ဂူဒီဆင်ပါ့ခ်မှာ အန်ဆယ်လော့တီကို ဒူးထောက်ခဲ့ရတဲ့ လမ်းပတ်

ဂူဒီဆင်ပါ့ခ်မှာ အန်ဆယ်လော့တီကို ဒူးထောက်ခဲ့ရတဲ့ လမ်းပတ်
Photos: Team Twitter
Photos: Team Twitter
Published 13 December 2020

ပရီးမီးယားလိဂ်ပွဲစဉ် (၁၂) စနေညရဲ့နောက်ဆုံးပွဲစဉ်မှာတော့ အဲဗာတန်အသင်းက ချယ်လ်ဆီးအသင်းကို အိမ်ကွင်း ဂူဒီဆင်ပါ့ခ်မှာ (၁-ဝ)ဂိုးနဲ့အနိုင်ရခဲ့ပြီး ကျေနပ်စရာစွမ်းဆောင်ရည်ကိုပြနိုင်ခဲ့ပါတယ်။

ဒီပြိုင်ပွဲမတိုင်ခင်ပြိုင်ပွဲစုံနောက်ဆုံး (၁၄)ပွဲဆက်မှာ (၉)ပွဲနိုင်၊ (၅)ပွဲသရေနဲ့ ရှုံးပွဲမရှိခဲ့တဲ့ ချယ်လ်ဆီးအသင်းအတွက်တော့ စိတ်ပျက်စရာနေ့တစ်နေ့ဖြစ်ခဲ့ပြီး ချန်ပီယံဆုမျှော်လင့်ချင်ရင် တည်ငြိမ်မှုတစ်ခုရှိဖို့လိုအပ်တယ်ဆိုတာကို ပြသတဲ့ပွဲလည်းဖြစ်ခဲ့ပါတယ်။

အဲဗာတန်နည်းပြ အန်ဆယ်လော့တီနဲ့ ချယ်လ်ဆီးနည်းပြ လမ်းပတ်တို့ ဆရာတပည့် (၂)ဦးပြန်တွေ့တဲ့ပွဲဟာ အကြိတ်အနယ်ရှိခဲ့ပြီး ချယ်လ်ဆီးအသင်းရဲ့ ဂိုးကံခေမှုတွေကလည်း အဲဗာတန်အသင်းကိုအောင်ပွဲရလဒ်ဆီတွန်းပို့ပေးခဲ့တယ်လို့ဆိုရပါမယ်။

ဇီယာ့ချ်၊ အိုဒွိုင်း၊ ပူလီဆစ်တို့ဒဏ်ရာပြဿနာတွေရှိနေတဲ့ ချယ်လ်ဆီးအသင်းဟာ ဒီနေ့ပွဲစဉ်မှာ ဗာနာ၊ ဟာဗက်ဇ်၊ ဂျရူးတို့နဲ့ တိုက်စစ်ကိုစုဖွဲ့ခဲ့ပြီး ကိုဗာချစ်၊ ကွန်တေ၊ မေဆန်မောင့်တို့ရဲ့ ကွင်းလယ်မောင်းနှင်အားနဲ့ ပွဲထွက်လာခဲ့တာပါ။

အိမ်ရှင်အဲဗာတန်အသင်းကလည်း အိမ်ကွင်းမှာရလဒ်ကောင်းဖို့ ဂရုတစိုက်ပြင်ဆင်ခဲ့ပြီး အထူးသဖြင့် နည်းပြအန်ဆယ်လော့တီဟာ ဒီနေ့ပွဲအတွက် အိမ်စာကောင်းကောင်းလုပ်ခဲ့တယ်လို့ဆိုရမှာပါ။

