ဘူလ်ဂေရီးယားလက်ဝှေ့သမား ပူလက်ဗ်နှင့်ထိုးသတ်မည့် ဂျိုရှူအာ၏ ဟဲဗီးဝိတ်ချန်ပီယံကာကွယ်ပွဲကို ယနေ့ ပြုလုပ်မည်

ဘူလ်ဂေရီးယားလက်ဝှေ့သမား ပူလက်ဗ်နှင့်ထိုးသတ်မည့် ဂျိုရှူအာ၏ ဟဲဗီးဝိတ်ချန်ပီယံကာကွယ်ပွဲကို ယနေ့ ပြုလုပ်မည်
Photos: ssarena.com
Photos: ssarena.com
Published 12 December 2020

WBA(Super)၊ IBF၊ WBO နှင့် IBO ချန်ပီယံဖြစ်သူ ဗြိတိန်လက်ဝှေ့သမား အန်သိုနီဂျိုရှူအာသည် ချန်ပီယံကာကွယ်ပွဲအဖြစ် ဘူလ်ဂေးရီးယားနိုင်ငံသား ကူဘရက်ပူလက်ဗ်နှင့် ထိုးသတ်မည့်ပွဲကို ယနေ့(ဒီဇင်ဘာလ ၁၂ ရက်) ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ လန်ဒန်မြို့ရှိ The SSE Arena တွင် ကျင်းပရန်စီစဉ်ထားသည့် အဆိုပါပွဲမှာ မြန်မာစံတော်ချိန် ဒီဇင်ဘာလ (၁၃) ရက် နံနက်(၅းဝဝ)နာရီဝန်းကျင်မှ စတင်ထိုးသတ်ဖွယ်ရှိကြောင်း သတင်းများက ဖော်ပြခဲ့သည်။

    

ချန်ပီယံ ဂျိုရှူအာက ယင်းပွဲအတွက် အဆင်သင့်ဖြစ်နေပြီဟု ပြီးခဲ့သည့် ဒီဇင်ဘာလ(၈)ရက်က ပြောကြားခဲ့သည်။ ဂျိုရှူအာ အနေဖြင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ(၇)ရက်က အမေရိကန်လက် ဝှေ့သမား အန်ဒီရုဇ်ဂျူနီယာကို အမှတ်ဖြင့်အနိုင်ယူပြီး ချန်ပီယံ ရွှေခါးပတ်များ ပြန်လည်သိမ်းပိုက်နိုင်ပြီးနောက် (၁၂)လအတွင်း ပထမဆုံးထိုးသတ်မည့်လက်ဝှေ့ပွဲလည်းဖြစ်သည်။ 

ယင်းပွဲကို ပရိသတ်(၁ဝဝဝ)ဦး ဝင်ရောက်ကြည့်ရှုခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။ 

"ကမ္ဘာ့ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံပွဲကို ပရိသတ် (၁ဝဝဝ)ဦးရှေ့မှောက်မှာ ထိုးသတ်ရတာ အလွန်ထူးခြားတဲ့ အခါသမယဖြစ်ပါလိမ့်မယ်။ ပုံမှန်အားဖြင့် ဒီအားကစားရုံမှာ ပရိသတ်ပေါင်း ထောင်နဲ့ချီ ဝင်ဆံ့ပါတယ်။ ဒါပေမဲ့ ပရိသတ်ဦးရေ (၁ဝဝဝ)ဝန်းကျင်ပမာဏ ဝင်ခွင့်ရတာကိုပဲ ကံကောင်းတယ်လို့ ဆိုရမှာပါ။ သူတို့ပျော်ရွှင်ရမယ်လို့ ကျွန်တော် မျှော်လင့်ထားပါတယ်"ဟု ဂျိုရှူအာက ပြောကြားခဲ့သည်။ 

ဂျိုရှူအာ-ပူလက်ဗ်ပွဲကို ကနဦးက ဇွန်လ(၂၀)ရက်တွင် ထိုးသတ်ရန်စီစဉ်ခဲ့သော်လည်း ဗိုင်းရပ်စ်ကပ်ဘေးကြောင့် ယခု ဒီဇင်ဘာလကျမှ ပြုလုပ်နိုင်ခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် ၂၀၁၇ ခုနှစ်အတွင်းက ထိုးသတ်ရန်စီစဉ်ခဲ့သော်လည်း ပူလက်ဗ် ဒဏ်ရာရရှိပြီး နုတ်ထွက်သွားသဖြင့် သူ၏နေရာတွင် ပြင်သစ်လက်ဝှေ့သမား ကားလို့စ်တာကမ်နှင့် အစားထိုးခဲ့ရသည်။ 

    

အသက်(၃၉)နှစ်အရွယ်ရှိပြီဖြစ်သူ ပူလက်ဗ်သည် သူ၏ လက်ဝှေ့သမားမှတ်တမ်းတွင် (၁)ပွဲသာ ရှုံးပွဲတွေ့ခဲ့ပြီး (၂၈)ပွဲ အထိ အနိုင်ရထားခဲ့သည်။ ယင်းရှုံးပွဲမှာ ပူလက်ဗ်၏တစ်ပွဲတည်းသော ချန်ပီယံစိန်ခေါ်ပွဲဖြစ်ပြီး ၂၀၁၄ ခုနှစ် နိုဝင်ဘာလက ထိုးသတ်ခဲ့သည့် အဆိုပါပွဲတွင် ထိုအချိန်က IBF ချန်ပီယံ ဖြစ်သည့် ယူကရိန်းလက်ဝှေ့သမား ဝလာဒီမာကလစ်ရှ်ကိုက ပူလက်ဗ်ကို (၅)ချီတွင်အလဲထိုးဖြင့် အနိုင်ယူခဲ့သည်။

 

ပူလက်ဗ်က ဂျိုရှူအာကို အနိုင်ယူပြီး အငြင်းပွားဖွယ်မရှိ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဘွဲ့အတွက် ဂျိုရှူအာနှင့် တိုင်ဆန်ဖျူရီတို့ဆုံတွေ့မည့်ပွဲကို သွေဖီသွားစေရန် လုပ်ဆောင်နိုင်မည်ဟု ကြုံးဝါးခဲ့သည်။ 

"ဂျိုရှူအာက အမှားများတာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရတယ်။ ကိုယ်နေဟန်ထားကလည်း ဆိုးရွားမှုတွေရှိပါတယ်။ ဒီအနေအထားက ဆက်ရှိနေမယ်လို့ ကျွန်တော်ယူဆပါတယ်။ အရေးကြီးဆုံးအရာက စနေနေ့ညမှာ ကျွန်တော် ဘယ်လောက်စွမ်းဆောင်နိုင်မလဲဆိုတာပါပဲ။ အခုချိန်မှာတော့ ကျွန်တော် ပုံစံကောင်းရနေပြီး သန်မာသလို၊ ခွန်အားလည်းအပြည့်ရှိပါတယ်"ဟု ပူလက်ဗ်က ပြောကြားခဲ့သည်။ 

ယင်းပွဲတွင် ဂျိုရှူအာသည် ထိုးသတ်ကြေးအဖြစ် ဒေါ်လာ (၁၀)သန်းဝန်းကျင်ရဖွယ်ရှိပြီး ပူလက်ဗ်မှာမူ ဒေါ်လာ(၃)သန်း ဝန်းကျင်သာရမည်ဟု ဗြိတိန်သတင်းစာ Telegraph က ဖော်ပြခဲ့သည်။

Most Read

Most Recent