ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ခြင်းနှင့် အနိုင်ရရှိမှုအပေါ် ဂုဏ်ယူကြောင်း ဘူတန်နိုင်ငံဘုရင်နှင့် ဂျပန်၊ အိန္ဒိယ၊ စင်ကာပူ၊ ထိုင်းနိုင်ငံတို့မှ ဝန်ကြီးချုပ်များက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ သဝဏ်လွှာပေးပို့

ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ခြင်းနှင့် အနိုင်ရရှိမှုအပေါ် ဂုဏ်ယူကြောင်း ဘူတန်နိုင်ငံဘုရင်နှင့် ဂျပန်၊ အိန္ဒိယ၊ စင်ကာပူ၊ ထိုင်းနိုင်ငံတို့မှ ဝန်ကြီးချုပ်များက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ သဝဏ်လွှာပေးပို့
Published 14 November 2020

အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ခြင်းနှင့် အနိုင်ရရှိမှုအပေါ် ဂုဏ်ယူကြောင်း နိုင်ငံ့ခေါင်းဆောင်အချို့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ သဝဏ်လွှာပေးပို့ထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။

ဂျပန်နိုင်ငံသည် နောက်ထပ်ဖွဲ့စည်းမည့် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေး လုပ်ငန်းစဉ်များကို ဘက်ပေါင်းစုံမှ ဆက်လက်ထောက်ပံ့ကူညီမည်ဖြစ်ကြောင်း၊ ဂျပန်နှင့် မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာစေရေးအတွက် အဆွေတော်နှင့် တိုင်ပင်ဆွေးနွေးနိုင်မည်ကို ဝမ်းမြောက်စွာ မျှော်လင့်စောင့်စားလျက်ရှိကြောင်း ဂျပန်နိုင်ငံဝန်ကြီးချုပ် ယိုရှီဟီဒဲစုဂ၏ ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ အနိုင်ရရှိခဲ့ခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့ခြင်းသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရာတွင် နောက်ထပ် အဆင့်တစ်ဆင့် တက်လှမ်းနိုင်ခဲ့ခြင်းပင်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီနာရင်ဒရာမိုဒီက သဝဏ်လွှာ ပေးပို့ခဲ့ကြောင်းသိရသည်။

ထို့အတူ စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီရှန်လွန်းက သဝဏ်လွှာပေးပို့ရာတွင် မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီထမ်မံအနိုင်ရရှိရန် ဦးဆောင်မှုပေးနိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ ဤရွေးကောက်ပွဲရလဒ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဦးဆောင်မှုနှင့် နိုင်ငံအတွက် မျှော်မှန်းချက်များအပေါ် မြန်မာပြည်သူများ၏ ယုံကြည်ကိုးစားမှုရှိကြသည်ကို ထင်ဟပ်လျက်ရှိကြောင်း ထည့်သွင်းပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့သည် မိတ်ဆွေဟောင်းများဖြစ်ကြပြီး ကာလရှည်ကြာလက်တွဲလာသည့် မိတ်ဖက်များလည်းဖြစ်ကြောင်း၊ နှစ်နိုင်ငံသည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေးနှင့် ဥပဒေဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၊ အခြေခံအဆောက်အအုံနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများ အပါအဝင် ကဏ္ဍစုံတွင် ကျယ်ကျယ်ပြန့်ပြန့်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြကြောင်း စင်ကာပူဝန်ကြီးချုပ်၏ သဝဏ်လွှာ၌တွင် ပါရှိသည်။

အထွေထွေရွေးကောက်ပွဲအား အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းနှင့် NLD ပါတီ အောင်မြင်မှုရရှိခဲ့ခြင်းတို့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား သောင်းသောင်းဖြဖြထောက်ခံခဲ့ကြခြင်းသည် အဆွေတော်အပေါ်၌ မြန်မာပြည်သူများ၏ အခိုင်အမာယုံကြည်မှုကို ရှင်းလင်းစွာ ထင်ဟပ်ပြသနေခြင်း ဖြစ်သကဲ့သို့ လွန်ခဲ့သည့်ငါးနှစ်တာကာလအတွင်း အဆွေတော်၏ ဦးဆောင်မှုအပေါ် အခိုင်အမာ ထောက်ခံလိုက်ခြင်းပင်ဖြစ်ကြောင်း စသည်ဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာ (ငြိမ်း) က သဝဏ်လွှာ ပေးပို့သည်။

ထိုင်း-မြန်မာ နှစ်နိုင်ငံ၏ ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေရန်နှင့် နှစ်နိုင်ငံ အကျိုးစီးပွားအတွက်ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြင့်လာစေရန် အဆွေတော်နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ကို ထပ်လောင်းကတိပြုကြောင်း၊ နိုဝင်ဘာ ၅ ရက်တွင် တယ်လီဖုန်းဖြင့် ဆွေးနွေးခဲ့စဉ်က ပြောကြားခဲ့သည့်အတိုင်း COVID-19 ကပ်ရောဂါဘေးကြောင့် ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်အတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အကူအညီပေးရန် ထိုင်းနိုင်ငံအနေဖြင့် အဆင်သင့်ရှိနေကြောင်း ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ သဝဏ်လွှာ ပါရှိသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘာလာခရစ်ရှ်နန်ကလည်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီး ဘူတန်နိုင်ငံ၏ စတုတ္ထမြောက် ဘုရင်မင်းမြတ် ဂျစ်မီ၊ ဆင်း(ဂ်)ရိ၊ ဝန်ချွတ်ကလည်း သဝဏ်လွှာ ပေးပို့ခဲ့သည်။

ဘူတန်နိုင်ငံ၏ စတုတ္ထမြောက်ဘုရင်မင်းမြတ် ဂျစ်မီ၊ ဆင်း(ဂ်)ရိ၊ ဝန်ချွတ်၏ သဝဏ်လွှာတွင် မြန်မာနိုင်ငံ၏ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အဆွေတော်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ မြန်မာပြည်သူများသည် ငြိမ်းချမ်းသာယာဝပြောရေးနှင့် စည်းလုံးညီညွတ်ရေးတို့အတွက် ၎င်းတို့၏ ပြင်းပြသောဆန္ဒကို ဖြည့်ဆည်းပေးနိုင်မည့် အဆွေတော်၏ ပါတီအပေါ်ယုံကြည်ချက် အပြည့်ဖြင့် ထောက်ခံအားပေးခဲ့ကြခြင်း ဖြစ်ကြောင်း၊ အဆွေတော်သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း ဖော်ပြထားသည်။

ယခုရွေးကောက်ပွဲသည် မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုလုပ်ငန်းစဉ်အတွက် အရေးကြီးသည့် မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ စင်ကာပူနိုင်ငံသည် မြန်မာနိုင်ငံ၏  မိတ်ဆွေနိုင်ငံနှင့် အိမ်နီးချင်း အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်သူများအတွက် ဆုမွန်ကောင်းပို့သလိုက်ပါကြောင်းနှင့် မိမိတို့နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းလာစေရန်အတွက် မြန်မာအစိုးရနှင့်အတူ ဆက်လက်လက်တွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက သဝဏ်လွှာတွင် ရေးသားထားသည်။

Most Read

Most Recent