ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး တိုင်းရင်းသားပါတီများနှင့် ရည်မှန်းချက်တူညီကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပေးစာအပေါ် အကောင်းမြင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောကြားသည်။
“တိုင်းရင်းသားတွေနဲ့ ရည်ရွယ်ချက်ချင်းတူတယ်။ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးကြိုးပမ်းမယ်ဆိုတာ NLD က အခုမှပြောတာမဟုတ်ဘူး။ ၁၉၉၀ ကတည်းက ပြောလာတဲ့စကားဖြစ်တယ်။ အဲတော့ အခုပြန်ပြောတယ်ဆိုတာလည်း နဂိုရှိရင်းစွဲအတိုင်းပဲ ဆက်သွားမယ်ဆိုတာကို အားလုံးကို အသိပေးလိုက်တဲ့ သဘောလို့ ယူဆတယ်။ ဆိုတော့ Subject က အသစ်မဟုတ်ဘူး။ ကြားထဲမှာ လစ်လပ်ခဲ့တဲ့ကိစ္စကို အခုပြန်ပြီးတော့မှ နဂိုလမ်းအတိုင်းသွားပါမယ်ဆိုပြီး အသိပေးတဲ့ သဘောလို့ပဲယူဆတယ်” ဟု SNLD ပါတီပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောကြားသည်။
နောင်အနာဂတ် မြန်မာနိုင်ငံအတွက် ရှေးရှုမည့် ပြည်ထောင်စုအရေးကိစ္စခေါင်းစဉ်ဖြင့် NLD ပါတီ ပေးပို့သောစာကို ပြီးခဲ့သည့်ရက်ပိုင်းကလက်ခံရရှိပြီး စာနှင့်စပ်လျဉ်း၍ အကြောင်းပြန်စာ ပြန်လည်ပေးပို့ရန်မရှိဟု ၎င်းက ဆိုသည်။
“NLD ရဲ့ စာထဲမှာတိုင်းရင်းသားတွေပါတီတွေကို သဘောထားတောင်းတာမျိုး မေးခွန်းမေးထားတာမျိုး မရှိတဲ့အတွက်ကြောင့် အကောင်းမြင်တယ်ဆိုရင် ဆက်လက်ပြီး လုပ်ဆောင်သွားဖို့ပဲ ရှိတယ်လေ။ အဲဒါကြောင့်ထူးပြီးမှ အကြောင်းပြန်ဖို့ မလိုအပ်လောက်တော့ဘူး။ ကျွန်တော်တို့အနေနဲ့ အားလုံး အကောင်းမြင်ပါတယ်ဆိုတဲ့ သဘောမျိုးလောက်နဲ့ စာမပြန်ခြင်းဖြစ်ပါတယ်” ဟု ဦးစိုင်းလိတ်က ပြောကြားသည်။
နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီအချို့ကျေနပ်ဖွယ် ရလဒ်များရရှိပြီး ပါတီအချို့ ရည်မှန်းသည့်အတိုင်း ဖြစ်မလာသည်ကိုသိရှိကြောင်း၊ မည်သည့်အခြေအနေဖြစ်စေ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး မမှိတ်မသုန် ဆက်လက်ကြိုးပမ်းမည်ဖြစ်ကြောင်း NLD ပါတီက နိုဝင်ဘာ ၁၁ ရက်နေ့စွဲဖြင့် တိုင်းရင်းသားပါတီ ၄၈ ပါတီထံအိတ်ဖွင့် ပေးစာပေးပို့ခဲ့သည်။
အဆိုပါပေးစာတွင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး NLD ပါတီ၏ ရည်မှန်းချက်များနှင့် တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များ တူညီသည်ဖြစ်၍ နောင်အနာဂတ်တွင် တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားပါတီများအနေဖြင့်လည်း ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအရေး တက်ကြွစွာ ပူးပေါင်းပါဝင်မည်ဟု မျှော်လင့်ကြောင်း ဖော်ပြပါရှိသည်။
နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် အစိုးရဖွဲ့စည်းနိုင်သည့် အနိုင်ရလဒ်ရရှိပြီး ရက်အနည်းငယ်ကြာတွင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအရေး ပူးပေါင်းပါဝင်ရန် NLD ပါတီ၏ ဖိတ်ခေါ်မှုကလာမည့် အစိုးရ သက်တမ်းတွင် တိုင်းရင်းသားပါတီ အချို့ကို ထည့်သွင်းဖွဲ့စည်းရန် ခြေလှမ်းပြင်ချင်လားဆိုသည့် သုံးသပ်မှုများရှိသလို ပါတီအချို့ကလည်း မည်သည့်ရည်ရွယ်ချက်နှင့် ပေးပို့သည်ကို ရှင်းလင်းမှုမရှိကြောင်း မှတ်ချက် ပြုကြသည်။
ရွေးကောက်ပွဲမတိုင်မီ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက လာမည့်အစိုးရသည် အမျိုးသားညီညွတ်ရေးအစိုးရ ဖြစ်နိုင်ဖွယ်ရှိကြောင်းနှင့် ယခု NLD ပါတီ၏ ပေးစာသည် တိုက်ရိုက်ဆက်စပ်မှုမရှိနိုင်ကြောင်း ဦးစိုင်းလိတ်က ပြောကြားသည်။
သို့သော် NLD ပါတီ ပြောကြားထားသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် တရားဝင် ဆွေးနွေးမှုများ လုပ်ဆောင်ရန် ဖိတ်ကြားလျှင် လက်ခံဆွေးနွေးသွားမည်ဖြစ်ပြီး တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းသည် ပါတီအနေဖြင့်တစ်လျှောက်လုံး လက်ခံကျင့်သုံးလာသည့်ကိစ္စ ဖြစ်ကြောင်း ၄င်းက ဆိုသည်။
တိုင်းရင်းသားပါတီများနှင့် ဆွေးနွေးမှုများ ရှိနိုင်သော်လည်း အစိုးရဖွဲ့စည်းရေးနှင့် စပ်လျဉ်း၍ မပြောနိုင်သေးကြောင်း NLD ပါတီဒုတိယဥက္ကဌ (၂) ဒေါက်တာဇော်မြင့်မောင်က နိုဝင်ဘာ ၁၇ ရက်တွင် မီဒီယာများအား ပြောကြားသည်။
NLD ပါတီ၏ အိတ်ဖွင့်ပေးစာနှင့် ပက်သက်၍အကြောင်းပြန်ကြားသည့် တိုင်းရင်းသားပါတီအချို့ရှိသလို ကြိုဆိုအသိအမှတ်ပြုပြီး အကြောင်းပြန်ကြားခြင်း မရှိသည့် ပါတီအချို့လည်း ရှိသည်။
နိုဝင်ဘာ ၂၇ ရက်အထိ ကချင်ပြည် နယ်ပြည်သူ့ပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုးုတိုးတက်ရေးပါတီနှင့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့က NLD ပါတီ ပေးစာအပေါ် အကြောင်းပြန်ကြားခဲ့ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ မွန်ညီညွတ်ရေးပါတီတို့ကပေးစာအပေါ် ကြိုဆို၊ အကောင်းမြင်သော်လည်း အကြောင်းပြန်ကြားမည် မဟုတ်ကြောင်း ပြောကြားသည်။