ဟာမီးစ်ရိုဒရီဂွက်ဇ်မပါဝင်နိုင်တဲ့ အဲဗာတန်အသင်းရဲ့တိုက်စစ်ပိုင်းမှာ ကယ်ဗတ်လူဝင်၊ ရစ်ချာလီဆန်နဲ့ အီဝိုဘီတို့ရဲ့ မြန်ဆန်မှုနဲ့အားပြုခဲ့ပြီး တန်ပြန်တိုက်စစ်တွေကနေ ချယ်လ်ဆီးခံစစ်ကို ခြိမ်းခြောက်ဖို့ကြိုးစားခဲ့တာပါ။

ပွဲစကတည်းက မြန်မြန်ဆန်ဆန်နဲ့ နှစ်သင်းစလုံးအပြန်အလှန်တိုက်စစ်ဆင်ပြီး ပွဲကကြည့်ကောင်းခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိအားပေးကစားမှုကို အဲဗာတန်အသင်းက စနစ်တကျဖြတ်တောက်နိုင်ခဲ့ပြီး အခွင့်အရေးမပေးရဖို့ မာမာထန်ထန်တုံ့ပြန်ခဲ့တာပါ။

ပွဲချိန် (၂၂)မိနစ်မှာတော့ အဲဗာတန်တိုက်စစ်မှူး ကယ်လ်ဗတ်လူဝင်ကို ပယ်နယ်တီဧရိယာအတွင်း ချယ်လ်ဆီးဂိုးသမား မန်ဒီကြမ်းတမ်းစွာဟန့်တားခဲ့လို့ အဲဗာတန်အသင်းပယ်နယ်တီပြစ်ဒဏ်ဘောကန်ခွင့်ရခဲ့ပါတယ်။

ဒီပယ်နယ်တီကို ဆီဂတ်ဆန်က အမှားအယွင်းမရှိကန်သွင်းယူပြီး ဒီပွဲရဲ့တစ်လုံးတည်းသောဂိုးနဲ့ အဲဗာတန်အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကိုဖြစ်စေခဲ့ပါတယ်။

ဂိုးပေးလိုက်ရပြီးနောက်ပိုင်း ချယ်လ်ဆီးအသင်း ချေပဂိုးအတွက် တောက်လျှောက်ဖိအားပေးခဲ့သလို အခွင့်အရေးတွေလည်းဆက်တိုက်ရခဲ့ပေမယ့် အဲဗာတန်ခံစစ်နဲ့ ဂိုးသမားပစ်ခ်ဖို့ဒ်တို့ တည်တည်ငြိမ်ငြိမ်နဲ့ ပုံစံကောင်းပြနိုင်ခဲ့လို့ ဂိုးတွေနဲ့ဝေးခဲ့ရပါတယ်။

ဒါ့အပြင် အဲဗာတန်အသင်းရဲ့နောက်ထပ်ဂိုးရနိုင်တဲ့အခွင့်အရးအချို့ကိုလည်း ချယ်လ်ဆီးဂိုးသမားမန်ဒီ လက်စွမ်းပြကာကွယ်မှုတွေလုပ်ခဲ့လို့ ဂိုးတွေများများမမြင်ခဲ့ရတာပါ။

ပွဲချိန်ကြာလာတာနဲ့အမျှ အပြန်အလှန်ထိုးဖောက်မှုတွေနဲ့ အကြိတ်အနယ်ရှိတဲ့ပွဲတစ်ပွဲကိုဖြစ်စေခဲ့ပြီး ပရိသတ်ကို ရင်ခုန်မှုအပြည့်ပေးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ နောက်ထပ်ဂိုးတွေမသွင်းနိုင်တော့တာကြောင့် ပွဲအပြီးမှာတော့ အိမ်ရှင်အဲဗာတန်အသင်းက (၁-ဝ)ဂိုးနဲ့အနိုင်ရပြီး ချယ်လ်ဆီးအသင်းရဲ့ ပရီးမီယားလိဂ် (၉)ပွဲဆက်ရှုံးပွဲမရှိစွမ်းဆောင်ရည်ကလည်း ရပ်တန့်ခဲ့ရပါတယ်။

 

Most Read

Most Recent