံလောက်သည့် သုံးသပ်မှုမဟုတ်ဟု ရခိုင်အမျိုးသားပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က တုံ့ပြန်သည်။

လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းနှစ်ခုက လုံခြုံရေးနှင့်ပတ်သက်၍ အာမခံမှုများ ရှိနေ၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် မိမိတာဝန်ကို မလွဲမသွေ ထမ်းဆောင်သည့်အနေဖြင့် ရွေးကောက်ပွဲကို တစ်ပြေးညီကျင်းပပေးရန် ၎င်းကတိုက်တွန်းသည်။

ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ်အချို့တွင် ရွေးကောက်ပွဲ ကျင်းပခြင်း ရှိ၊ မရှိမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်ဖြစ်ပြီး ပြည်နယ်ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကျင်းပမည်ဆိုပါက ကျင်းပနိုင်ရန် အဆင်သင့်ရှိကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောကြားသည်။

 “အဆင်သင့် ရှိပါတယ်။ ကျွန်တော်တို့မှာ မဲဆန္ဒရှင်စာရင်းတွေလည်း ရှိတယ်။ မဲလက်မှတ်တွေလည်း ရှိတယ်။ မဲပုံးတွေလည်း ရှိတယ်။ သက်ဆိုင်ရာ နေရာတွေမှာ ကော်မရှင်အဖွဲ့ခွဲတွေလည်း ဖွဲ့ထားပြီးသားပဲဖြစ်ပါတယ်” ဟု ဦးသူရိန်ထွဋ်က ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ ၁၆ သိန်းကျော်ရှိပြီး မဲဆန္ဒနယ် ရှစ်ခုတွင်သာ ရွေးကောက်ပွဲကျင်းပ၍ ဆန္ဒမဲပေးခွင့်ရှိသူ ၄ သိန်း ၇ သောင်းကျော်သာကျန်ရှိပြီး ရွေးကောက်ပွဲတွင် ၃ သိန်း ၂ သောင်းကျော် မဲပေးခဲ့သည်။

ရွေးကောက်ပွဲ ကျင်းပနိုင်ခြေ ရှိ၊ မရှိ အစိုးရအကူးအပြောင်းကို ၂၀၂၁ ခုနှစ် မတ်လကုန်မှ ပြုလုပ်မည်ဖြစ်သော်လည်း လက်ရှိဒုတိယအကြိမ်လွှတ်တော်သက်တမ်းမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ကုန်ဆုံးမည်ဖြစ်သည်။

ယင်းကာလအတွင်း ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိလျှင် လွှတ်တော်ပုံမှန်သက်တမ်းသို့ ရောက်ရှိကာ ကြားဖြတ်ရွေးကောက်ပွဲဟု သတ်မှတ်ပြီး အစောဆုံး ကျင်းပနိုင်မည့် အနေအထားမှာ ၂၀၂၂ ခုနှစ်မှ ဖြစ်သည်။

တတိယအကြိမ်လွှတ်တော်သက်တမ်းမှာ ဖေဖော်ဝါရီ ပထမပတ်အတွင်း စတင်မည်ဖြစ်ရာ ချန်လှပ်မဲဆန္ဒနယ်အချို့တွင် ရွေးကောက်ပွဲကျင်းပရေး ပါတီအချို့က ဇန်နဝါရီလလယ်အထိ မျှော်လင့်ချက် ရှိနေသည်။

“ဇန်နဝါရီဆန်းကနေ ဇန်နဝါရီ ၁၅ ရက်နေ့မှာ လုပ်မယ်ဆိုရင်လည်း ကျွန်မတို့နိုင်ငံရဲ့ အစိုးရဖွဲ့စည်းမယ့်အနေအထား လွှတ်တော်ကျင်းပမယ့် အနေအထားတွေအရ အချိန်မီပါသေးတယ်။ လုပ်လို့ရသေးတယ်။ ဒါပေမဲ့ ဆောက်ဖြစ်မှ ကျောင်းဒကာဆိုတဲ့ အနေအထားကိုပဲ ကြုံနေရလားမသိ ပါဘူးနော်။ UEC က ကြေညာမှပဲ သြော်လုပ်ပြီပေါ့လို့ပဲ ကျွန်မတို့သိရမှာ ဖြစ်ပါတယ်။ ဆင်နွှဲရမှာ ဖြစ်ပါတယ်” ဟု ရခိုင်အ မျိုးသားပါတီမှ ဒေါ်အေးနုစိန်က ပြောကြားသည်။

