တောင်တန်းများရဲ့ နောက်ကွယ်

တောင်တန်းများရဲ့ နောက်ကွယ်
ပဲခူးရိုးမအတွင်း နေထိုင်နေသည့် တိုင်းရင်းသားများ၏ နေအိမ်တစ်လုံးကို ဒီဇင်ဘာလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်း)
ပဲခူးရိုးမအတွင်း နေထိုင်နေသည့် တိုင်းရင်းသားများ၏ နေအိမ်တစ်လုံးကို ဒီဇင်ဘာလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်း)
Published 21 December 2020
ဝေလင်း (ပြည်)

ရိုးမတောနက်ထဲ အခြေပြု နေထိုင်နေကြတဲ့ တိုင်းရင်းသား ကလေးငယ်တွေနဲ့ မိန်းမပျိုတွေ တောင်ယာတွေထဲ သွားတဲ့အခါမှာ တစ်ယောက်တည်းသွားဖို့ ခက်ခဲလာပြီလို့ တစ်ခုသော အခမ်းအနားမှာ ကရင်တိုင်းရင်းသား တစ်ဦး၏ စကားသံကို နားထဲကမထွက်တော့။ သစ်ခိုးသူလူစိမ်းများရဲ့ စနောက်မှုနဲ့ ရိသဲ့သဲ့လုပ်မှုတွေကြောင့် အဖော်နဲ့ သွားလာနေရပြီး ထိုအချက်သည် တိုင်းရင်းသားများ၏ မိရိုးဖလာ နေထိုင်သွားလာ လှုပ်ရှားမှုများကို ခြိမ်းခြောက်မှုများထဲက အရေးပါသော အချက်တစ်ချက် ဖြစ်နေသည်ဟု သူက ထပ်မံဆိုခဲ့ချိန်မှာတော့ ရွာကလေးကို ဆက်သွယ်၍ လိုက်သွားဖို့ အကြောင်းရှာခဲ့တော့သည်။

ဆိုင်ကယ်စက်သံတညံညံဖြင့် ရုတ်တရက်ရောက်ရှိလာသော လူစိမ်းများကြောင့် မညီညာတောင် ကုန်းပေါ်က ခြေတံရှည်အိမ်ရဲ့ဘေး မန်ကျည်းပင်ကြီးအရိပ်တွင် ဆူညံစွာ ဆော့ကစားနေသော နွမ်းလျလျ ကလေးတစ်သိုက်က လူစုခွဲလိုက်ကြသည်။ ချက်ချင်းဆိုသလိုပင် အပြေးအလွှားဖြင့် အနီးအနား အိမ်များပေါ်တက်ကာ ပြေးပုန်းသွားကြသည်။ ကျွန်တော်က ဆိုင်ကယ်ကို ရပ်တန့်ကာပြုံးပြ၍ ရင်းနှီးမှုယူရန် ကြိုးစားခဲ့ပေမဲ့ ကလေးများက ထရံများကြား ပျောက်ကွယ်သွားပေပြီ။

ကြိမ်ချောင်းရွာ ရောက်ပြီဖြစ်ကြောင်း သစ်တောအုပ်က အသိပေးလိုက်ချိန်တွင် မညီမညာ ကုန်းမြေပေါ်တွင် ဆိုင်ကယ်ကို ရပ်တန့်ထားနိုင်ရန် မနည်းကြိုးစားနေရသည်။ ပြီးခဲ့သည့် ညကတည်းက သစ်တောအုပ်က ကြိမ်ချောင်းရွာလေးနဲ့ ပတ်သက်၍ မိတ်ဆက်အ နေဖြင့် ပြောပြထားသော်လည်း လက်တွေ့မြင်လိုက်ရချိန်တွင် တော့ရွာဟုခေါ်ရန်အတွက် မြင်နေ ကြရွာများနှင့်ယှဉ်ကာ အားနာနေမိသည်။ ကြိမ်ချောင်းရွာလေးက ပဲခူး တိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့ နယ်ထဲတွင် ရှိသည်။ ပဲခူးရိုးမ တော တွင်း ပေါက်ခေါင်းနှင့် အုတ်တွင်း မြို့နယ် ဆက်သွယ်ဖောက်လုပ်ထား သည့် ရိုးမလမ်းဘေး ပေါ်လံကြီး ကျေးရွာမှ တောအတွင်း လမ်း ကြမ်းကို တောင်ဆင်းတောင်တက် ချောက်များ လျှိုမြောင်များကို ဖြတ် သန်းသွားရသည်။ ရွာကလေးသို့ ရောက်ရန် ကြိမ်ချောင်းဟု ခေါ်သည့် ချောင်းကို ၁၄ ကြိမ်ဖြတ်သန်းရသည်။ အချို့နေရာများတွင် ဆိုင်ကယ်ဘီး တစ်ဘီးစာသာရှိပြီး အချို့ချောင်းအတက်များတွင်တော့ လူဆင်း၍  ဆိုင်ကယ်ကို လူနှစ်ဦး သုံးဦး ၀ိုင်းတွန်း ရသည်။ မိုးတွင်းဆို လျှင်တော့ ခြေကျင်ခရီးသာ။

