ဂျာမန်ကုမ္ပဏီ Va-Q-Tec က ထုတ်လုပ်သော စတုဂံပုံ သေတ္တာများသည် ပထမဆုံး စစတွေ့ချင်း၌ ပုံမှန်သေတ္တာများနှင့် ဆင်တူနေသော်လည်း အမှန်တကယ်၌မူ ယင်းသေတ္တာများသည် ကမ္ဘာတစ်ဝန်းရှိ လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်သည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများကို ထည့်သွင်းရာတွင် အဓိကကျသော အအေးခံသေတ္တာများ ဖြစ်သည်။ ဗိုင်းရပ်ကာကွယ်ဆေးကို ကမ္ဘာတစ်ဝန်းသို့ သင်္ဘောဖြင့် ပို့ဆောင်နိုင်ရန် ယင်းအအေးခံ သေတ္တာများသည် အဓိကအခန်းကဏ္ဍအဖြစ် ပါဝင်နေသည်။
ယခုသီတင်းပတ်အတွင်း ဗြိတိန်သည် အမေရိကန်ဆေးကုမ္ပဏီ Pfizer နှင့် ဂျာမန်ဆေးကုမ္ပဏီ BioNTech တို့ ပူးပေါင်း ထုတ်လုပ်သည့် ဗိုင်းရပ်စ်ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုမှု ခွင့်ပြုချက် အတည်ပြုလိုက်သည့် ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့ပြီးနောက် ကမ္ဘာတစ်ဝန်းရှိ အခြားဆေးဘက်ဆိုင်ရာ အာဏာပိုင်များက လာမည့် ရက်ပိုင်း သို့မဟုတ် သီတင်းပတ်များအတွင်း အလားတူ အတည်ပြုချက်များ ချမှတ်နိုင်ခြေရှိသည်။
ဘီလျံချီသည့် ဗိုင်းရပ်စ်ကာကွယ်ဆေးများကို မှန်ကန်သည့် အပူချိန်ဖြင့် တစ်ကမ္ဘာလုံးကို ပို့ဆောင်ရန် စိန်ခေါ်မှုပေါင်းများစွာ တွေ့ကြုံနိုင်သည်။ ဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်လုပ်သည့်ကုမ္ပဏီက သတ်မှတ်ထားသော အပူချိန်အတိုင်းအတာရှိသည့် ကာကွယ်ဆေးကို လူများအား ထိုးနှံပေးနိုင်ရန် အပူချိန်ထိန်းထားရန် လိုအပ်ပေသည်။
ဥပမာအနေဖြင့် Pfizer/ BioNTech တို့၏ ဗိုင်းရပ်စ်ကာကွယ်ဆေးသည် အလွန်အေးသော အပူချိန် အနုတ် ၇၀ ဒီဂရီဆဲစီးရပ်စ်တွင် သိုလှောင်ထားရမည် ဖြစ်သည်။
Va-Q-Tec သေတ္တာများသည် ဗိုင်းရပ်စ်ကာကွယ်ဆေးများကို ထည့်သွင်း သိမ်းဆည်းရန် လုံလောက်သည့် အပူချိန်ထောက်ပံ့ပေးနိုင်လိမ့်မည်ဟု ကုမ္ပဏီတည်ထောင်သူ နှင့် အမှုဆောင်ချုပ်ဖြစ်သူ ဂျိုအာချင်းကုချ့် က ၎င်းသေတ္တာများကို အကြီးစား ဓာတ်ဘူးကြီးများဟု တင်စားခေါ်ဝေါ်လျက် ပြောကြားခဲ့သည်။
ဘာဗေးရီးယန်းပြည်နယ် ၀ါဇ့်ဘာဂျ့်မြို့ရှိ ကုမ္ပဏီ၏ စက်ရုံတွင် အလုပ်သမားများ သည် လေထုတ်ပြီး အလုံပိတ်ထားသော ယင်းအအေးခံသေတ္တာများကို ပြုလုပ်နေကြသည်။
Silica Particle နည်းပညာကို အသုံးပြုထားသောကြောင့် အအေးခံသေတ္တာများသည် အပူချိန်ကို မြောက်ဝင်ရိုးစွန်း အေးခဲမှတ်အပူချိန်အထိ ၁၀ ရက်ကြာ ထိန်းထားနိုင်ပြီး ယင်းသို့ အပူချိန် ထိန်းထားနိုင်ခြင်းမှာ စွမ်းအင်ဖြည့်သွင်းရန် မလိုအပ်ဘဲ မြင့်မားသည့် လျှပ်ကာပစ္စည်းများကြောင့် ဖြစ်သည် ဟု ကုချ့်က အနုတ် ၇၀ ဒီဂရီရှိ အအေးခံသေတ္တာများ ရှေ့တွင် ရပ်၍ ပြောကြားခဲ့သည်။
