မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့်တပ် အလံတင်အစည်းအဝေးပြုလုပ်ခဲ့ပြီး ဘင်္ဂလားဒေ့ရ်ှပိုင်နက်ကို အသုံးပြုတိုက်ခိုက်နေသည့် ARSA အကြမ်းဖက်အုပ်စုအား ပူးပေါင်းရှင်းလင်းနိုင်ရေး မြန်မာဘက်မှ ထည့်သွင်းဆွေးနွေး

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့်တပ် အလံတင်အစည်းအဝေးပြုလုပ်ခဲ့ပြီး ဘင်္ဂလားဒေ့ရ်ှပိုင်နက်ကို အသုံးပြုတိုက်ခိုက်နေသည့် ARSA အကြမ်းဖက်အုပ်စုအား ပူးပေါင်းရှင်းလင်းနိုင်ရေး မြန်မာဘက်မှ ထည့်သွင်းဆွေးနွေး
နိုဝင်ဘာ ၂၅ ရက်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့်တပ် အလံတင်အစည်းအဝေး ပြုလုပ်စဉ် (ဓာတ်ပုံ-ရဲဇာနည်)
နိုဝင်ဘာ ၂၅ ရက်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့်တပ် အလံတင်အစည်းအဝေး ပြုလုပ်စဉ် (ဓာတ်ပုံ-ရဲဇာနည်)
Published 26 November 2020

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ် ခြားစောင့်တပ်ဖွဲ့များ၏ တပ်ရင်းမှူးအဆင့် အလံတင်အစည်းအဝေးကို မြန်မာနိုင်ငံ မောင်တောမြို့ အမှတ်(၁) လူဝင်/ ထွက် စစ်ဆေးရေးစခန်း POE တွင်  နိုဝင်ဘာ ၂၅ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဘင်္ဂလားဒေ့ရ်ှ နိုင်ငံပိုင်နက်ကို အသုံးပြုတိုက်ခိုက်နေသည့် ARSA အကြမ်းဖက်အုပ်စုအား ပူးပေါင်ရှင်းလင်း ချေမှုန်းနိုင်ရေး မြန်မာဘက်မှ ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းအစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က နှစ်နိုင်ငံနယ် နိမိတ်မြန်မာနိုင်ငံဘက်မှ ခြံစည်းရိုးကာရံမှုတွင် နယ်ခြားမှတ်တိုင် ၆၅ နှင့် ၆၆ တို့နှင့် ပတ်သက်၍ မိမိနယ်မြေအတွင်း၌သာ ကာရံထားသည့် အခြေအနေအားလည်းကောင်း၊ ARSA အကြမ်းဖက်အုပ်စုသည် ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်တွင် အခြေပြုလှုပ်ရှား၍ မြန်မာ့လုံခြုံရေးအဖွဲ့များအား အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်နေမှု အခြေအနေများ၊ ARSA အကြမ်းဖက်အုပ်စု၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် နိုဝင်ဘာ ၁၇ ရက်တွင် မောင်တောမြို့နယ်၊ လိပ်ရကျေးရွာအနီး အရပ်သားပိုင် မော်တော်ယာဉ်တစ်စီး မိုင်းထိ၍ ကလေးငယ်များအပါအဝင် အပြစ်မဲ့ ပြည်သူသုံးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာ ရရှိခဲ့မှုအခြေအနေအား Video Clip နှင့် ဓာတ်ပုံများ ပြသ၍လည်းကောင်း ဆွေးနွေးခဲ့ပြီးနယ်စပ်ခြံစည်းရိုးအနီး လာရောက်ပစ်ခတ်မှုများ၊  မိုင်းထောင်သည့်ဖြစ်စဉ်များနှင့် ပတ်သက်၍ သတင်းအချက်အလက်များ ဖလှယ်ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ဘင်္ဂလားဒေ့ရ်ှနိုင်ငံပိုင်နက်ကို အသုံးပြုတိုက်ခိုက်နေသည့် ARSA အကြမ်းဖက်အုပ်စုအား နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရှင်းလင်းချေမှုန်းနိုင်ရေး၊ နယ်စပ်တွင် ထူးခြားဖြစ်စဉ် ဖြစ်ပေါ်မှုများနှင့် အပြစ်မဲ့ပြည်သူများကို ခြိမ်းခြောက်ခြင်း၊ မိုင်းခွဲတိုက်ခိုက်ခြင်းတို့မှ ကာကွယ်တားဆီးနိုင်ရေးအတွက် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်ပေးပို့ရေးကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

အလာတူဘင်္ဂလားဒေ့ရ်ှနိုင်ငံကိုယ်စား လှယ်အဖွဲ့ခေါင်းဆောင်မှ ဆွေးနွေးရာတွင် ၎င်းတို့ ဘင်္ဂလားဒေ့ရ်ှ နယ်ခြားစောင့်တပ်အနေဖြင့်လည်း နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့တွင် အကောင်းဆုံး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  အကြမ်းဖက်သတင်းများ ရရှိပါက ဖလှယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာဘက်မှ ဆွေးနွေးပြောကြားချက်များကို အထက်တာဝန်ရှိသူများထံ ဆက်လက်တင်ပြမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့များ၏ တပ်ရင်းမှူးအဆင့် အလံတင်အစည်းအဝေးသို့ မြန်မာနိုင်ငံရဲ တပ်ဖွဲ့၊ အမှတ်(၄)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီးဇော်လင်းအောင် ဦးဆောင်သော ကိုယ်စားလှယ်ခုနစ်ဦးနှင့် အမှတ်(၂) ဘင်္ဂလားဒေ့ရ်ှနယ်ခြားစောင့်တပ် (တက္ကနာ့ဖ်)မှ တပ်ရင်းမှူး Lt.Col. Moham-mad Faisal Hasan Khan ဦးဆောင်သော ကိုယ်စားလှယ် ၁၀ ဦးပါဝင်သောအဖွဲ့တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။