နောက်ပိုင်းသိရသည်မှာ ကြိမ်ချောင်းရွာထက် အိမ်ခြေအရေအတွက် နည်းပါးသော ကရင်တိုင်းရင်း သားနှင့် အရှိုချင်းတိုင်းရင်းသား အိမ်စုလေးများ ပဲခူးရိုးမနက်နက်ထဲတွင် နေထိုင်နေကြကြောင်း သိခဲ့ရသည်။

တိုက်ဆိုင်စွာပင် ကျွန်တော် တို့ ရပ်တန့်လိုက်သော အိမ်မှာ ရွာလူကြီးခေါ် တိုင်းရင်းသားခေါင်းဆောင်၏ အိမ်ပင် ဖြစ်လို့နေသည်။ ခေါင်းဆောင်က ပြတင်းပေါက်မှနေပြီး အောင်မြင်ထည်ဝါလှသည့် အသံကိုပြုရင်း ကရင်တိုင်းရင်းသား ဘာသာစကားဖြင့် အော်ဟစ်ကာ ရွာကိုအသိပေး ဆော်သြနေပုံရသည်။ တစ်ဆက်တည်းမှာပင် ကျွန်တော်တို့ကို အိမ်ပေါ်တက်ခဲ့ရန် ဗမာစကားပီသစွာဖြင့် ဖိတ်ခေါ်လိုက်သည်။ တက်သွားရန် အတွက်တော့ သူတို့အသုံးပြုထားသော ၀ါးလုံးလှေကားကိုကြည့်ကာ ခဏတန့်သွားခဲ့သည်။

ကြိုတင်အကြောင်းကြားထားသည့် အခြေအနေတွင်ရှိပြီး ဖိတ်ထားသူများက တောင်ယာများသို့ မသွားကြဘဲ အိမ်ကစောင့်ဆိုင်း နေကြသည် ဟုဆိုသည်။ ကျွန်တော်တို့ အထိုင်ချပြီး မကြာခင်မှာပင် ရွာခံတိုင်းရင်းသားများ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြသည်။ အားလုံးက အိမ်နေရင်း တောတွင်းဝတ် အဝတ်အစားများဖြင့် နွမ်းပါးနေကြပြီး တချို့အပေါက်အပြဲများဖြင့် ဖြစ်သည်။ အများစုကတော့ သူတို့တိုင်းရင်းသားရိုးရာ အဆောင်အယောင်ပစ္စည်း တစ်ခုခုကို ချိတ်ဆွဲဝတ်ဆင်ထားပြီး တချို့ကတော့ ခရစ္စမတ်ပွဲ ကျင်းပခဲ့သည့် အထိမ်းအမှတ်ပွဲ အကျႌနှင့် ရိုးရာပွဲတော် အထိမ်းအမှတ် တီရှပ်အနွမ်းအပြဲ များကို ဝတ်ထားကြသည်။ အကုန်လုံးလိုလိုပင် နေပူဒဏ်၊ ကြမ်းတမ်းသည့် တောင်ယာလုပ်ငန်းခွင် သွား လာနေထိုင်နေရသည့် နယ်မြေရာသီဥတု အခြေအနေတို့ကြောင့် ရှိဆဲအသက်ထက် နှစ်ဆခန့် ရင့်ထော်နေသည်ဟု ထင်ရသည်။ လူအစိတ်ခန့် ရောက်လာပြီးချိန်တွင်တော့ အစည်းအဝေး စတင်လိုက်ကြပြီး စိတ်အထင် တစ်နာရီခွဲခန့် ကြာမြင့်ခဲ့သည်ထင်သည်။

