ခရက်စ်နိုဒါ - ရန်းစ် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၃ ရက် နံနက် ၀၀:၂၅ နာရီ)
နှစ်သင်းစလုံး တစ်မှတ်စီပဲ ရထားပြီး အုပ်စုတတိယနေရာအတွက် အပြိုင်ကြိုးစားကြရမယ်။ လက်ကျန်ပွဲအနေအထားအရလည်း နောက်ဆုံးပွဲက နှစ်သင်းစလုံး အမှတ်ရဖို့ မလွယ်တဲ့ အနေအထားဖြစ်လို့ ဒီပွဲက အဆုံးအဖြတ်ပွဲလို့တောင် ပြောရမယ်။ ပထမအကျော့တုန်းက သရေကျခဲ့ပြီး အဲဒီပွဲမှာ ရခဲ့တဲ့ တစ်မှတ်စီကိုပဲ ရထားကြတာလည်းတွေ့ရတယ်။ တိုက်စစ်သိပ်မကွာသလို၊ ခံစစ်လည်း မကွာကြဘူး။ အကြိတ်အနယ်က စားရမယ့်ပွဲပါ။ ဒါပေမဲ့ ဒီပွဲက ခရက်စ်နိုဒါကွင်းဖြစ်နေတာ၊ ရာသီဥတု သက်ရောက်မှုပါရှိလာလို့ ခရက်စ်နိုဒါကို ကြိုက်တယ်။
ဘာရှက်ဆီဟီ - လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၃ ရက် နံနက် ၀၀:၂၅ နာရီ)
လိုက်ပ်ဇစ်အတွက် နိုင်ပွဲရဖို့ သေရေးရှင်ရေးဖြစ်နေတဲ့ပွဲပါ။ ဒီပွဲအပါအဝင် မန်ယူနဲ့ပွဲကိုပါ အနိုင်ရမှ နောက်တစ်ဆင့်တက်ဖို့ စိတ်ချရမယ့် အနေအထားဖြစ်နေလို့ ပထမခြေလှမ်းကတည်းက အမှားခံမယ်မထင်ဘူး။ သချင်္ာနည်းအရဆိုရင် ဘာရှက်ဆီဟီကလည်း လက်ကျန်နှစ်ပွဲစလုံးနိုင်ရင် နောက်တစ် ဆင့်တက်နိုင်ခြေရှိပါသေးတယ်။ မရှိရင်တောင် အုပ်စုတတိယ နေရာကို မျှော်လင့်ဖို့ ဒီပွဲက အနိုင်ကြိုးစားရမယ့်ပွဲပါ။ ပထမအကျော့တုန်းက လိုက်ပ်ဇစ်က လွယ်လွယ်လေးနိုင်ခဲ့တယ်။ PSG နဲ့ နှစ်ပွဲမှာ ကစားခဲ့တဲ့ လိုက်ပ်ဇစ်ရဲ့ခြေစွမ်းက တော်တော်အား ရစရာကောင်းပြီး အခု အဝေးကွင်းပွဲမှာလည်း အမှားမရှိလောက် ဘူးလို့ ယူဆရတယ်။ လိုက်ပ်ဇစ်ကို ကြိုက်တယ်။

ဆီဗီလာ - ချယ်လ်ဆီး (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၃ ရက် နံနက် ၂:၃၀ နာရီ)
နှစ်သင်းစလုံးက နောက်တစ်ဆင့်ကို တက်ဖို့ သေချာသွားပါပြီ။ ဒီပွဲက အုပ်စုဗိုလ်နေရာကိုလုရမယ့်ပွဲဖြစ်တယ်။ ပွဲစဉ် (၄) ပွဲအပြီးမှာ အုပ်စုဗိုလ်နဲ့ တက်သွားတဲ့အသင်းကြီးတွေကိုကြည့်ရင် ကျန်အသင်းတွေအတွက်လည်း အုပ်စုဗိုလ်နေရာက တော်တော်လေး အရေးကြီးနေတဲ့အတွက် ဒီပွဲကလည်း နောက်တစ်ဆင့်တက်ဖို့ ကစားရမယ့် ပွဲတစ်ပွဲလိုပဲ အရေးကြီးတဲ့ပွဲဖြစ်တယ်။ နှစ်သင်းစလုံးရဲ့ လက်ရှိ ခြေစွမ်းနဲ့ ရလဒ်က