မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ ၉၈ ရာခိုင်နှုန်းရှိသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ၏ အခက်အခဲများ ကူညီဆောင်ရွက်ပေးနိုင်ရန် MSME Association ကို မကြာမီ ဖွဲ့စည်းမည်

မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ ၉၈ ရာခိုင်နှုန်းရှိသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ၏ အခက်အခဲများ ကူညီဆောင်ရွက်ပေးနိုင်ရန် MSME Association ကို မကြာမီ ဖွဲ့စည်းမည်
COVID-19 ကာလ MSME လုပ်ငန်းများ ရှင်သန်ရေး မဟာဗျူဟာ SME စကားဝိုင်းဆွေးနွေးပွဲကိုတွေ့ရစဉ် (ဓာတ်ပုံ- ကုန်သည်စက်မှုအသင်းချုပ်)
COVID-19 ကာလ MSME လုပ်ငန်းများ ရှင်သန်ရေး မဟာဗျူဟာ SME စကားဝိုင်းဆွေးနွေးပွဲကိုတွေ့ရစဉ် (ဓာတ်ပုံ- ကုန်သည်စက်မှုအသင်းချုပ်)
Published 15 December 2020
နီလာ

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ အခက်အခဲများ ကူညီဆောင်ရွက်ပေးနိုင်ရန် MSME Association of Myanmar မကြာမီ ဖွဲ့စည်းမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။

“ အသင်းချုပ်အနေနဲ့ မကြာမီမှာ တစ်နိုင်ငံလုံးက SME တွေ ကဏ္ဍပေါင်းစုံက ပါဝင်တဲ့ MSME Association of Myanmar ဆိုပြီး ဖွဲ့စည်းဖို့ပြင်ဆင်နေပါတယ်။ အခုတော့ သင်းဖွဲ့စည်းမျဉ်းတွေ ဆွဲပြီးပါပြီ။ မကြာမီမှာ DICA ရုံးကိုတင်ပြီး ဆောင်ရွက်ပါမယ်” ဟု ဦးဇော်မင်းဝင်းက ဆိုသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်သည် ပြည်တွင်းစီးပွားရေးကဏ္ဍများကို ဦးဆောင်၍ လုပ်ငန်းရှင်များ တွေ့ကြုံနေသည့် အခက်အခဲပြဿနာများကို  သက်ဆိုင်ရာ အစိုးရဌာနများထံ အကြံပြုတင်ပြလျက်ရှိသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်း ၉၈ ရာခိုင်နှုန်းသည် အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ ဖြစ်ကြသည့်အတွက် အဆိုပါလုပ်ငန်းများ ရေရှည်ရပ်တည်ရှင်သန်နိုင်ရေး၊ ဆန်းသစ်တီထွင်ထားသော ထုတ်ကုန်သစ်များဖြင့် စျေးကွက်တစ်ခု ဖန်တီးနိုင်ရေး၊ Macro စီးပွားရေးပတ်ဝန်းကျင် အခြေအနေနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ ကျော်လွှားနိုင်ရေး၊ သမားရိုးကျလုပ်ငန်းများမှ ခွဲထွက်၍ စွန့်ဦးတီထွင်လုပ်ငန်းများ ထွက်ပေါ်လာစေရေး၊ စျေးကွက်စီးပွားရေးအရ ယှဉ်ပြိုင်မှုအားကောင်းသော လုပ်ငန်းများ ထွက်ပေါ်လာစေမည့် ရေတိုရေရှည် စီမံချက်များ ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ ကုန်သည်စက်မှုအသင်းချုပ်၏ MSME Development Committee မှ ဦးဆောင်၍ COVID-19 ကာလ MSME လုပ်ငန်းများ ရှင်သန်ရေး မဟာဗျူဟာ SME စကားဝိုင်း ဆွေးနွေးပွဲကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကျင်းပခဲ့ရာတွင် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။      

ထို့ပြင် SME Service Centre ကိုလည်း တည်ထောင်ရန် ကုန်သည်စက်မှုအသင်းချုပ်က စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ၏ သတင်းထုတ်ပြန်ချက်အရ မှတ်ပုံတင်ထားသည့် ပုဂ္ဂလိကစက်မှုလုပ်ငန်းများအနေဖြင့် စုစုပေါင်း ၅၁၆၆၇ ခုရှိပြီး  အငယ်စားစီးပွားရေးလုပ်ငန်း ၃၁၄၉၇ ခု၊ အလတ်စား စီးပွားရေးလုပ်ငန်း ၁၁၇၆၇ ခုနှင့် အကြီးစားစီးပွားရေးလုပ်ငန်း ၈၄၀၃ ခုရှိကြောင်း သိရသည်။

ယင်းလုပ်ငန်းများတွင် စားသောက်ရေးဆိုင်ရာလုပ်ငန်းများ၊ ဝတ်ဆင်ရေးလုပ်ငန်း၊ နေထိုင်ရေးလုပ်ငန်း၊ လူသုံးပစ္စည်းလုပ်ငန်း၊ အိမ်သုံးပစ္စည်းလုပ်ငန်း၊ ပုံနှိပ်စက္ကူနှင့် စက္ကူထုတ်ကုန်များ၊ ကုန်ကြမ်းပစ္စည်းလုပ်ငန်း၊ ဓာတ်သတ္တုပစ္စည်းပြုပြင်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေး ကိရိယာထုတ်လုပ်ငန်း၊ စက်နှင့် စက်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ရေးယာဉ်များထုတ်လုပ်ခြင်း၊ လျှပ်စစ်ကိရိယာများ ထုတ်လုပ်ခြင်းနှင့် အခြားကုန်များ ထုတ်လုပ်ခြင်းလုပ်ငန်းတို့ ပါဝင်ပြီး စားသောက်ရေးဆိုင်ရာလုပ်ငန်းများ အများဆုံးဖြစ်ကြောင်း သိရသည်။

COVID-19 ကာလအတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများအနေဖြင့် ဒစ်ဂျစ်တယ် အသုံးပြုမှုကျယ်ပြန့်လာသည့်အတွက် MSME လုပ်ငန်းများ လက်ရှိဒစ်ဂျစ်တယ်အသုံးပြုမှု စစ်တမ်း ကောက်ယူလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သိရသည်။

COVID-19 ကာလအတွင်း စီးပွားရေးလုပ်ငန်းများ ဒစ်ဂျစ်တယ်အသုံးပြုမှု ကျယ်ပြန့်လာပြီး စီးပွားရေးကဏ္ဍများ ဒစ်ဂျစ်တယ်နည်းပညာစနစ် ကူးပြောင်း၍ အသုံးချနိုင်မှုအနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ရာခိုင်နှုန်း ၂၀၊ ၂၀၂၅ ခုနှစ်တွင် ရာခိုင်နှုန်း ၅၀ အောင်မြင်ရန် ရည်မှန်းထားကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent