သရေတစ်မှတ်စီခွဲယူပြီး အေးစက်စက်ပြီးဆုံးခဲ့တဲ့ မန်ချက်စတာဒါဘီ

သရေတစ်မှတ်စီခွဲယူပြီး အေးစက်စက်ပြီးဆုံးခဲ့တဲ့ မန်ချက်စတာဒါဘီ
Photos : Team Twitter
Photos : Team Twitter
Published 13 December 2020

ပြိုင်ဆိုင်မှုပြင်းထန်မယ်လို့ထင်ကြေးပေးပြီး ပရိသတ်တွေကြိုတင်ရင်ခုန်ခဲ့ရတဲ့ မန်ချက်စတာဒါဘီပွဲစဉ်ကတော့ ဂိုးမရှိသရေရလဒ်နဲ့အတူ ပျင်းစရာကောင်းစွာပြီးဆုံးခဲ့ပါတယ်။

ဂိုးတွေအပြန်အလှန်သွင်းခဲ့ကြတာ၊ တစ်ဖက်နဲ့တစ်ဖက်အချင်းများခဲ့ကြတာ၊ နိုင်ပွဲအတွက်၊ ဆုဖလားတွေအတွက်တိုက်ပွဲဝင်ခဲ့ကြတဲ့ မန်ချက်စတာဒါဘီရဲ့ပုံရိပ်တွေပျောက်ဆုံးခဲ့ရတာက စိတ်ပျက်စရာပါ။

နှစ်သင်းစလုံးဟာ အနိုင်မယူဖို့ ဆုံးဖြတ်ပြီးလာရောက်ကစားတယ်လို့ထင်ရလောက်တဲ့အထိကို အေးတိအေးစက်နဲ့ပြီးဆုံးခဲ့တဲ့ မန်ချက်စတာဒါဘီပါပဲ။

နှစ်ဖက်နည်းပြတွေအတွက် မတူညီတဲ့ဖိအားတွေကိုယ်စီရှိနေချိန်ဖြစ်လို့ မန်ချက်စတာဒါဘီမှာ ပေါက်ကွဲထွက်ကြလိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ ဘောလုံးဟာကွင်းလယ်မှာအပျက်များနေပြီး ပွဲချိန်အများစုက ကွင်းလယ်မှာပဲ အိုင်နေခဲ့တာပါ။

ချန်ပီယံလိဂ်အုပ်စုအဆင့်ကထွက်ခဲ့ရလို့ ဖိအားများနေတဲ့ ဆိုးလ်ရှား ဒီနေ့ပွဲမှာလည်း အသင်းရဲ့ ကစားပုံကိုအပြောင်းအလဲမလုပ်နိုင်ခဲ့ဘဲ တိုက်စစ်နဲ့ကွင်းလယ်ချိတ်ဆက်မှုအားနည်းတာတွေက မန်ယူအသင်းအတွက် ကြီးမားတဲ့ပြဿနာဖြစ်ခဲ့ပါတယ်။

မန်စီးတီးအသင်းကလည်း ခံစစ်ကိုပိုမိုအာရုံထားခဲ့ပြီး အဂွဲရိုးမပါနိုင်သေးတဲ့တိုက်စစ်က အတွဲအဖက်ထိထိမိမိမရှိခဲ့သလို ပြိုင်ဘက်ခံစစ်ကိုဖိအားပေးနိုင်ဖို့လည်းခက်ခဲ့ပါတယ်။

ပွဲစကတည်းက (၂)သင်းစလုံး အမှားစောင့်ကစားခဲ့ကြလို့ ဘောလုံးဟာ ကွင်းလယ်မှာပဲအပျက်များခဲ့ပြီး ပွဲချိန်ကြာလာတာနဲ့အမျှ အခွင့်အရေးတွေကိုယ်စီရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ကြလို့ ပထမပိုင်းမှာဂိုးမရှိသရေနဲ့ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာ မန်ယူအသင်းပယ်နယ်တီပြစ်ဒဏ်ဘောရခဲ့ပေမယ့် VAR နဲ့ပြန်လည်ကြည့်ရှုပြီး ပယ်ဖျက်ခဲ့လို့နစ်နာခဲ့ရသလို မန်စီးတီးအသင်းကလည်း တိုက်စစ်ကစားသမားတွေဖြစ်တဲ့ စတာလင်၊ ဂျေးဇူးတို့ အခွင့်အရေးတွေဖြုန်းတီးခဲ့လို့ ဂိုးမရခဲ့တာပါ။

နှစ်သင်းစလုံးအပြောင်းအလဲတွေလုပ်ပြီး ဂိုးရဖို့ကြိုးစားခဲ့ကြပေမယ့် တစ်ဖက်နဲ့တစ်ဖက်ဂိုးပြန်ပေးရမှာကိုလည်း စိုးရိမ်စိတ်ရှိနေတဲ့ကစားဟန်က ပွဲရဲ့အရှိန်ကိုပိုပြီးငြိမ်သက်စေခဲ့ပါတယ်။

ပွဲပြီးခါနီးမိနစ်တွေမှာတော့ (၂)သင်းစလုံး သရေရလဒ်ကိုထိန်းကစားသွားခဲ့ရလို့ ဂိုးမရှိသရေနဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ပါတယ်။

Most Read

Most Recent