အားရစရာကောင်းပြီး ချန်ပီယံလိဂ်မှာရော၊ ပြည်တွင်းလိဂ်မှာပါ Current Form က အားရစရာကောင်းတာတွေ့ရတယ်။ ခြေစွမ်းအရဆိုရင် ဆီဗီလာက ပိုမာကျောပြီး ချယ်လ်ဆီးက မထင်မှတ်တာတွေ လုပ်ပြနိုင်တဲ့ တိုက်စစ်ရှိနေတယ်။ ဒါပေမဲ့ ဆီဗီလာကွင်းမှာ ချယ်လ်ဆီး နိုင်ဖို့ မလွယ်လောက်ဘူး။ သရေလောက်နဲ့ပဲ ပြီးသွားမယ်။
ဒေါ့မွန် - လာဇီယို (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၃ ရက် နံနက် ၂:၃၀ နာရီ)
လာဇီယိုကွင်းမှာတုန်းက လာဇီယိုက ဒေါ့မွန်ကို (၃-၁) နဲ့ အနိုင်ယူခဲ့တယ်။ ဒါပေမဲ့ ဒေါ့မွန်က အဲဒီပွဲကလွဲပြီး ကျန်ပွဲတိုင်းကိုအနိုင်ရခဲ့လို့ အုပ်စုကို ဦးဆောင်နေပြီး၊ သရေဆို နောက်တစ်ဆင့်သေချာပါပြီ။ လာဇီယိုကတော့ နိုင်ပွဲရရင် နောက်တစ်ဆင့်တက်မှာဖြစ်ပြီး သရေဆိုရင်တော့ နောက်ဆုံးပွဲရလဒ်ကို စောင့်ရမယ်။ လက်ရှိခြေစွမ်းအရ နှစ်သင်းစလုံး ပုံစံကောင်းပြနေကြပေမဲ့ လာဇီယိုထက် ဒေါ့မွန်ရဲ့ခြေစွမ်းက ပိုကောင်းပါတယ်။ ပထမအကျော့တုန်းကလည်း လာဇီယိုကွင်းမှာ ရှုံးပေမဲ့ ခြေစွမ်းပြနိုင်ခဲ့တာ တွေ့ရတယ်။ ဒီပွဲက ဒေါ့မွန် လက်စားချေမယ့်အပြင် အုပ်စုဗိုလ်ပါ ယူသွားမယ့်ပွဲလို့ ပြောရမယ်။

ဂျူဗင်တပ်စ် - ဒိုင်နမိုကိဗ် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၃ ရက် နံနက် ၂:၃၀ နာရီ)
ဂျူဗင်တပ်စ်က နောက်တစ်ဆင့်တက်ဖို့ သေချာသွားပြီး၊ အုပ်စုဗိုလ်နေရာအတွက် အမီလိုက်ဖို့ပဲ ကြိုးစားရမှာပါ။ ဒိုင်နမိုကိဗ်အသင်းရဲ့ကွင်းမှာ အနိုင်ယူခဲ့သလို၊ ဒီပွဲကလည်း ဂျူဗင်တပ်စ် အတွက် အခက်အခဲသိပ်မရှိပါဘူး။ လက်ရှိအချိန်မှာ ခြေစွမ်း ပိုင်းနဲ့ ရလဒ်ပိုင်းက အားရစရာသိပ်မရှိပေမဲ့ မှန်မှန်လေးသွား နေပြီး၊ ချန်ပီယံလိဂ်မှာလည်း ခြေမှန်ပါတယ်။ ဒိုင်နမိုကိဗ်ကိုလည်း ပထမအကျော့က ရလဒ်လောက်နဲ့ နိုင်ဦးမှာပါ။
ဖယ်ရန်ဗာရို့စ် - ဘာစီလိုနာ (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၃ ရက် နံနက် ၂:၃၀ နာရီ)