“သူတို့အားနည်းချက်က ပညာရေးပေါ့။ ဒီဆရာရဲ့ ပြောဆိုချက် သစ်တောကဏ္ဍ ပြောဆိုချက်မှာ ဗမာကို ရေလည်အောင် တတ်ကျွမ်းမှုမရှိတဲ့အတွက် သဘောမပေါက်တာတွေ ရှိကောင်းရှိလိမ့်မယ်။ ဥပမာ ဆရာတို့အဖွဲ့တွေက ဘာအဖွဲ့လဲဆိုတာ သူတို့ကောင်းကောင်း သဘောမပေါက်ပါဘူး။ သူတို့သိထားတာ သစ်တောဌာနလို့ပဲ သိထားတယ်လို့ ကျွန်တော် ထင်တယ်လေ” ဟု ရွာလူကြီး စောစိန်မြင့်ကြည်က ဆိုသည်။

လက်ရှိအချိန်တွင် တောင်နဝင်းကြိုးဝိုင်းအတွင်း ရောက်ရှိနေသည့် ကရင်ရွာကလေးနှင့် လုပ်စား တောင်ယာစိုက်ခင်းများက ယခင်က ကြိုးဝိုင်းအဖြစ် မသတ်မှတ်ခင်ကတည်းက တိုင်းရင်းသားများ မိရိုးဖလာ နေထိုင်သွားလာစိုက်ပျိုးခဲ့ သည့်နေရာများဖြစ်သလို ယင်း ကြိုးဝိုင်း၏ နှစ်တစ်ရာပြည့်ခဲ့သည့် ကျွန်းစိုက်ခင်း စတင်စဉ်ကပင် ကရင်တိုင်းရင်းသား ဘိုးဘေးများ က ကူညီစိုက်ပျိုးပေးခဲ့ကြသည်ဟု တိုင်းရင်းသားများက ပြောကြ သည်။ ဆွေးနွေးပွဲတွင် တိုင်းရင်း သားများ မျှော်လင့်နေသည်က ရှေး ယခင်ကတည်းက ၎င်းင်းတို့ လုပ်စား နေသည့် ယာမြေများတွင် လွတ် လပ်စွာ စိုက်ပျိုးလုပ်စားလိုနေပြီး သစ်တောဌာနအနေဖြင့်လည်း ကြိုးဝိုင်းဖြစ်နေသည့်အတွက် ဥပဒေစည်းကမ်း လမ်းညွှန်ချက်များဖြင့် ခွင့်ပြုပေးရမည်ဖြစ်ရာ သစ်တောစိုက်ခင်းများ၊ အစုအဖွဲ့ပိုင်စိုက်ခင်းများ ထူထောင်စိုက်ပျိုး ပေးစေလိုနေသည်။ ဆွေးနွေးမှုများက ဆက်လက် လုပ်ဆောင်ရဦးမည့် အခြေအနေတွင် ခေတ္တရပ်ဆိုင်းခဲ့ရသည်။

နောက်ပိုင်းသိရသည်မှာ ကြိမ်ချောင်းရွာထက် အိမ်ခြေအရေအတွက် နည်းပါးသော ကရင်တိုင်းရင်းသားနှင့် အရှိုချင်းတိုင်းရင်းသား အိမ်စုလေးများ ပဲခူးရိုးမနက်နက် ထဲတွင် နေထိုင်နေကြပြီး ပေါက်ခေါင်းမြို့နယ် တစ်ခုတည်းတွင်ပင် အရှိုချင်းတိုင်းရင်းသားကျေးရွာ ၂၂ ရွာနှင့် ကရင်တိုင်းရင်းသားကျေးရွာ ကိုးရွာရှိကြောင်း ယင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က ဆိုသည်။

“တိုင်းရင်းသားဘတ်ဂျက်က ပေးတဲ့ဟာကျတော့ ကရင်တစ်လှည့် ချင်းတစ်လှည့် ပေးနေရတာပေါ့။ အထူးသဖြင့် ချင်းကပိုများတယ်။ ချင်းက ဝန်ကြီးမရှိတဲ့အတွက် ပိုတာဝန်ကြီးပြီး စောင့်ရှောက်ပေးနေရတယ်။ ကရင်က ကရင်အတွက် ပေးဆိုပေမဲ့ ချင်းရော ကရင်ရောရှိတော့ တိုင်းရင်းသားနှစ်ခုစလုံး လူပါပဲဆိုပြီး လုပ်ရတာပဲပေါ့။ ကရင်ကိုတစ်နှစ်ပေး ရင် ချင်းကိုလည်း တစ်နှစ်ပေးရ တယ်။ မဲဆန္ဒနယ်နှစ်ခုခွဲမှ ပိုက်ဆံ လေး သုံးဆယ်လေးဆယ်ရတာ။ ရွာနှစ်ရွာကို တစ်ရွာ သိန်းနှစ်ဆယ်နဲ့ မြေနီလမ်းခင်းဖို့ ကိုယ်ထူကိုယ်ထ ခိုင်းရတာ။ ကျန်တာလိုတာကို ရွာကစိုက်ပေါ့။ ကျွန်တော်တို့က မတည်ပေးတာပေါ့” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က ပြောကြားသည်။