အပူချိန် အလွန်နိမ့်သည့် နေရာများသို့ ဗိုင်းရပ်စ်ကာကွယ်ဆေးများ ပို့ဆောင်သည့်တိုင် ပို့ဆောင်စရိတ်ကို သက်သာ၍ လွယ်ကူစေရန် ရေခဲတုံးများကို ထည့်သွင်းထားရန် အနည်းဆုံး လိုအပ်သည်။
အအေးခံသေတ္တာများကို အသုံးပြုနိုင်ရန် COVID-19 ကာကွယ်ဆေး ထုတ်လုပ်သည့် နိုင်ငံတကာ ဆေးကုမ္ပဏီကြီးများနှင့် သဘောတူညီချက် ရရှိထားသည်ဟု Va-Q-Tec က ပြောကြားခဲ့သော်လည်း လျှို့ဝှက်ထားရမည့် သဘောတူညီချက်အရ ဆေးကုမ္ပဏီများ၏ အမည်ကို ထုတ်ပြောခြင်း မရှိပေ။
ကုမ္ပဏီသည် အလားတူစီမံကိန်း ၃၀ မှ ၄၀ အထိ ပါဝင်ထားသောကြောင့် တူညီသည့် ကြေညာချက် အများအပြား ဆက်လက် ထုတ်ပြန်နိုင်သည်ဟု ကုချ့်က ပြောကြားခဲ့သည်။
Va-Q-Tec သည် ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့ချိန် ကတည်းက ရောဂါစစ်ဆေးသည့် ကိရိယာများကိုလည်း ကမ္ဘာအနှံ့ ပို့ဆောင်ပေးခဲ့နိုင်ခဲ့သည်ဟု ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။
ဗိုင်းရပ်စ်ကာကွယ်ဆေးကို ပြည်ပနိုင်ငံများသို့ သင်္ဘောများဖြင့် ပို့ဆောင်ရန်အတွက် ဝယ်လိုအား မြင့်တက်နေသောကြောင့် Va-Q-Tec သည် လာမည့်နှစ်တွင် အအေးခံသေတ္တာ တစ်သောင်းကျော် တည်ဆောက်သွားမည်ဟု ၎င်းကဆိုသည်။
ထို့ပြင် ကုမ္ပဏီသည် လက်ရှိစျေးကွက်ထဲ ရောက်ရှိနေသည့် လက်ဆွဲသေတ္တာအရွယ်ရှိ သေတ္တာ ၂၅,၀၀၀ ကဲ့သို့ နောက်ထပ် သေတ္တာအလုံးရေ တစ်သိန်းကျော် ထပ်မံ ထုတ်လုပ်သွားရန် စီစဉ်ထားသည်။
“စက်ရုံ နှစ်ရုံနှင့် ထုတ်လုပ်သွားနိုင်ဖို့ ကျွန်တော်တို့အဖွဲ့တွေကို ပြင်ဆင်ထားပါတယ်။ နောက်ထပ် စက်ရုံရဲ့ တည်နေရာကတော့ ဂျာမနီနိုင်ငံအလယ်ပိုင်း Koelleda မြို့မှာဖြစ်ပြီး တစ်ရက်ကို ၂၄ နာရီပတ်လုံး လုပ်ဆောင်သွားမှာပါ” ဟု ကုချ့်က ပြောကြားခဲ့သည်။
လေကြောင်းလိုင်းပေါင်း ၂၀ နှင့် မြေပြင် သယ်ယူပို့ဆောင်ရေးကုမ္ပဏီများက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး သယ်ယူပို့ဆောင်မှုဆိုင်ရာ စိန်ခေါ်မှုတွင် Va-Q-Tec ကို အကူအညီပေးရန် တောင်းဆိုခဲ့သည်။
COVID-19 ကာကွယ်ဆေး ဖြန့်ချိရာတွင် အဓိကကြုံတွေ့သည့် ပြဿနာရပ်မှာ ပြင်ပအပူချိန်မြင့်ပြီး အခြေခံအဆောက်အအုံ ကင်းမဲ့သည့် အာဖရိက၊ လက်တင်အမေရိကနှင့် အရှေ့တောင်အာရှ၏ အချို့နေရာ ဒေသများသို့ သင်္ဘောဖြင့် ပို့ဆောင်ခြင်း ဖြစ်သည်။