ဘာစီလိုနာက နောက်ဆုံးပွဲမှာ ဂျူဗင်တပ်စ်ကို အိမ်ကွင်းမှာ လက်ခံကစားပြီး အုပ်စုဗိုလ်နေရာကို လွှဲမပေးရဖို့ ကြိုးစားရမှာ သေချာတယ်။ ဒီပွဲက အဝေးကွင်းဆိုပေမဲ့ အမှားမရှိနိုင်ပါဘူး။ ပထမအကျော့တုန်းက အိမ်ကွင်းမှာ သက်သောင့်သက်သာပဲ ဂိုးပြတ်အနိုင်ယူခဲ့ပြီး လူငယ်ကြယ်ပွင့်တွေ ဂိုးတွေသွင်းခဲ့ကြတယ်။ ဖယ်ရန်ဗာရို့စ်အတွက်လည်း ဒီပွဲထက် နောက်ဆုံးပွဲမှာကစားမယ့် ဒိုင်နမိုကိဗ်နဲ့ပွဲက ပိုအရေးကြီးပါတယ်။ ဘာစီလိုနာ ဂိုးပြတ်နိုင်မယ်။
မန်ယူ - PSG (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၃ ရက် နံနက် ၂:၃၀ နာရီ)
PSG က နိုင်ပွဲမဖြစ်မနေလိုအပ်နေတဲ့အတွက် ဖိအားပေးဖို့ ကြိုးစားလေ၊ မန်ယူရဲ့ Transition ကို အထောက်အကူပြုလေဖြစ်သွားနိုင်တယ်။ ဒါပေမဲ့ PSG က ထိပ်တန်းအသင်းကြီးတစ်သင်းဖြစ်ပြီး ဒီလောက် ကလေးဆန်တဲ့အမှားမျိုးတော့ ကျူးလွန်မယ်မထင်ဘူး။ ဒီလိုမြင်ကွင်းမျိုးက ဒုတိယပိုင်း မိနစ် (၆၀)နောက်ပိုင်းအထိ သရေဖြစ်နေမှ လက်ကျန်မိနစ်တွေမှာ နောက်လှည့်မကြည့်တော့ဘဲ ဖြစ်ချင်ရာဖြစ် တိုးတဲ့အချိန်မှာ မြင်ရမှာပါ။ ပုံမှန်အားဖြင့်တော့ ပထမအကျော့က အမှားကို PSG ထပ်မကျူးလွန်ဘူလို့ ယူဆရတယ်။ မန်ယူက အခုအချိန်မှာ ပုံစံကောင်းပြနေပြီး ယုံကြည်မှုမြင့်တက်နေတဲ့အချိန်ပါ။ ဒီပွဲနဲ့ နောက်တစ်ပွဲ နှစ်ပွဲပေါင်းကနေ မန်ယူလိုအပ်တာ (၁)မှတ်ပဲဆိုပေမဲ့ ဒီပွဲကိုပဲအပြည့်အဝ အာရုံစိုက်ဖို့များတယ်။ PSG သာ နိုင်သွားရင် (၉)မှတ် (၃)သင်းဖြစ်သွားနိုင်တဲ့အလားအလာရှိပြီး၊ လိုက်ပ်ဇစ်ကွင်းပွဲမှာ ထွက်သွားရနိုင်ခြေလည်း ရှိတယ်။ မန်ယူ သရေတစ်မှတ်ယူဖို့ ကြိုးစားပြီး Counter ပဲ ကစားမှာပါ။ ဒါပေမဲ့ PSG ကို ကြိုက်တယ်။ (၁-၁၊ ၁-၂) ဖြစ်နိုင်တယ်။
ကလပ်ဘရုဂေး - ဇင်းနစ် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၃ ရက် နံနက် ၂:၃၀ နာရီ)
ဘရုဂေးက လာဇီယိုရဲ့ရှုံးပွဲကို မျှော်ပြီး ကစားရမှာဖြစ်တယ်။ ဒေါ့မွန်ကို နှစ်ကျော့စလုံး ရှုံးခဲ့ပေမဲ့ လာဇီယိုကို သရေကစားထားတာ၊ ဇင်းနစ်ကို ပထမအကျော့တုန်းက အဝေးကွင်းမှာ အနိုင်ယူခဲ့တာတွေကြောင့် ခြေစွမ်းရော၊ ရလဒ်ပါ မဆိုးဘူးလို့ပြောရမယ်။ ဇင်းနစ်က လာဇီယိုကို တစ်ပွဲသရေ၊ တစ်ပွဲ ရှုံးကစားခဲ့ပြီး၊ ဒေါ့မွန်၊ ဘရုဂေးတို့ကိုလည်း ရှုံးထားတာကြောင့် အုပ်စုတတိယနေရာအတွက်တောင် မျှော်လင့်ချက်သိပ်မရှိ ပါဘူး။ ဘရုဂေးကို ကြိုက်တယ်။