တိုင်းရင်းသားအများစု တောင်းဆိုနေသည်မှာ လမ်းပန်းဆက်သွယ်ရေးနှင့် ပညာရေး၊ ကျန်းမာရေးဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဖွံ့ဖြိုးရေး ဘတ်ဂျက်အနေဖြင့် တစ်နှစ်လျှင် တစ်မြို့နယ် ၇၅ သိန်းထောက်ပံ့ပေးထားပြီး ပဲခူးတိုင်းဒေသကြီး ၂၈ မြို့နယ်အတွက် သိန်းပေါင်း ၂၁၀၀ ထောက်ပံ့ပေးနေပြီး အခြား တိုင်းရင်းသားရိုးရာ ပွဲတော်ကြီးများ ကျင်းပရန်အတွက်လည်း ထောက်ပံ့ပေးမှုများ ရှိနေသည်။ ယင်းထောက်ပံ့ပေးမှုမှာ ထိရောက်မှုမရှိဘဲ အလွန်နည်းပါးနေပြီး တစ်မြို့နယ်တွင် မဲဆန္ဒနယ် နှစ်နယ်ရှိပြီး တစ်နယ်လျှင် ၃၅ သိန်းနှင့် သိန်း ၄၀ သာရရှိသည့်အတွက် တိုင်းရင်း သားကျေးရွာများစွာကို ထောက်ပံ့ ကူညီပေးရာ၌ အခက်အခဲဖြစ်နေသည်။ ယင်းအတွက် ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေနှင့် တိုင်းဒေသကြီးဒေသ ဖွံ့ဖြိုးရေးဘတ်ဂျက်များထဲက ခွဲဝေသုံးစွဲပေးရကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က ပြောကြားသည်။

ထောက်ပံ့မှုများက ဒေသဖွံ့ဖြိုးရေးတွင် အလေးပေးပြုလုပ်နေ သော်လည်း တိုင်းရင်းသားများ၏ မြေယာလုပ်စားခွင့်၊ ဘိုးဘေးများ လုပ်စားခဲ့သော ဧရိယာများအတွင်း ဒေသမျိုးရင်း စားသုံးသီးနှံများကို စိုက်ပျိုးထိန်းသိမ်းထားလိုမှု၊ လွတ် လပ်စွာသွားလာခွင့်နှင့် တိုင်းရင်း သားစာပေယဉ်ကျေးမှုများကို စာသင်ကျောင်းများတွင် သင်ကြား ခွင့်တို့က အခက်အခဲရှိနေပြီး အများစုတွင် မှတ်ပုံတင်မရှိခြင်း၊ မှတ်ပုံတင် ပြုလုပ်ရာတွင်လည်း တိုင်းရင်းသားအခေါ်အဝေါ် နာမည်များအစား ဗမာ၊ ဗုဒ္ဓအဖြစ်ပြု လုပ်နေရခြင်းနှင့် တိုင်းရင်းသား အခွင့်အရေးများ သိရှိရန် တွင်တွင် ကျယ်ကျယ် လာရောက်လုပ် ဆောင်ပေးခြင်းမရှိမှုများက လက်ရှိအစိုးရ လက်ထက်မှာပင် ခက်ခဲနေဆဲဟု တိုင်းရင်းသားခေါင်းဆောင်များက ဆိုသည်။