Va-Q-Tec ကုမ္ပဏီက ယင်းပြဿနာကို ဖြေရှင်းသည့်အနေနှင့် ပြန်လည်သန့်စင် အသုံးပြုနိုင်သည့် ကတ်ထူပြားများဖြင့် ပြုလုပ်ထားသည့် ဆေးပုံးများကို အပိုင်းလိုက် ပို့ဆောင်သွားမည်ဖြစ်ပြီး ရည်ရွယ် ပို့ဆောင်သည့် နေရာများသို့ ရောက်ရှိချိန်တွင် ကာကွယ်ဆေးများ ထည့်မည့် ယင်းကတ်ထူပြားများကို တစ်ခုချင်း ပြန်လည်တပ်ဆင်မည် ဖြစ်သည်။
ကုချ့်နှင့် Wuerzburg တက္ကသိုလ်၊ နေရာစား သက်သာသည့် လျှပ်ကာပစ္စည်းများ သုတေသနဆိုင်ရာ အသုံးချစွမ်းအင် သုတေသနပြုလုပ်သည့် ဘာဗေးရီးယန်းစင်တာတို့သည် ၂၀၀၁ ခုနှစ် က စတင်မိတ်ဆက်ခဲ့သည့် ထုတ်ကုန်ပစ္စည်းများတွင် ယင်းအအေးခံ ကတ်ထူသေတ္တာသည် နောက်ဆုံးထုတ် ကုန်ပစ္စည်း ဖြစ်သည်။
ကုမ္ပဏီသည် လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်း နေရာ ခုနစ်နေရာတွင် ဝန်ထမ်းပေါင်း ၅၀၀ နှင့် လည်ပတ် လုပ်ဆောင်နေပြီး ၂၀၁၉ ခုနှစ်တွင် ငွေကြေး အဝင်၊ အထွက် ဒေါ်လာ ၇၉ သန်း ရှိသည်။
၂၀၁၆ ခုနှစ်က ဖရန့်ဖတ် စတော့အိတ်ချိန်းတွင် စာရင်းသွင်းခဲ့သည့် ယင်းကုမ္ပဏီ၏ ရင်းနှီးငွေသည် မကြာသေးမီ သီတင်းပတ်များအတွင်းက ဒေါ်လာသန်း ၆၀၀ ကျော်အထိ မြင့်တက်ခဲ့ပြီး BioNTech နှင့် Curevac ကုမ္ပဏီများကဲ့သို့ ကာကွယ်ဆေး ထုတ်လုပ်မှုတွင် ပါဝင်နေသည့် အခြား ဂျာမန်ဇီဝနည်းပညာ ကုမ္ပဏီကြီးများနှင့် နှိုင်းယှဉ်လျှင်မူ အနည်းငယ် နောက်ကောက် ကျနေဆဲဖြစ်သည်။
CSafe နှင့် ဆွီဒင်၏ Envirotainer တို့ အပါအဝင် အပူချိန်ထိန်းသိမ်းသည့် သေတ္တာများ ထုတ်လုပ်သည့် စျေးကွက်သည် တစ်နှစ်လျှင် ၁၀ ရာခိုင်နှုန်းခန့် တိုးတက်နေပြီး Va-Q-Tec ကုမ္ပဏီသည် ပြီးခဲ့သည့် ၁၀ နှစ်တာ ကာလအတွင်း ဖွံ့ဖြိုးတိုးတက်မှုနှုန်း ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ရှိခဲ့သဖြင့် ၎င်းအနေဖြင့် ယခုထက် ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်လိမ့်ဦးမည်ဟု ယုံကြည်နေသည်။
ယင်းကုမ္ပဏီ၏ အပူချိန်ထိန်းသည့် နည်းပညာသည် အရည်အသွေးကောင်းမွန်မှုတွင် ထိပ်တန်းရောက်နေပြီး တန်ဖိုးကြီးမားသည့် ရေခဲသေတ္တာများ၊ အအေးခန်းများ၊ ပိုက်နှင့် ဘွိုင်လာအတွင်းခန်း လိုင်နင်များ၊ လေကြောင်းနှင့် မော်တော်ယာဉ်စက်ရုံများတွင် အသုံးပြုနိုင်ပြီး ကုမ္ပဏီအတွက် မဟာအခွင့်အလမ်းများ ရှိနေသည်ဟု Metzler ဘဏ်မှ သရုပ်ခွဲလေ့လာသူ ဂွီဒိုဟွိုင်းမန်း က ပြောကြားခဲ့သည်။
“ကာကွယ်ဆေးတွေ ထိုးပြီးတာနဲ့ အသုံးမပြုတော့တဲ့ ကွန်တိန်နာကြီးတွေပေါ်မှာ ထိုင်နေရမယ့် အရေးကို စိတ်ပူနေစရာ မလိုတော့ပါဘူး” ဟု ကုချ့်က ၎င်းတို့၏ ပြန်လည်သန့်စင် အသုံးပြုနိုင်သည့် အအေးခံကတ်ထူ သေတ္တာများကို ရည်ညွှန်းပြောကြားခဲ့သည်။










