လက်ရှိဘဏ္ဍာနှစ်တွင် စီးပွားရေးတိုးတက်မှု နှစ်ရာခိုင်နှုန်းသာ ဆက်ရှိမည်
COVID-19 ကြောင့် ထိခိုက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြန်မာ့စီးပွားရေး တိုးတက်မှု နှစ်ရာခိုင်နှုန်း၌ ဆက်လက်တည်ရှိနေမည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာ့စီးပွားရေးသည် COVID-19ကမ္ဘာ့ကပ်ရောဂါကြောင့် ထိခိုက်မှုကို ဆက်လက်ရင်ဆိုင်နေရပြီး ယခင်နှစ်က စီးပွားရေး တိုးတက်မှုနှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ၁ ဒသမ ၇ ရာခိုင်နှုန်းသို့ ကျဆင်းသွားမည်ဟု ခန့်မှန်းထားသည်။
ပြည်တွင်းကူးစက်မှုများ နှေးကွေးလာပြီး အသွားအလာ ကန့်သတ်မှုများ ဖြေလျှော့လာပါက ၂၀၂၁ ခုနှစ် မတ်လမှစတင်၍ မြန်မာ့စီးပွားရေးသည် တဖြည်းဖြည်း နာလန်ထူလာနိုင်ကြောင်း ဖော်ပြထားသည်။
အစိုးရ ရင်းနှီးမြှုပ်နှံမှုများ၊ ကုန်ထုတ်လုပ်ရေးကဏ္ဍ ပြန်လည်သက်ဝင်လာမှုနှင့် ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြု၍ ကုန်ထုတ်စွမ်းအား တိုးမြင့်လာမှုကြောင့် ကာလလတ်တွင် တိုးတက်မှု အခြေအနေ ကောင်းလာမည်ဟု မျှော်မှန်ပြီး ပျမ်းမျှအားဖြင့် စီးပွားရေး တိုးတက်မှုနှုန်း ခုနစ်ရာခိုင်နှုန်းအထိ ပြန်လည်ဦးမော့လာနိုင်မည်ဟု ခန့်မှန်းထားသည်။
သို့သော် ပြည်တွင်းနှင့် နိုင်ငံတကာတွင် ကပ်ရောဂါကူးစက်ပြန့်ပွားမှု အခြေအနေမှာ သေချာမှု မရှိသေးခြင်းကြောင့် ထိခိုက်နိုင်မှု အန္တရာယ် မြင့်မားနေဆဲဖြစ်ကြောင်း၊ ကာကွယ်ဆေး (သို့မဟုတ်) ကုသဆေး ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးနိုင်ခြင်း မရှိသေးသောကြောင့် ကပ်ရောဂါကူးစက်မှု လှိုင်းအသစ်များ ဖြစ်ပေါ်လာပါက ပိုမိုတင်းကျပ်သော ကန့်သတ်ထိန်းချုပ်မှုများ ကာလကြာရှည် လုပ်ဆောင်ရဖွယ်ရှိသဖြင့် လုပ်ငန်းများနှောင့်နှေးခြင်း၊ အလုပ်အကိုင် တိုးပွားမှုကို အဟန့်အတား ဖြစ်စေခြင်းနှင့် စုဆောင်းမှုအပြင် ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုများ လက်လှမ်းမီနိုင်ရေးတို့ကို အတားအဆီး ဖြစ်စေနိုင်ကြောင်း ဖော်ပြထားသည်။
“ကာလတိုမှာ အစိုးရက ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို လျှော့ချရေး၊ ဆင်းရဲသူများနှင့် အားနည်းတဲ့အုပ်စုများ သက်သာချောင်ချိစေရေးနှင့် အစားအစာ လုံလောက်စွာ ရရှိစေရေး၊ စီးပွားရေးလုပ်ငန်းများကို ပ့ံပိုးမှု ပေးနိုင်ရေးတို့ကို အလေးထား ဆောင်ရွက်သင့်ပါတယ်။ ရေရှည်မှာ ပြည်သူ့အခြေခံ အဆောက်အအုံများနှင့် ဒစ်ဂျစ်တယ် နည်းပညာများမှာ ရင်းနှီးမြှုပ်နှံခြင်းဖြင့် ပြည်တွင်းဝယ်လိုအားနှင့် အလုပ်အကိုင်များ တိုးပွားလာစေနိုင်သလို စီးပွားရေး ကုန်ထုတ်လုပ်အားကိုလည်း တိုးမြှင့်စေနိုင်ပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို ပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံတော်ဆိုင်ရာ ဌာနေကိုယ်စားလှယ် မာရီယမ်ရှာမန်က ပြောကြားသည်။
