ရွေးကောက်ပွဲ စာရွက်စာတမ်းများ ကူးယူခွင့်ပြုရေး တပ်မတော်က မေတ္တာရပ်ခံသည့်အတိုင်း ဆောင်ရွက်ပါက ကော်မရှင်အဖွဲ့ခွ ဲအသီးသီးအား ဥပဒေနှင့်မညီသော ဆောင်ရွက်မှုကို ပြုလုပ်စေရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ဥပဒေနှင့်မညီသော ညွှန်ကြားမှုကို ပြုရာရောက်မည် ဖြစ်သဖြင့် ညွှန်ကြားပေးနိုင်မည် မဟုတ်ကြောင်း UEC က ဒီဇင်ဘာ ၇ ရက်က သတင်းထုတ်ပြန်သည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ နိုင်ငံတစ်ဝန်းတွင် ဖြစ်ပွားခဲ့ကြောင်း ကြားသိရပြီး ရွေးကောက်ပွဲဖြစ်စဉ်များသည် ဥပဒေနှင့်အညီ နည်းလမ်းတကျ ဖြစ်ထွန်းခဲ့ခြင်းရှိ မရှိ တပ်မတော်က ပြန်လည်စိစစ် သုံးသပ်ရာတွင် အများပြည်သူနှင့် သက်ဆိုင်သည့် စာတမ်း အမှတ်အသားများကို ဥပဒေနှင့်အညီ ကူးယူခွင့်ပေးရေး ကော်မရှင်အနေဖြင့် လိုအပ်သလို ညွှန်ကြားပေးနိုင်ရန် တပ်မတော်က မေတ္တာရပ်ခံကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က နိုဝင်ဘာ ၃၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့ခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ယခုကဲ့သို့ ပြန်လည် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ကော်မရှင်၏ ထုတ်ပြန်ချက်အရ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် အချို့သော မဲဆန္ဒနယ်မြေများ၌ တပ်ရင်းတပ်ဖွဲ့ မဲဆန္ဒရှင်များက ကန့်ကွက်လွှာအတွက်ဟုဆိုကာ သက်သေခံ ဥပဒေပုဒ်မ ၇၄ နှင့် ပုဒ်မ ၇၆ တို့ကို ကိုးကားရည်ညွှန်းလျက် ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများကို မိတ္တူကူးယူခွင့်ပြုရန် သက်ဆိုင်ရာ မြို့နယ်ကော်မရှင် အဖွဲ့ခွဲများသို့ တပ်မတော်က တောင်းခံနေသည်ကို တွေ့ ရကြောင်း၊ ထို့ပြင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ နိုဝင်ဘာ ၂၉ ရက်စွဲဖြင့် တပ်ရင်းတပ်ဖွဲ့များနှင့် သက်ဆိုင်သည့် မဲရုံပေါင်း ၁၂၇ ရုံအတွက် မဲစာရင်းများ အပါအဝင် ရွေးကောက်ပွဲစာရွက်စာတမ်း ၁၁ မျိုးကို မှတ်တမ်းထားရှိလိုကြောင်း အကြောင်းပြချက်ဖြင့် ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ တောင်းခံလာကြောင်း သိရသည်။
လက်ရှိတွင် မဲစာရင်း မူရင်းများသည် ရွေးကောက်ပွဲကျင်းပပြီးနောက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲများတွင် မရှိတော့ကြောင်း၊ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေများ၊ နည်းဥပဒေ ၈၆ (ခ) ပါ ပြဋ္ဌာန်းချက်အရ မဲစာရင်းများနှင့် ရွေးကောက်ပွဲ စာရွက်စာတမ်းများကို သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကော်မရှင်အဖွဲ့ခွဲ သို့မဟုတ် ခရိုင်ကော်မရှင် အဖွဲ့ခွဲ များက မပျောက်မပျက်စေရန် ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက် ထားရကြောင်း၊ မဲစာရင်း မူရင်းများသည် နည်းဥပဒေနှင့်အညီ ချိပ်ပိတ်ထားသော အထုပ်များထဲ၌ ရှိနေကြောင်း၊ ထို့ပြင် တောင်းခံလာသော အခြားရွေးကောက်ပွဲ စာရွက်စာတမ်းများကိုလည်း မိတ္တူကူးယူခွင့် ပြုရမည်ဆိုသည်ကို သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေများနှင့် နည်းဥပဒေများတွင် ပြဋ္ဌာန်းထားခြင်း မရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။
ထို့ပြင် သက်သေခံ ဥပဒေပုဒ်မ ၁ တွင် “သက်ဆိုင်ခြင်း Application Act ” နှင့် စပ်လျဉ်း၍ “ဤဥပဒေသည် တရားရုံး တစ်ခုခု၌ စစ်ဆေးစီရင်သော မှုခင်းအားလုံးနှင့် ဖြစ်စေ ၊ တပ်မတော်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သရွေ့ စစ်တရားရုံးတစ်ခုခု၌ စစ်ဆေးစီရင်သော မှုခင်းအားလုံး၌ ဖြစ်စေ သက်ဆိုင်စေရမည်”ဟု ပြဋ္ဌာန်းထားကြောင်း၊ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေများ၏ ပုဒ်မ ၇၈ တွင် ရွေးကောက်ပွဲခုံအဖွဲ့သည် ရွေးကောက်ပွဲ ကန့်ကွက်မှုများကို စစ်ဆေးသည့်အခါတွင်သာ သက်သေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များကို ကျင့်သုံး ဆောင်ရွက်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲခုံအဖွဲ့က ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုများကို စစ်ဆေးရာတွင်သာ သက်သေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များကို ကျင့်သုံးဆောင်ရွက်ခွင့်ရှိကြောင်း၊ ကျင့်သုံးရမည် ဟု ပြဋ္ဌာန်းထားခြင်း မရှိကြောင်း ၊ ယင်းကြောင့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က မေတ္တာရပ်ခံသည့်အတိုင်း ဆောင်ရွက်မည် ဆိုပါက သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲ အသီးသီးအား ဥပဒေနှင့်မညီသော ဆောင်ရွက်မှုကို ပြုလုပ်စေရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဥပဒေနှင့်မညီသော ညွှန်ကြားမှုကို ပြုရာရောက်မည် ဖြစ်သဖြင့် ညွှန်ကြားပေးနိုင်မည် မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည်။