COVID-19 ကာလအတွင်း တရုတ်နှင့် မြန်မာနိုင်ငံအတွင်း ဖရဲ၊ သခွားစိုက်ပျိုး ထုတ်လုပ်မှု ကျဆင်းခဲ့သောကြောင့် ဖရဲ၊ သခွားစျေးကွက် ရောင်းဝယ်မှု ၁၀ စုနှစ်အတွင်း စံချိန်တင် စျေးနှုန်းများရရှိ

COVID-19 ကာလအတွင်း တရုတ်နှင့် မြန်မာနိုင်ငံအတွင်း ဖရဲ၊ သခွားစိုက်ပျိုး ထုတ်လုပ်မှု ကျဆင်းခဲ့သောကြောင့် ဖရဲ၊ သခွားစျေးကွက် ရောင်းဝယ်မှု ၁၀ စုနှစ်အတွင်း စံချိန်တင် စျေးနှုန်းများရရှိ
 မူဆယ် ၁၀၅ မိုင် သစ်သီးဝလံ ကုန်စည်ဒိုင်တွင် ဖရဲသီးများ လာရောက်ဝယ်ယူနေစဉ် (ဓာတ်ပုံ-နမ်းခမ်းခင်)
 မူဆယ် ၁၀၅ မိုင် သစ်သီးဝလံ ကုန်စည်ဒိုင်တွင် ဖရဲသီးများ လာရောက်ဝယ်ယူနေစဉ် (ဓာတ်ပုံ-နမ်းခမ်းခင်)
Published 2 December 2020
ပြည့်စုံ (မူဆယ်)

COVID-19 ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအတွင်း ဖရဲ၊ သခွား စိုက်ပျိုးထုတ်လုပ်မှု ကျဆင်းခဲ့မှုကြောင့် ဖရဲ သခွား စျေးကွက် ရောင်းဝယ်မှုအတွင်း ၁၀ စုနှစ်အတွင်း စံချိန်တင် စျေးနှုန်းများ ရရှိလျက်ရှိကြောင်း သိရသည်။

“စျေးကွက်ကတော့ တောက်လျှောက် ကောင်းနေပါတယ်ရှင့်။ အမြင့်ဆုံးကိုရောက် နေတာပါရှင့်။ ၈၅၅ အသီးတွေ ဆိုလို့ရှိရင် အမြင့်ဆုံးက တစ်တန်ကို ၆၅၀၀၊ ၆၆၀၀၊ ၆၇၀၀ အထိရှိတယ်။ အစီးပြတ်ဆိုရင် တစ်သောင်းကျော် နှစ်သောင်းကျော်ကနေစပြီး အမြင့်ဆုံး ရှစ်သောင်းရှစ်ထောင်ကနေ ကိုးသောင်းလောက်ထိ ရှိပါတယ်။ စျေးကအမြင့် ဆုံးနေရာကို ရောက်နေတယ်။ ပြီးရင်ဒီတစ်နှစ်ရဲ့ တွေ့ကြုံချက်အရပေါ့။ ခါတိုင်းနှစ်တွေထက် မတူဘူး။ ခါတိုင်းနှစ်တွေက စျေးတက်ရင်လည်း တရိပ်ရိပ်လေး တက်ပြီးတော့ စျေးကတည်သွားတယ်။ ကျသွားရင်လည်း စျေးကျနိုင်မယ့် အနေအထားလေတွေ ခန့်မှန်းလို့ရအောင် အရင်ပြတယ်။ ဒီတစ်နှစ်မှာတော့ စျေးတက်မယ်ဆို ဝုန်းကနဲခုန်တက်သွားတယ်။ စျေးကျမယ် ဆိုရင်လည်း ဝုန်းကနည်း ထိုးကျသွားတယ်။ ခန့်မှန်းဖို့မလွယ်ဘူး။ အများကြီး ထိုးကျသွားဖို့ အလားအလာ မရှိပါဘူး။ ဖရဲသီး အတွက်နှုန်းကလည်း သိပ်မများဘူး။ အခုမှတစ်ရက်ကို အစီး ၆၀၊ ၇၀ ပဲဝင်နေလို့ပါ။ တကယ်လို့သာ တစ်ရက်ကို အစီးတစ်ရာကျော်နှစ်ရာ ပြန်ဝင်ရင်လာမယ်ဆို အခုရောင်းနေတဲ့ စျေးတန်းထက် နည်းနည်းလေးတော့ နိမ့်သွားနိုင်ပါတယ်” ဟု နမ်းခမ်းခင်က ပြောကြားသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၌ ယခုနှစ် သစ်သီးရာသီတွင်း COVID-19 ကမ္ဘာ့ ကပ်ရောဂါကာလ ဖြစ်ပွားနေစဉ် ယခင်နှစ်များထက် သုံးပုံနှစ်ပုံ လျော့ကျစိုက်ပျိုးခြင်းများကြောင့် ဖရဲ၊ သခွား စိုက်ပျိုးထုတ်လုပ်မှု အရေအတွက်ပိုင်းတွင် လျော့ကျသွားခြင်းများ ရှိခဲ့ရာမှ ဖရဲသခွား စျေးတန်းမြင့်တက် လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါ တရုတ်နိုင်ငံ ဝမ်တိန်ဖရဲကွင်း၌ ၈၅၅ အသီးတစ်တန်ကို ယွမ် ၃၅၀၀ မှ ၆၅၀၀ ကြား၊ အစေ့မဲ့ ဖရဲသီးကို ယွမ် ၄၂၀၀ မှ ၇၇၀၀ ကြား၊ ထျန့်ဝမ့် (ဂျက်ဖါအသီး) ယွမ် ၄၂၀၀ မှ ၇၇၀၀ ကြား၊ ၁၂ ဘီး အစီးပြတ်ကို ယွမ် ၄၀၀၀၀ မှ ၈၈၀၀၀ ကြား၊‌ ရွှေသခွားမွှေး တစ်ကီလိုကို  ၇ ယွမ် ကျော်ရှိကြောင်း သိရသည်။ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အတွင်း ဒီဇင်ဘာ ၂ ရက် သစ်သီးရောင်းဝယ်ရေး အတွင်း၌ ငွေစျေးမှာ တစ်ယွမ်ကို ၁၉၈ ကျပ် ပေါက်စျေးရှိကြောင်း သိရသည်။