ရောဂါကူးစက်မှု ဒုတိယလှိုင်း ဖြစ်ပွားစဉ် အသွားအလာ ကန့်သတ်သည့် တားမြစ်ချက်များကြောင့် စီးပွားရေး လုပ်ငန်းများကို ပထမလှိုင်းထက် ပိုမိုထိခိုက်စေသည်။ တချို့သော လုပ်ငန်းများသည် အီလက်ထရွန်နစ် ကုန်သွယ်မှုဖြင့် အသွားအလာ ကန့်သတ်ချက်များကို ကျော်လွှားနိုင်ခဲ့ကြသော်လည်း ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှု ကဏ္ဍအပေါ်တွင် ထိခိုက်မှု အပြင်းထန်ဆုံး ဖြစ်သည်။
ထို့ပြင် COVID-19 ၏အကျိုးဆက်က အိမ်ထောင်စုများစွာကို ပိုမိုထိခိုက်ခဲ့သည်။
ဆင်းရဲနွမ်းပါးမှုနှုန်း ၂၇ ရာခိုင်နှုန်းအထိ တိုးမြင့်လာနိုင်ကြောင်း ခန့်မှန်း
မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုနှုန်းသည် ၂၀၁၈-၂၀၁၉ဘဏ္ဍာ နှစ်တွင် ၂၂ ရာခိုင်နှုန်းကျော်ရှိခဲ့ရာမှ COVID-19 ၏ အကျိုးဆက်ကြောင့် လက်ရှိဘဏ္ဍာနှစ်တွင် ၂၇ ရာခိုင်နှုန်းအထိ တိုးမြှင့်လာနိုင်ကြောင်း ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်ထားသည်။
COVID-19 ၏ အကျိုးဆက် အနေဖြင့် ဆင်းရဲနွမ်းပါးမှုနှုန်းသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၂၂ ဒသမ ၄ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ၂၇ ရာခိုင်နှုန်းအထိ တိုးမြင့်လာနိုင်ပြီး မူလအခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်မည့် အစောဆုံးကာလကို ၂၀၂၁ -၂၀၂၂ ဘဏ္ဍာနှစ်ဟု ခန့်မှန်းထားသည်။
ရောဂါကူးစက်မှုပထမလှိုင်းတွင် များစွာသောဆင်းရဲသည့် အိမ် ထောင်စုများသည် ထိခိုက်မှုသက်သာစေရန် အလို့ငှာ နေ့စဉ်စားသုံးသည့် အစားအစာပမာဏကို လျှော့ချခြင်း အပါအဝင် အန္တရာယ်များ၍ ယာယီသုံး နည်းလမ်းများကို အသုံးပြုကာ ဖြစ်သလို ဖြေရှင်းရကြောင်း၊ သြဂုတ်လနှောင်းပိုင်း ရောဂါကူးစက်မှု ဒုတိယလှိုင်း မဖြစ်ပွားမီကာလတွင် အိမ်ထောင်စုများစွာသည် ချေးယူထားသည့် ကြွေးမြီများ ပြန်ဆပ်ရန် အခက်အခဲ တွေ့နေရသည်။
ဒုတိယလှိုင်းတွင် ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် ကန့်သတ်ချက်များ ဆက်လက် လုပ်ဆောင် နေရသည့်အတွက် အိမ်ထောင်စုများစွာ ဆင်းရဲမွဲတေသည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်။
“မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးကို အထောက်အကူပြုဖို့နဲ့ ဆင်းရဲမွဲတေမှု မြင့်တက်လာခြင်းကို လျှော့ချဖို့ COVID-19 အား တုံ့ပြန်မှုဆိုင်ရာ စီမံချက်တွေကို မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်သင့်တယ်” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံတော်ဆိုင်ရာ ဌာနေကိုယ်စားလှယ် မာရီယမ်ရှာမန်က ပြောကြားခဲ့သည်။
အောက်တိုဘာလတွင် ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း လျော့နည်းခဲ့ပြီး ၅ ဒသမ ၂၁ ရာခိုင်နှုန်းသာ ဖြစ်ပေါ်
