ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအရေးအတွက် တက်ကြွစွာ ပူးပေါင်းပါဝင်ရန် NLD ပါတီ၏ ဖိတ်ခေါ်မှုအပေါ် လုပ်ရပ်နှင့်သက်သေပြမှှ ယုံကြည်မည်ဟု တိုင်းရင်းသားပါတီအချို့ ပြောကြား

ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအရေးအတွက် တက်ကြွစွာ ပူးပေါင်းပါဝင်ရန် NLD ပါတီ၏ ဖိတ်ခေါ်မှုအပေါ် လုပ်ရပ်နှင့်သက်သေပြမှှ ယုံကြည်မည်ဟု တိုင်းရင်းသားပါတီအချို့ ပြောကြား
Published 13 November 2020
ဉာဏ်လင်းထွန်း

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအရေးအတွက် တက်ကြွစွာ ပူးပေါင်းပါဝင်ရန် NLD ပါတီ၏ ဖိတ်ခေါ်မှုသည် ကြိုဆိုရမည့် ကိစ္စဖြစ်သော်လည်း အကြောင်းကြားစာတွင် ဖော်ပြထားသည့်အတိုင်း အမှန်တကယ် ဆောင်ရွက်ခြင်းရှိ မရှိအပေါ် မေးခွန်းထုတ်စရာများရှိသည်ဟု တိုင်းရင်းသားပါတီအချို့၏ တာဝန်ရှိသူများက မှတ်ချက်ပြုသည်။

“နောင်အနာဂတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ” ဆိုသည့် ခေါင်းစဉ်ဖြင့် စာပိုဒ်သုံးပုