လက်ရှိဘဏ္ဍာနှစ် တစ်လခွဲခန့်တွင် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုသည် ယခင်နှစ်ကာလတူထက် တန်ချိန် ၃၉၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ဝင်ငွေဒေါ်လာသန်း ၆၀ ခန့်ပိုမိုရရှိ

လက်ရှိဘဏ္ဍာနှစ် တစ်လခွဲခန့်တွင် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုသည် ယခင်နှစ်ကာလတူထက် တန်ချိန် ၃၉၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ဝင်ငွေဒေါ်လာသန်း ၆၀ ခန့်ပိုမိုရရှိ
ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထားသော ပဲတီစိမ်းစိုက်ခင်းများကို တွေ့ရစဉ်(ဓာတ်ပုံ-မောင်အေး)
ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထားသော ပဲတီစိမ်းစိုက်ခင်းများကို တွေ့ရစဉ်(ဓာတ်ပုံ-မောင်အေး)
Published 1 December 2020
ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ် တစ်လခွဲခန့်တွင် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုသည် ယခင်နှစ်ကာလတူထက် တန်ချိန် ၃၉၀၀၀ ကျော်ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ဝင်ငွေဒေါ်လာသန်း ၆၀ ခန့် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၁၃ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံတန်ချိန် တစ်သိန်းရှစ်သောင်းကျော် တင်ပို့ထားပြီး ဝင်ငွေဒေါ်လာ ၁၅၄ ဒသမ ၅၄၆ သန်း ရရှိထားသည်။

“ လက်ရှိဘဏ္ဍာနှစ် နိုဝင်ဘာ ၁၃ ရက်အထိမှာ ပဲမျိုးစုံတန်ချိန် ၁၈၂၄၆၈ ဒသမ ၃၉၅ တန်တင်ပို့ထားပြီး တန်ဖိုးက ဒေါ်လာ ၁၅၄ ဒသမ ၅၄၆ သန်းရရှိထားတယ်။ ပဲမျိုးစုံတင်ပို့မှုက တန်ချိန်နဲ့ တန်ဖိုးနှစ်ခုလုံးမှာ ပိုတယ်။ ယခင်ကာလတူထက် တန်ချိန်က ၃၉၂၇၃ ဒသမ ၃၅၉ တန်ပိုတယ်။ တန်ဖိုးက ဒေါ်လာ ၅၈ ဒသမ ၃၀၂ သန်းပိုတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းမှ ထွက်ရှိသည့် ပဲမျိုးစုံများအနက် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ စသည့် ပဲအမျိုးအစားသုံးခုကို ပြည်ပသို့ အများဆုံးတင်ပို့နေခြင်းဖြစ်သည်။

ယင်းအနက် မတ်ပဲနှင့် ပဲစဉ်းငုံကို အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီး ပဲတီစိမ်းကို တရုတ်နှင့် ဥရောပနိုင်ငံတချို့သို့ အဓိကတင်ပို့နေခြင်းဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မတ်ပဲ တင်ပို့မှုမှ ဒေါ်လာ ၃၂၆ ဒသမ ၆၀ သန်း၊ ပဲတီစိမ်းတင်ပို့မှုမှ ဒေါ်လာ ၃၄၆ ဒသမ ၈၁ သန်းနှင့် ပဲစင်းငုံတင်ပို့မှု ဒေါ်လာ ၁၀၁ ဒသမ ၀၃ သန်းဖြင့် စုစုပေါင်းဒေါ်လာ ၇၇၄ ဒသမ ၄၄ သန်းရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်းသုံးမျိုး တင်ပို့မှုမှ ဒေါ်လာသန်း ၅၂၀ ကျော်ရရှိခဲ့သည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဒေါ်လာသန်း ၉၂၀ ကျော်၊၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်းတင်ပို့မှုမှ ဒေါ်လာ ၁ ဒသမ ၂ ဘီလျံကျော်အထိ ရရှိထားသည်။

အိန္ဒိယစျေးကွက်ကိုသာ အဓိကတင်ပို့နေရသည့် မြန်မာ့ပဲမျိုးစုံအတွက် လက်ရှိတွင် ဥရောပ၊ ဂျပန်၊ တရုတ် စသည့်နိုင်ငံများသို့ စျေးကွက်တိုးချဲ့ရှာဖွေထားနိုင်သဖြင့် လာမည့် နှစ်နှစ်အတွင်း ပဲတင်ပို့မှုအခက်အခဲ မရှိနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်ပဲမျိုးစုံ စိုက်ဧက ၁၁ သန်းကျော်ရှိပြီး မတ်ပဲနှင့် ပဲစင်းငုံစိုက်ပျိုးမှု ၃၅ ရာခိုင်နှုန်းကျော်ရှိသည်။ မြန်မာနိုင်ငံတွင် ပဲမျိုးစုံ ၁၈ မျိုးအားနှစ်စဉ်စိုက်ဧက စုစုပေါင်း ၁၁ ဒသမ ၄၅ သန်းခန့် စိုက်ပျိုးလျက်ရှိရာ ပဲတီစိမ်း ၂၆ ရာခိုင်နှုန်း၊ မတ်ပဲ ၂၅ ရာခိုင်နှုန်း၊ ပဲစင်းငုံ ၁၅ ရာခိုင်နှုန်း ကုလားပဲ ရှစ်ရာခိုင်နှုန်း စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။

ယင်းပဲမျိုးစုံ စုစုပေါင်းစိုက်ဧက၏ ၆၆ ရာခိုင်နှုန်းမှာ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံသီးနှံများ စိုက်ပျိုးလျက်ရှိပြီး ဒေသရေမြေကိုက်ညီမှုအပေါ်မူတည်၍ ပဲစင်းငုံသီးနှံအား စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရှမ်းပြည်နယ်တို့၌ မိုးရာသီတွင်လည်းကောင်း၊ ပဲတီစိမ်းအား မကွေး၊ စစ်ကိုင်း၊ ပဲခူး၊ ရန်ကုန်၊ မန္တလေး ဧရာဝတီတိုင်းဒေသကြီးတို့တွင် မိုးကြို (သို့မဟုတ်) ဆောင်းသီးနှံအဖြစ်လည်းကောင်း၊ မတ်ပဲအား ပဲခူး၊ ဧရာဝတီ၊ စစ်ကိုင်း၊ နေပြည်တော်တို့တွင် မိုး/ဆောင်းသီးနှံအဖြစ်လည်းကောင်း အဓိကထားစိုက်ပျိုးကြောင်း သိရသည်။

Most Read

Most Recent