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ခန့်မှန်းထားသည့် ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း ၆ ဒသမ ၁၀ ရာခိုင်နှုန်းထက် ဘဏ္ဍာနှစ်အစ အောက်တိုဘာလတွင် ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း လျော့နည်းခဲ့ပြီး ၅ ဒသမ ၂၁ ရာခိုင်နှုန်းသာ ဖြစ်ပေါ်ခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း ၉ ဒသမ ၇၃ ရာခိုင်နှုန်းနှင့် ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း ၆ ဒသမ ၁၀ ရာ ခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားပြီး ဘဏ္ဍာနှစ်အစဖြစ်သော ၂၀၂၀ ပြည့်နှစ် အောက်တိုဘာတွင် ၅ ဒသမ ၂၁ ရာခိုင်နှုန်း ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
၂၀၂၀ ပြည့်နှစ် အောက်တိုဘာတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၅ ဒသမ ၂၁ ရာခိုင်နှုန်းရှိပြီး ငွေကြေး ဖောင်းပွမှုနှုန်း ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ ရှစ်လဆက်တိုက် ပြန်လည် ကျဆင်းလာကြောင်း ဗဟိုစာရင်းအင်း အဖွဲ့မှ ထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေတွင် ဖော်ပြထားသည်။
ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းသည် ၂၀၁၈ ခုနှစ် ဧပြီမှစ၍ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ၁၈ လ ဆက်တိုက်မြင့်တက်ခဲ့သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာတွင် အနည်းငယ်ပြန်ကျပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာ၊၂၀၂၀ ပြည့်နှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီတွင် ပြန်လည်မြင့်တက်ခဲ့ကာ မတ်၊ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာနှင့် အောက်တိုဘာ (ရှစ်လဆက်တိုက်) တွင် ပြန်လည် ကျဆင်းခြင်းဖြစ်သည်။
၂၀၂၀ ပြည့်နှစ် အောက်တိုဘာအထိ ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း (Annual Rate of Inflation) မှာ ၅ ဒသမ ၂၁ ရာခိုင်နှုန်းဖြစ်ပြီး အစားအစာအုပ်စုနှင့် လောင်စာဆီ စျေးနှုန်းများ မပါဝင်ဘဲ တွက်ချက်ထားသော ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း (Annual Rate of Inflation Core Inflation) မှာ ၁၀ ဒသမ ၄၇ ရာခိုင်နှုန်းရှိသည်။ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation) မှာ ၁ ဒသမ ၅၀ ရာခိုင် နှုန်းဖြစ်ပြီး အစားအစာအုပ်စုနှင့် လောင်စာဆီစျေးနှုန်းများ မပါဝင်ဘဲ တွက်ချက်ထားသော နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၄ ဒသမ ၂၂ ရာခိုင်နှုန်းရှိသည်။
ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်အ ရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် စီးပွားရေးတိုးတက်မှု နှစ်ရာခိုင်နှုန်းသာ ရှိနေမည့် အခြေအနေနှင့် ဆင်းရဲမွဲတေမှုနှုန်း မြင့်တက်လာနိုင်သည့် အခြေအနေများ ရင်ဆိုင်နေရသည့်နည်းတူ အခြားတစ်ဖက်တွင် COVID-19 သက်ရောက်မှုကြောင့် စီးပွားရေးလုပ်ငန်းအများစု ရုန်းကန်နေရသည်။
COVID-19 ကာလအတွင်း ပိတ်သွားခဲ့သော သို့မဟုတ် ယာယီပိတ်ထားသော စက်ရုံပေါင်း ၁၁၄ ရုံရှိပြီး လက်ရှိတွင် အထည်ချုပ်စက်ရုံ ၆၀၆ ရုံသာ လုပ်ငန်းလည်ပတ်လျက်ရှိကာ ရာခိုင်နှုန်း ၉၀ မှာ အဓိကအားဖြင့် ပို့ကုန်ကိုသာ အားထားလုပ်ကိုင် နေကြသည်ဟု မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းက ထုတ်ပြန်သည့် Position Paper တွင် ဖော်ပြထားသည်။
COVID-19 ရောဂါ ဆက်လက်ဖြစ်ပွားနေသဖြင့် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ ရောင်းအားနှင့် အမြတ်အစွန်များ ရရှိရန် ဆက်လက်နှောင့်နှေး အေးစက်ဖွယ် ရှိနေကြောင်း၊ COVID-19 ၏ စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုနှင့် ပတ်သက်၍ အာရှဖောင်ဒေးရှင်း၏ ဒုတိယစစ်တမ်းမှ တွေ့ရှိချက်အရ အကျိုးသက်ရောက်မှုများမှာ ကွဲပြားမှုများ ပိုမိုလာပြီး အချို့စီးပွားရေး လုပ်ငန်းများသည် ထိခိုက်မှု နည်းပါးခြင်းနှင့် ကူးစက်ရောဂါနှင့်အညီ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲနိုင်သော်လည်း အချို့သော လုပ်ငန်းများ ဆက်လက်ပိတ်ထားရဆဲနှင့် အရောင်းမရှိ ဖြစ်နေဆဲဖြစ်ကာ လုပ်ငန်းပိုင်ရှင်များသည် သူတို့၏ စီးပွားရေး အနာဂတ်အတွက် စိုးရိမ်နေကြကြောင်း အာရှဖောင်ဒေးရှင်း၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ မြို့ပြမြို့နယ်များဖြစ်သော ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးရှိ အဝတ်/အထည်အလိပ် ထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ရေးနှင့် ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းများသည် အခြားနေရာ၊ အခြားလုပ်ငန်းများနှင့် နှိုင်းယှဉ်ပါက အများဆုံး ထိခိုက်ခံစားနေရသည်။
သို့သော် စီးပွားရေး စွမ်းဆောင်ရည်အပေါ် သိသာထင်ရှားသည့် တိုးတက်မှုများ မရှိသော်လည်း စီးပွားရေး လုပ်ငန်းရှင်များသည် COVID-19 မှ စီးပွားရေး လုပ်ငန်းများ ဆက်လက်ရှင်သန်နိုင်သည့် အခွင့်အလမ်းများကို ပိုမိုအကောင်းမြင်လာကြသည်။
အစိုးရသည် စီးပွားရေးလုပ်ငန်းများ အထူးသဖြင့် ထိခိုက်မှုများနိုင်မည့် လုပ်ငန်းအမျိုးအစားကို ဆက်လက် အထောက်အပံ့ ပေးသင့်သည်မှာ ထင်ရှားသည်။
ထို့ပြင် အစိုးရသည် စီးပွားရေး စွမ်းဆောင်ရည် ကျဆင်းခြင်းနှင့် ပထဝီအနေအထား ကွဲပြားခြားနားမှုကြောင့် ပိတ်ချခြင်း (Lockdown) အစီအမံများ သို့မဟုတ် COVID-19 ဖြစ်ပွားမှု အရေအတွက်ကြား ဆက်စပ်မှု ရှိနေနိုင်ခြင်းကို ထည့်သွင်းစဉ်းစားသင့်သည်။
အစိုးရအနေဖြင့် လူများ၏ ကျန်းမာရေးကို ဂရုစိုက်ကာကွယ်နေစဉ် ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထိရောက်စွာ ဆက်လက်လည်ပတ်စေရန် နောက်ထပ် အားထုတ်မှုများ ပြုလုပ်ရန် စဉ်းစားသင့်ကြောင်းလည်း ဖော်ပြထားသည်။