“ကျွန်တော်တို့ ဌာနေတိုင်းရင်းသားတွေက ဒီကြိုးဝိုင်းမဖွဲ့ခင် ကတည်းက နေထိုင်လာခဲ့ကြတယ်။ အခုကြိုးဝိုင်းဖွဲ့တဲ့အခါ ဘိုးစဉ်ဘောင်ဆက်က မြေဧရိယာတွေဟာ ကိုယ့်နေရာမှာ နေတာကို သူ့နေရာမှာ နေတယ်ဆိုပြီး စွပ်စွဲခံရတယ်။ သခင်ကနေ သူခိုးဖြစ်ရတယ် ဆိုတဲ့ အခြေအနေမျိုးကို ရောက်သွားတယ်။ ဒါကကျွန်တော်တို့ ကရင်တိုင်းရင်းသားတွေမှ မဟုတ်ဘူး။ အခြားတိုင်းရင်းသားတွေလည်း ထိုနည်းတူပါပဲ” ဟု ပဲခူးရိုးမပေါ်ရှိ ရွှေတောင်ငွေတောင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစောအေးဆောင်က ပြောကြားသည်။

ရိုးမတောအတွင်း တိုင်းရင်းသားများ ပျံ့နှံနေမှုက ဆင်းရဲကျပ်တည်းမှုများနှင့် အချုပ်အချယ်များကြားတွင် ကြိုးတန်းလမ်းလျှောက်နေရသည့် အခြေအနေဖြစ်သည်။ အများစုမှာ မိရိုးဖလာ တောင်ယာများတွင် ခက်ခက်ခဲခဲဖြင့် ဝမ်းစာ စပါးစိုက်ပျိုးခြင်း၊ ယာသီးနှံများဖြစ်သည့် ဆင်ခရမ်းချဉ်၊ ငရုတ်သီး၊ ပဲ၊ နှမ်းတို့ကို အဓိကထား စိုက်ပျိုးစားသောက် နေထိုင်ကြပြီး တောင်တန်းတောင်ကုန်းများ ဖြစ်သည့်အတွက် စီးပွားဖြစ် ထွက်ရှိနေခြင်းတော့လည်း မဟုတ်ပြန်ပါ။ အလေ့ကျ ပေါက်ရောက်လေ့ရှိသည့် ဝဥ တူးဖော်ရောင်းချခြင်း၊ မျှစ်ရောင်းခြင်း၊ ဆေးပင်ဆေးရွက်များ ရောင်းခြင်း နှင့် တရားဝင်လုပ်ကိုင်နေသည့် ၀ါးခုတ်လုပ်ငန်းများတွင် လုပ်သား အဖြစ် လုပ်ကိုင်ခြင်း၊ အခြားလုပ် ငန်းများတွင် အငှားအလုပ်သမား အဖြစ် လုပ်ကိုင်ခြင်းတို့ကိုသာ လုပ် ကိုင်နေရသည်။ အများစုမှာ မူလ တန်းပညာရေးတွင်သာ ရပ်ဆိုင်း သွားကာ အထက်တန်းအဆင့် တက်ရောက်ရန်လည်း ဝေးလံသည့် နေရာများသို့ သွား ရောက်မည့်အ ခြေအနေနှင့် ငွေကြေးထောက်ပံ့ မပေးနိုင်ခြင်းတို့က မိသားစုဝမ်းရေးတွင် ဝင်ရောက်ဖြေရှင်း ကူညီနေကြရမှုတို့က တိုင်းရင်းသားတို့၏ ပညာရေးကို အဟန့်အတား ပြုလုပ်ထားသည်။

“ကျန်းမာရေးက အဓိကကျသလို ပညာရေးကလည်း အဓိကကျတယ်။ တောင်ပေါ်ဒေသ ဖြစ်တဲ့အတွက် ဝေးလံခေါင်ဖျားပြီး မြို့နဲ့ဝေးတဲ့အတွက် ပညာရေးက စာသင်ကျောင်းက ရှစ်တန်းအထိသာ ရောက်တယ်။ တချို့ကလေးတွေဆို အင်္ဂလိပ်လို မပြောနဲ့ ဗမာစကားတောင် ကောင်းကောင်းမပြောတတ်၊ ကောင်းကောင်း မရေးတတ်တဲ့သူရှိတယ်။ ကရင်ဝန်ကြီးအနေနဲ့ ပညာရေးကို ဒီထက်မက မြှင့်တင်ပေးစေချင်တယ်။ ပိုပြီး စိတ်ဝင်စားပေးစေချင်တယ်။ ကျွန်မတို့ တောင်ပေါ်ကလေးတွေ ပညာရေး မြှင့်တင်လာမှ ကျွန်မတို့ လုပ်ငန်းကိုင်ငန်းတွေ ပညာရေးတွေ အဆင်ပြေလာမယ်ထင်တယ်” ဟု ရွှေတောင်ငွေတောင်ကျေးရွာမှ နော်စန်းစန်းကြည်က ပြောကြားသည်။

တိုင်းရင်းသားများအရေး ဖြေရှင်းရန် အရပ်ဘက် အဖွဲ့အစည်းအချို့နှင့် နိုင်ငံတကာ INGO အဖွဲ့များက သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ကူညီပေးမှုများ ရှိခဲ့ဖူးသော်လည်း အများအားဖြင့် ယင်းအဖွဲ့အစည်းများကို မသိဖူး မမြင်ဖူးသူ များကလည်း ဒုနှင့်ဒေးပင်။ ဌာနေတိုင်းရင်းသား အခွင့်အရေးများကို တောင်းဆိုပေးခြင်း၊ ၎င်းတို့ တည်ရှိခဲ့ပုံများကို မြေပုံမှတ်တမ်းများ ပြုစုပေးခြင်းနှင့် မြေယာလုပ်ပိုင်ခွင့် ရရှိနိုင်ရန် CF လုပ်ထုံးလုပ်နည်းများတွင် ကူညီပေးခြင်းတို့ကို လုပ်ဆောင်ပေးခဲ့သော်လည်း ရိုးမတောအတွင်း ပျံ့နှံ့စွာ တည်ရှိနေသည့် တိုင်းရင်းသားများကို ခြုံငုံမိရန် ခက်နေသည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရာ နေရာများနှင့် အထိုက်အလျောက် ဖွံ့ဖြိုးမှုရှိသော ကျေးရွာများ၌သာ ကူညီထောက်ပံ့မှုများ ဝင်ရောက်ခဲ့သည်။ INGO အဖွဲ့များတွင်လည်း သက်ဆိုင်ရာ ခေါင်းစဉ်များနှင့် နှစ်အကန့်အသတ်များကို ကျော်လွန်ကူညီရန် ခက်ခဲသည့် သဘော၌ ရှိနေသည်။

NLD အစိုးရသက်တမ်းတွင် တိုင်းရင်းသားများအရေး ဖြေရှင်းရန် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့ပြီး တိုင်းဒေသကြီးအလိုက် တိုင်းရင်းသားဝန်ကြီးများ ထားရှိကာ တိုင်းရင်းသားများအရေး ဖြေရှင်းခဲ့သည်။ ဝန်နှင့်အားမှာ မျှတခြင်းမရှိသည့် အခြေအနေတွင် ရှိပြီးလာမည့် အစိုးရသက်တမ်းတွင်လည်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရန် များစွာကျန်ရှိ နေသေးသည်ဟု ပဲခူးတိုင်းဒေသကြီး လွှတ်တော် တိုင်းရင်းသားများ လူမျိုးများအရေးဆိုင်ရာ ကော်မတီက အစီရင်ခံစာ ၁၀ စောင်နှင့် တိုင်းအစိုးရအဖွဲ့ အကြံပြုချက် ၄၉ ချက်ကို ပေးပို့ထားသည်။ ယင်းအကြံပြုချက်များမှာ တိုင်းရင်းသားများထံမှ ကောက်ယူထားသော စစ်တမ်းများကို အခြေခံထားသည်။ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ စာပေယဉ်ကျေးမှုနှင့် မှတ်ပုံတင် မှားယွင်းနေမှုများ၊ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားလိုမှုတို့ကို အားနည်းချက်များအဖြစ် တောင်းဆိုထားသည်။

“တိုင်းရင်းသားတွေ နိုင်ငံသား စိစစ်ရေးကတ်တွေမှာ အမည်မှားယွင်းနေတာတွေ ဗမာ၊ ဗုဒ္ဓဖြစ်နေတာတွေ တကယ့်တော သူတို့မှာ ဗမာ၊ ဗုဒ္ဓ မဟုတ်ဘူး။ ပညာရေး အခြေခံအားဖြင့် အတော်အားနည်း နေတာကို တွေ့ရတယ်။ တချို့ဆို စစ်တမ်းကို ဒီအတိုင်း ပြန်ပေးလိုက်တာ တစ်ချက်နှစ်ချက်ပဲဖြည့်တာ။ စစ်တမ်းဆိုတာက စာရွက်တွေနဲ့ ကောက်ခြစ်ခိုင်းတာပဲရှိတယ်။ ဒါတောင်အားနည်းတယ်။ တချို့က ဖြည့်ကိုမထားတာ အသက်မွေးဝမ်းကျောင်းတွေနဲ့ ပတ်သက်ပြီး လုပ်ပေးဖို့ အများကြီး လိုသေးတယ်။ အစိုးရကို တိုက်တွန်းထားတယ်။ တိုင်းရင်းသားတွေ အခွင့်အရေးတွေကို ပိုမိုနားလည်လာဖို့ ကော်မတီအနေနဲ့ လုပ်ဆောင်ပေးဖို့ အများကြီးကျန်သေးတယ်” ဟု ယင်းကော်မတီ၏ အဖွဲ့ဝင် ပန်းတောင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပပဟန်က ပြောကြား သည်။

