၂၀၁၉ အခွန်စည်းကြပ်နှစ်အတွက် ကျပ်သိန်းပေါင်း ခြောက်သောင်းနီးပါး ပေးဆောင်ထားသော်လည်း အခွန်ထမ်းစာရင်းတွင် ပါဝင်ခြင်းမရှိ၍ ရှင်းလင်းစွာ သိရှိလိုကြောင်း BOC ကုမ္ပဏီမှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ တင်ပြတောင်းဆိုထား

၂၀၁၉ အခွန်စည်းကြပ်နှစ်အတွက် ကျပ်သိန်းပေါင်း ခြောက်သောင်းနီးပါး ပေးဆောင်ထားသော်လည်း အခွန်ထမ်းစာရင်းတွင် ပါဝင်ခြင်းမရှိ၍ ရှင်းလင်းစွာ သိရှိလိုကြောင်း BOC ကုမ္ပဏီမှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ တင်ပြတောင်းဆိုထား
Published 1 December 2020
မင်းသန့်

၂၀၁၉ အခွန်စည်းကြပ်နှစ်အတွက် ကျပ်သိန်းပေါင်း ခြောက်သောင်းနီးပါး ပေးဆောင်ထားသော်လည်း အခွန်ထမ်းစာရင်းတွင် ပါဝင်ခြင်းမရှိ၍ ရှင်းလင်းစွာ သိရှိလိုကြောင်း BOC ကုမ္ပဏီမှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ တင်ပြတောင်းဆိုထားကြောင်း သိရသည်။

BOC စက်သုံးဆီ ရောင်းဝယ်ဖြန့်ဖြူးရေး ကုမ္ပဏီသည် ၂၀၁၅ ခုနှစ် ကုမ္ပဏီ စတင်တည်ထောင်စဉ်မှ စတင်ကာ ယခုကာလအထိ ဝင်ငွေခွန် ကျပ်သန်း ၁၄၇၇၈ နှင့် ကုန်သွယ်ခွန် ကျပ်သန်း  ၃၅၁၆၃ ပေးဆောင်ခဲ့ကြောင်း သိရပြီး ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ဝင်ခွေခွန် ၅၉၈၅ ဒသမ ၅သန်းနှင့် ကုန်သွယ်ခွန် ၁၇၁၄၆ သန်း ပေးသွင်းထားသော်လည်း နိုင်ငံတော်မှ ထုတ်ပြန်သည့် အခွန်ထမ်းကြီးများ စာရင်းတွင် ပါဝင်လာခြင်း မရှိ၍ နိုင်ငံတော် အတိုင်ပင်ခံရုံးနှင့် နိုင်ငံတော်သမ္မတတို့ထံ ယင်းသို့ အခွန်ထမ်းစာရင်းတွင် ပါဝင်လာခြင်း မရှိသည့်အပေါ် ရှင်းလင်းစွာ သိရှိလို၍ တင်ပြထားကြောင်း ကုမ္ပဏီမှ ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် မိမိတို့ ပေးသွင်းသော ဝင်ငွေခွန်နှင့် ကုန်သွယ်ခွန်သည် နိုင်ငံတော်ဘဏ္ဍာအတွင်းသို့ မရောက်၍ ထိုကဲ့သို့ ဖော်ပြခံရမှု မပြုခြင်းလား (သို့မဟုတ်) နိုင်ငံတော်မှ အသိအမှတ်မပြုလားဟူ၍ ပါရှိခဲ့ပြီး သာမန်အလှူတစ်ခုကိုပင် နိုင်ငံတော်အကြီးအကဲများမှ ဂုဏ်ပြုလေ့ ရှိသော်လည်း ယခုကဲ့သို့ ကုန်သွယ်လုပ်ငန်းခွန် အပါအဝင် ဝင်ငွေခွန် ကျပ်သန်းပေါင်းများစွာ ပေးသွင်းသော်လည်း အသိအမှတ်ပြု ဖော်ပြခြင်း မရှိသည့်အတွက် စိတ်မကောင်းဖြစ်ရသည် ဟု ထုတ်ပြန်ထားသည်။ ထို့ပြင် ယခုအချိန်တွင် ကမ္ဘာ့ကပ်ရောဂါ COVID-19 နှင့် ကြုံတွေ့နေရပြီး စီးပွားရေးလုပ်ငန်းများ အထိအခိုက်များနေသည့်အချိန်တွင် BOC ကုမ္ပဏီအနေဖြင့် ဝန်ထမ်းပေါင်း ၂၅၀၀ ခန့်အား အလုပ်အကိုင် မပျက်စေရေးနှင့် နိုင်ငံတော်အခွန်အား အပြည့်အဝ ထမ်းဆောင်ပေးသွင်းခဲ့ကြောင်း ပါရှိခဲ့သည်။