လက်ရှိ သစ်သီးစျေးကွက် အခြေအနေက ဖရဲသီးက ၈၅၅ အလှစ တစ်တန်ကို ၆၇၀၀ ဝန်းကျင်မှာရှိတယ်။ အစေ့မဲ့ကတော့ ၇၅၀၀ နဲ့ ၆၅၀၀ ကြားရှိတယ်၊ လက်ရှိစျေးကွက်က အမြင့်ဆုံး အနေအထားမှာရှိတယ်။ သခွားမွှေးကတော့ တစ်တန်ကို ၅၀၀၀ နဲ့ ၈၀၀၀ ကြားမှာရှိတယ်။ ဒီနှစ်ကတော့ ကိုဗစ်ကာလ ဖြစ်တဲ့အတွက် စိုက်ပျိုးထုတ်လုပ်တဲ့သူက အရေအတွက် လျော့ကျသွားခြင်းကြောင့် ဖရဲသခွားစျေးတန်း မြင့်တက်လာခဲ့ခြင်း ဖြစ်တယ်။ မနှစ်ကဆို ဒီအချိန်ဆို အစီးရေ ၃၀၀ ခန့်ရှိခဲ့ရာက ယခုအခါ အစီး ၇၀ နှင့် ၅၀ ဝန်းကျင်သာ ဝင်ရောက်လျက်ရှိတယ်။ ထုတ်လုပ်မှုအပိုင်းတွင် သုံးပုံ နှစ်ပုံလောက် လျော့ကျသွားတယ်။ ၁ လပိုင်း အထိကတော့ အမြင့်စျေးနဲ့ပေါ့ ဥပမာ ခန့်မှန်းခြေ ၄၀၀၀ နဲ့ ၆၀၀၀ ကြား အတက်အကျ ရှိမှာပါ။ ရှေ့ပိုင်းက စျေးကောင်းတော့ နောက်တစ်သုတ် စိုက်ပျိုးမည့်သူများ စိုက်ပျိုးထုတ်လုပ်တဲ့သူက ပိုများလာတော့ အတက်အကျတော့ ရှိလိမ့်မယ်” ဟု မူဆယ် ၁၀၅ မိုင် သစ်သီးဝလံ ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ကိုအောင်သက်ဦးက ပြောကြားသည်။

လက်ရှိ တရုတ်ပြည် ဝမ်တိန်ဘက်ချမ်းရှိ သစ်သီးရောင်းကွင်းသို့ ဝင်ရောက်လာသော သစ်သီးကားများမှာ ၇၀ ဝန်းကျင်ရှိပြီး နေ့ချင်းရောက် ဝင်ရောက်မှု ရှိနေသော်လည်း အစီးရေ ၂၀၀၊ ၃၀၀ ခန့်ဝင်ရောက်ရမည့် အခါများတွင် ကြန့်ကြာမှုနှင့် ပျက်စီးရှုံးဆုံးမှုများ ကြုံတွေ့နိုင်ကြောင်း သိရသည်။

ဆက်လက်မြင့်တက်နေသော ဖရဲသခွား စျေးတန်းကို ထိန်းထားနိုင်ရန် တောင်သူများ၊ ကုန်သည်များနှင့် ကားဆရာများ အနေဖြင့် ပစ္စည်းအရည်အသွေး မထိခိုက်စေရန် ခူးဆွတ်သည့်အချိန်များ၌ ဂရုတစိုက်ပြုလုပ်ဖို့ လိုအပ်ကြောင်း မူဆယ် ၁၀၅ မိုင်သစ်သီးဝလံ ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ကိုအောင်သက်ဦးက အကြံပြု တိုက်တွန်းပြောကြားသည်။

ယခုအခါ မူဆယ် ၁၀၅ မိုင် ကုန်သွယ်‌ရေးဇုန်အတွင်းသို့ နေ့စဉ် ဖရဲကားအစီးရေ ၆၀ ဝန်းကျင်နှင့် သခွားမွှေးကား အစီးရေ ငါးစီးနှင့် ၁၀ စီးကြားသာ ဝင်ရောက်လျက်ရှိပြီး ဖရဲသခွား ကုန်တင်ယာဉ်ကားခမှာ မန္တလေးဝန်းကျင်မှ တင်ဆောင်မည်ဆိုပါက  ၁၂ ဘီး ကိုးသိန်းနှင့် ရန်ကုန်ဝန်းကျင်က တင်ဆောင်မည်ဆိုပါက ၁၃ သိန်းဝန်းကျင်ခန့်ရှိကြောင်း သိရသည်။

ယခုလက်ရှိ၌ ဖရဲသခွားစျေးကွက်၌ သီပေါနှင့် မုံရွာတို့ဘက်မှ စိုက်ပျိုးထုတ်လုပ်ထားေဿာ အသီးများ ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်နေပြီး သီပေါ၊ မုံရွာ၊ တောင်ငူ၊ ဒိုက်ဦး၊ ပွန်နံသာ၊ သာယာဝတီ၊ ခရမ်း၊ သုံးခွ တို့တွင် စိုက်ပျိုးထားရှိမှု ရှိကြောင်း သိရသည်။

 

Most Read

Most Recent