အားကစားဝတ်စုံအတုများ ထုတ်လုပ်ရောင်းချမှုဖြင့် စီရော်နယ်လ်ဒို၏ အစ်ကိုဖြစ်သူ စုံစမ်းစစ်ဆေးခံရ

အားကစားဝတ်စုံအတုများ ထုတ်လုပ်ရောင်းချမှုဖြင့် စီရော်နယ်လ်ဒို၏ အစ်ကိုဖြစ်သူ စုံစမ်းစစ်ဆေးခံရ
Published 8 December 2020

အားကစားဝတ်စုံအတုများ ထုတ်လုပ်ရောင်းချမှုဖြင့် စီရော်နယ်လ်ဒို၏ အစ်ကိုဖြစ်သူ စုံစမ်းစစ်ဆေးခံရ

စီရော်နယ်လ်ဒို၏ အစ်ကိုဖြစ်သူ ဟူဂိုသည် ညီဖြစ်သူ စီရော်နယ်လ်ဒို ပိုင်ဆိုင်ထားသည့် ကျော်ကြားမှုပုံရိပ်ကိုအသုံးပြု၍ အားကစားဝတ်စုံအတုများ ထုတ်လုပ်ရောင်းချမှုဖြင့် စုံစမ်း စစ်ဆေးခံနေရသည်။ 

ဟူဂိုသည် စီရော်နယ်လ်ဒိုထက် အသက် (၁၀)နှစ်ကြီးသည့် အစ်ကိုဖြစ်ပြီး စီရော်နယ်လ်ဒို အချစ်ခင်ရဆုံးမိသားစုဝင်တစ်ဦးလည်းဖြစ်သည်။

အီတလီမီဒီယာများ၏ ဖော်ပြချက်အရ စီရော်နယ်လ်ဒို ပိုင်ဆို်င်ပြီး ဟူဂို ဦးစီးဆောင်ရွက်နေသည့် Mussara ကုမ္ပဏီသည် စီရော်နယ်လ်ဒို အမှတ်တံဆိပ်ပါဝင်သော အထူးထုတ်အားကစားဝတ်စုံများကို ဂျူဗင်တပ်စ်အသင်းတည်ရှိရာ အီတလီနိုင်ငံ၊ တူရင်မြို့မှ Pegaso ဟုအမည်ရသည့် ကုမ္ပဏီတစ်ခုထံ အမှာအပ်ခဲ့ကြောင်း သိရသည်။ 

တူရင်မြို့အခြေစိုက် Pegaso ကုမ္ပဏီသည် CR7 Museu ဆိုသည့်အမှတ်တံဆိပ်ဖြင့် အရည်အသွေးညံ့ဖျင်းသည့် အားကစားဝတ်စုံအတုများကို ထုတ်လုပ်ပေးရန်အတွက် ငွေကြေးရယူ၍ သဘောတူညီမှု ရယူထားသည်ဟုလည်း သိရသည်။ 

သို့သော် အဆိုပါသတင်းများနှင့်ပတ်သက်၍ ဟူဂို၏ Mussara ကုမ္ပဏီဘက်မှ ငြင်းဆန်ထားသည်။ 

Mussara ကုမ္ပဏီက မိမိတို့အနေဖြင့် မည်သည့်အဖွဲ့အစည်းနှင့်မျှ မပူးပေါင်းထားဘဲ အားကစားဝတ်စုံ ထုတ်လုပ်ခိုင်းထားခြင်းမရှိကြောင်း ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။ 

ဟူဂိုသည် ဂျူဗင်တပ်စ်၏ အဓိကစပွန်ဆာဖြစ်သည့် Adidas ၏ ဝတ်စုံဒီဇိုင်းများကို တုပ၍ အားကစားဝတ်စုံအတုများ ဖန်တီးခဲ့ပြီး ယင်းတို့အား စီရော်နယ်လ်ဒို၏ မွေးရပ်  မြေ၊ ပေါ်တူဂီနိုင်ငံ၊ မာဒဲယားရှိ စီရော်နယ်လ်ဒိုအမှတ်တရပြတိုက်တွင် ပြန်လည်ရောင်းချခဲ့ကြောင်း သိရသည်။   

Pegaso ကုမ္ပဏီသည် နောက်ပိုင်းတွင် ဟူဂိုမှာယူထားသည့် အားကစားဝတ်စုံများ ဖျက်ဆီးပစ်ရန် ညွှန်ကြားချက်များ ရရှိခဲ့သေးသည်။ 

သို့သော် စျေးကွက်အတွင်း၌ အဆိုပါအားကစားဝတ်စုံအတုများ ပျံ့နှံ့သွားခဲ့ပြီး အထူးသဖြင့် စီရော်နယ်လ်ဒို အမှတ်တရ ပြတိုက်တွင် တွင်ကျယ်စွာရောင်းချမှုများ ရှိခဲ့သည်။ 

စီရော်နယ်လ်ဒိုအမှတ်တရပြတိုက်တွင် ထုတ်လုပ်မှုတန်ဖိုး  များစွာနည်းပါးသည့် အဆိုပါအားကစားဝတ်စုံအတုများကို တစ်ထည်လျှင် (၃၆)ပေါင်ဝန်းကျင်ဖြင့် ရောင်းချခဲ့ ခြင်းဖြစ်သည်။ 

လက်ရှိအချိန်၌ ဟူဂိုကို Pegaso ကုမ္ပဏီက နစ်နာမှုများအတွက် တရားစွဲဆိုရန် စီစဉ်နေသလို၊ Adidas ကုမ္ပဏီနှင့်လည်း မူပိုင်ခွင့်ပြဿနာများ ဖြေရှင်းရဖွယ်ရှိနေ သည်။ 

ဂျူဗင်တပ်စ်အသင်းသည် Adidas ကုမ္ပဏီနှင့် တစ်နှစ်ပေါင် (၄၆) သန်းတန် စပွန်ဆာစာချုပ်ကို ၂၀၂၇  ခုနှစ်အထိ ချုပ်ဆိုထားသည်။

Most Read

Most Recent