ယင်းသို့ ကျပ်သိန်းပေါင်း ခြောက်သောင်းနီးပါး အခွန်ထမ်းဆောင်ထားသော်လည်း အခွန်ထမ်းစာရင်းတွင် ပါဝင်ခြင်း မရှိသည့်အပေါ်” BOC ကုမ္ပဏီစပြီး တည်ထောင်စဉ်ကတည်းက နှစ်အလိုက် အခွန်တွေကို နိုင်ငံတော်က သတ်မှတ်တဲ့အတိုင်း အချိန်မီ ပေးဆောင်ခဲ့တယ် ။ ကုမ္ပဏီအနေနဲ့က ရန်ကုန်ဘက်ခြမ်းမှာကျ PT Power ဆိုပြီး ရှိတယ်။ မန္တလေးနဲ့ အထက်မြန်မာပြည်မှာတော့ BOC ဆိုပြီး နှစ်ပိုင်းရှိတာပေါ့ ။ PT Power ကတော့ အခွန်ထမ်းကြီးစာရင်းမှာ ပါလာပြီး BOC ကျတော့ ပါမလာဘူး ။ တကယ်တော့ ကုမ္ပဏီက တစ်ခုထဲပါ။ ခုချိန်မှာ ကျွန်တော်တို့အနေနဲ့ ဝန်ထမ်းလျှော့တာတွေလည်း မရှိဘူး ။ နိုင်ငံတော်အခွန်ကိုလည်း အပြည့်အဝ ထမ်းဆောင်ထားတယ် ။အဲ့လိုအခြေအနေမှာ ကျွန်တော်တို့ ထင်တာက စနစ်တစ်ခုများ လွဲသလား။ ဒီလိုမှမဟုတ်ပဲ ကျွန်တော်တို့ သွင်းတဲ့ငွေပဲ သွင်းတဲ့ပုံစံအရ မရောက်လို့လား။ ဒါကို ရှင်းရှင်းလင်းလင်း သိချင်တာ ။ ဒါကို မသိရဘူး။ သွင်းဆောင်တဲ့ ပမာဏက သိန်းပေါင်း ခြောက်သောင်းနီးပါး ဝင်ငွေခွန် ဆောင်ခဲ့တယ်ပေါ့။ မန္တလေးတိုင်းဒေသကြီး ဌာနဆိုင်ရာတွေကို မေးမြန်းကြည့်တော့ နေပြည်တော်ရုံးချုပ်ကို အချိန်မီတင်တယ်လို့ အကြောင်းပြန်တယ်။ ပြည်ထောင်စုကို တင်တယ်ပေါ့ ။ သို့သော်လည်း ပါမလာဘူး။ အခုက အခွန်ထမ်းစာရင်းကို ကြေညာပြီးသွားပြီဆိုတော့ မူစနစ်တစ်ခုအရ ရှင်းရှင်းလင်းလင်း သိချင်တာ ။ အခွန်ရုံးကလည်း ကျွန်တော်တို့ကို ရှင်းပြတာမျိုး မရှိဘူး။ ဒါကြောင့် ကုမ္ပဏီရဲ့ ဖေ့ဘုတ်ပေချ့်ကနေလည်း ထုတ်ပြန်ထားသလို စာတိုက်ကနေလည်း နိုင်ငံတော်အတိုင်ခံပုဂ္ဂိုလ် ၊ နိုင်ငံတော်သမ္မတ ၊ စီမံကိန်းဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်တို့ဆီကို တင်ပြထားပါတယ် ။ခုထိတော့ အကြောင်းမပြန်သေးဘူး”ဟု BOC ကုမ္ပဏီ၏ အကြံပေးရှေ့နေ ဦးစိုးမြတ်သူက ပြောကြားသည်။

ယင်းဖြစ်စဉ်မှာ ၆ လတစ်ဖြတ် ဘဏ္ဍာနှစ် သတ်မှတ်ချက်နှင့် ကိန်းကဏန်း လွဲချော်မှုကြောင့် ဖြစ်နိုင်ဖွယ် ရှိသော်လည်း အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး အခွန်ထမ်းကြီးများတစ်ထောင် စီမံရေးရာဌာနစုမှသာ အတိအကျ ဖြေရှင်းနိုင်မည်ကြောင်း မန္တလေးတိုင်းဒေသကြီး အခွန်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုပါသည်။

“ကုမ္ပဏီ စထောင်တဲ့ ၂၀၁၅ ကတည်းက နှစ်စဉ် အခွန်ထမ်းစာရင်းမှာ ပါပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီက အခွန်ထမ်းစာရင်း ၁ ကနေ ၅ အတွင်းကို ဝင်ပါတယ်။ ဒီနေရာမှာ ဘဏ္ဍာနှစ်ကို ၆ လ တစ်ဖြတ် သတ်မှတ်သလား ဒါမှမဟုတ် တစ်နှစ်စာပဲ သွားသလားပေါ့ ။ ဒါကို အခွန်ထမ်းသူတွေနဲ့ သိလိုကြတယ်။ သွင်းရတဲ့ ပမာဏက မနည်းဘူးလေ ။ ခုလို အခွန်ထမ်းစာရင်းမှာ ဖော်ပြမလာတော့ ဘယ်နေရာမှာ ချွတ်ချော်သွားသလဲပေါ့ ။ ကျွန်တော်တို့ဘက်က စနစ်မှားနေရင်လည်း ပြင်လို့ရအောင် ဒါကိုသိချင်တာပါ ။ အခု ၂၀၁၉ စည်းကြပ်နှစ်အတွက်ဆိုရင် ကျွန်တော်တို့ ပေးဆောင်ထားတာ ၁၀ လ ကျော်ပါပြီ ။ ကျွန်တော်တို့နည်းတူ ကျန်နေတဲ့ကုမ္ပဏီတွေ ရှိသလားဆိုတာ ရှင်းရှင်းလင်းလင်း သိချင်တာပါ ။ တစ်နိုင်ငံလုံး အနေနဲ့ဆို အခွန်ထမ်းကုမ္ပဏီတွေ အများကြီးပါ ။ အဲဒီထဲမှာ ကျွန်တော်တို့ပဲ ကျန်နေခဲ့သလား”ဟု ဦးစိုးမြတ်သူက ဆက်လက် ပြောကြားသည်။

Most Read

Most Recent