ကော်မရှင်အနေဖြင့် ရခိုင်မြောက်ပိုင်းတွင် ရွေးကောက်ပွဲကျင်းပရေး တောင်းဆိုမှုများအပေါ် လိုက်လျောနိုင်ခြင်း ရှိ၊ မရှိကို ယခု ရက်ပိုင်းအတွင်း အဖြေတစ်စုံတစ်ရာ ပေးရန်လိုအပ်ကြောင်း ထောက်ပြမှုများလည်း ရှိသည်။

“မဲထည့်တယ်ဆိုတာ ဒီမိုကရေစီအခြေခံအခွင့်အရေးပဲ ဒီအခြေခံအခွင့်အရေးကို မရခဲ့ဘူးဆိုရင် ဘာကြောင့် မရခဲ့တာလဲဆိုတာ လူထုအနေနဲ့ ကျေကျေနပ်နပ်နဲ့ သိနေဖို့လိုတယ်။ မပြောဘူးဆိုရင်တော့ လူထုအနေနဲ့ မကျေနပ်ချက်တွေ ပိုကြီးလာမှာပဲ” ဟု ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက မှတ်ချက်ပြုသည်။

လက်ရှိ အနေအထားတွင် AA အဖွဲ့ တောင်းဆိုသည့်အတိုင်း ဒီဇင်ဘာလကုန်တွင် ရွေးကောက်ပွဲကျင်းပရေးမှာ ဖြစ်နိုင်ခြေနည်းသွားပြီဟု ၎င်းက ပြောကြားပြီး အဆိုပါ ရှုမြင်ချက်မျိုး ရခိုင်အမျိုးသားပါတီနှင့် ရခိုင့်ဦးဆောင်ပါတီ ပြောရေးဆိုခွင့်ရှိသူများထံတွင်လည်း တွေ့ရသည်။

အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ခဲ့ခြင်းမရှိသည့် ရခိုင်ပြည်နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲ ဆောလျင်စွာ ပြုလုပ်ပေးရန် တိုက်တွန်းမှုအပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်တို့က တုံ့ပြန်မှုမရှိခဲ့ဟု ဂျပန်အစိုးရကိုယ်စားလှယ် မစ္စတာဆာဆာကာဝါက ပြောကြားကြောင်း ဂျပန်သတင်းစာ Assia Nikkei က ဖော်ပြသည်။

နိုဝင်ဘာ ၂၈ ရက်က ရခိုင်ပြည်နယ်ရှိ မြို့နယ်နှစ်ခုကို ကွင်းဆင်းလေ့လာမှုအပြီး တွေ့ရှိချက်များကို ဒီဇင်ဘာ ၂ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံမှုတွင် တောင်းဆိုခဲ့သော်လည်း ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ရှင်းလင်းပြတ်သားသည့် ရပ်တည်ချက်မပြခဲ့ဟု မစ္စတာ ဆာဆာကာဝါက ပြောကြားသည်။

ထို့ပြင် ဧရာဝတီသတင်းဌာနနှင့် နိုဝင်ဘာ ၄ ရက်က အင်တာဗျူးတွင် မစ္စတာ ဆာဆာကာဝါက ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲကျင်းပ၍ရကြောင်း ကော်မရှင် ဥက္ကဋ္ဌထံတင်ပြခဲ့ပြီး ဥက္ကဋ္ဌက ရွေးကောက်ပွဲ ကျင်းပမှုမရှိခြင်းသည် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့၏ အကြံပြုချက်များကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

“ကျွန်တော်က သူ့ကို ပြန်ပြောပါတယ်။ အခုက အခြေအနေက ပြောင်းလဲသွားပြီ။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီဒေသကို ကိုယ်တိုင်သွားပြီး ကြည့်ရှုလေ့လာပြီး စကားပြော နားထောင်တာတွေ လုပ်ခဲ့တယ်။ အဲဒီအတွက်ကြောင့် ရွေးကောက်ပွဲ ပြုလုပ်မယ်ဆိုရင် ပြုလုပ်လို့ရတဲ့ အနေအထားဖြစ်တဲ့ အတွက်ကြောင့် ရွေးကောက်ပွဲကျင်းပပေးဖို့ စဉ်းစားပေးစေချင်လို့ တင်ပြခဲ့ပါတယ်။ သို့သော်လည်းပဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အဖြေပြန်မရခဲ့ပါဘူး” ဟု ဂျပန်အစိုးရကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါက အဆိုပါအင်တာဗျူးတွင် ပြောကြားခဲ့သည်။

 

Most Read

Most Recent