မြေယာပိုင်ဆိုင်ခွင့်နှင့် လုပ်စားခွင့်တို့ကို တောင်းဆိုထားမှုမှာ နည်းပါးနေပြီး တိုင်းရင်းသားအများ စုမှာ သစ်တောကြိုးဝိုင်းသတ်မှတ် သည့်အထဲတွင် ရှိနေပြီး ကြိုးကျူး များအဖြစ် သတ်မှတ်ခံထားရ သည်။ ဘာသာစကားအခက်အခဲ နှင့် ပညာရေးအခြေအနေများ ကြောင့် ဥပဒေများကို သိရှိနား လည်သူ နည်းပါးသည့်အတွက် ဥပဒေဘောင်အတိုင်း လုပ်ဆောင် နိုင်မှုမရှိသည့်အတွက် တောင်းဆို နေသော တိုင်းရင်းသားအခွင့်အ ရေးများမှာ မရရှိသလောက်ပင်ဖြစ် သည်။ သစ်တောဥပဒေ၊ မြေယာ ဥပဒေများမှာ ရှုပ်ထွေးနေပြီး နည်းဥပဒေများ ကြန့်ကြာနေမှုများလည်း ရှိကြောင်း နိုင်ငံတကာကတိကဝတ် စာချုပ်များ ရှိသော်လည်း အစိုးရ လက်တွေ့အကောင်ထည်ဖော်မှု အားနည်းနေသေးကြောင်း ဒီဇင်ဘာ ၁၈ ရက်က ပြုလုပ်သည့် မြန်မာအစိမ်းရောင်ကွန်ရက် (၉) ကြိမ်မြောက် တွေ့ဆုံပွဲတွင် သဘာဝပတ်ဝန်းကျင် ပညာရှင်များက ဆွေးနွေးပြောဆိုကြသည်။

“ကျွန်တော်တို့ ဌာနတိုင်းရင်း သားဒေသခံတွေက ဟိုးနှစ်ပေါင်း များစွာကတည်းက ဓားမဦးချလည်း လုပ်လာကြတယ်။ တောင်ဆိုလည်း ဟိုဘက်ရွာနဲ့ ဒီဘက်ရွာပိုင်းခြား ထားတယ်။ ချောင်းဆိုလည်း ဟို ဘက်ရွာ ဒီဘက်ရွာ ပိုင်းခြားထား တယ်။ အဲဒီလိုကိုယ့်ဓလေ့ထုံးထမ်း အရ အသိအမှတ်ပြုထားတယ်။ အများကြီးရှိတယ်။ သို့သော်လည်း မြေပုံတွေမရှိဘူး။ ကျွန်တော်တို့က ၂၀၁၂ လယ်ယာမြေဥပဒေ မပေါ် လာခင်ကတည်းက အသိအမှတ်ပြု ထားတယ်။ ၂၀၀၈ အခြေခံဥပဒေ မပေါ်လာခင်ကတည်းက အသိအ မှတ်ပြုထားတယ်။ တစ်ယောက်နဲ့ တစ်ယောက် အသိအမှတ်ပြုထားတယ်။ ၂၀၁၈ သစ်တောဥပဒေ မပေါ်လာခင်ကတည်းက တိုင်းရင်း သား ဒေသခံတွေ အချင်းချင်းက  အသိအမှတ်ပြုထားတာတွေ ရှိ တယ်။ ကိုယ့်အချင်းချင်း အရင်ဆုံး အသိအမှတ်ပြုထားပြီး ကျွန်တော်တို့ ကာကွယ်စောင့်ရှာက်ထားတဲ့ ရေမြေတောတောင်တွေကို မြေပုံတွေနဲ့၊ စနစ်တကျသက်သေတွေနဲ့ စာတမ်းပြုစုထားပြီး မူဝါဒတွေပေါ်လာရင် ကျွန်တော်တို့ မှတ်တမ်းလုပ်ထားတဲ့ ဟာတွေကို အဆင်သင့်လေး အစိုးရကိုပေးနိုင်မယ်” ဌာနေ တိုင်းရင်းသားများအရေး ဆောင်ရွက်နေသည့် Point အဖွဲ့မှ ကိုမျိုးကိုက ပြောကြားသည်။

တိုင်းရင်းသားများအရေး ဆိုပါက အများစု ပြေးမြင်ကြသည်မှာ ပြည်နယ်တောင်တန်းများရှိ တိုင်းရင်းသားများ အရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ထင်ထင်ရှားရှားတွေ့မြင် ဖြေရှင်းနေကြလေ့ရှိပြီး တိုင်းဒေသကြီးနှင့် မြေပြန့်များတွင် ပျံ့နှံ့တည်ရှိနေသည့် များစွာသော တိုင်းရင်းသားများ အရေးကို မေ့နေလေ့ရှိကြသည်။ မိမိတို့၏ ကွဲပြားခြားနေမှုများအတိုင်း သဟဇာတဖြစ်စွာ နေထိုင်ရှင်သန်ရန် ကြိုးစားရုန်းကန်ကြရင်း ယုံကြည်ရာ၊ ရေကြည်ရာ မြတ်နုရာကို ရွေ့ပြောင်းလုပ်စားနေရသည့် ဖွဲမီးကဲ့သို့ တငွေ့ငွေ့ လောင်ကျွမ်းနေကြရသည့် တိုင်းရင်သားများ အရေးကိုလည်း လုပ်ဆောင်ပေးဖို့ လိုနေကြောင်းကို ပဲခူးရိုးမတောင်တန်းပေါ်ရှိ တိုင်းရင်းသားများ၏ ဖြစ်စဉ်က မီးမောင်းထိုးပြနေသည်။

ပဲခူးရိုးမတောင်တန်းကြီးက သူ့ရင်အုပ်ထဲရှိ တိုင်းရင်းသားများနှင့် ဒေသခံများကို ယခင်လို အပူအပင် အကြောင့်အကြမဲ့စွာ နေထိုင်ရှင်သန်ခွင့်နှင့် ဖူလုံသော စားဖွယ်ရာတို့ကို မပေးစွမ်းနိုင်တော့ပေ။ သူကိုယ်တိုင်ပင် နာမကျန်း ဖြစ်နေပေပြီ။

ဆွေးနွေးပွဲအပြီးတွင် ကျွန်တော်တို့ ဆိုင်ကယ်ကိုယ်စီဖြင့် ပြန်လိုက်ကြသည်။ တိုင်းရင်းသား ခေါင်းဆောင်ပြောသော သစ်ခိုးသူ လူစိမ်းများကို ကျွန်တော်ရှာနေသော်လည်း မတွေ့ပေ။ နေ့လယ်အခါတွင် ပုန်းနေကြသည်လား။ တောအုပ်လာမည့် သတင်းကြောင့် ရှောင်ရှားနေကြသည်လား။ ခြေရာ လက်ရာ လတ်လတ်ဆတ်ဆတ် များကိုတော့ မြင်တွေ့ခဲ့ရသည်။

အပြန်လမ်းတွင် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကရင်အမျိုးသား တစ်ဦးကို ထင်းစည်းထမ်းလျက် သွားနေသည်ကို တွေ့လိုက်ကြသည်။ တောအုပ်က ရပ်တန့်လိုက်ရင်း နေအိမ်ကိုမေးရာ အဝေးတောင်ခြေရှိ ၀ါးတဲကိုလက် ညှိုးထိုးပြသည်။ ယင်းတဲသည် CF စိုက်ခင်းထူထောင်မည့် ကြိုးဝိုင်းအကွက် အမှတ် (. . .) ထဲတွင် ရှိလို့နေသည်။

တောအုပ်က သစ်ပင်များကို မခုတ်ရန်နှင့် လာမည့်ရာသီတွင် စိုက်ခင်းထူထောင်ဖို့ ကြိုးစားရန် ဆိုနေသည်။ တဲငယ်ပေါ်ရှိ ကလေးတစ်ယောက်နှင့် ခွေးကလေးကို ကျွန်တော့်ကင်မရာ မှန်ဘီလူးတွင် မြင်နေရသည်။ ကျွန်တော် ဓာတ်ပုံတစ်ချက်ရိုက်လိုက်ပြီး မြင်ကွင်းလေးကို မျက်နှာလွဲကာ ဆိုင်ကယ်ကို မောင်းထွက်ခဲ့တော့သည်။

 

Most Read

Most Recent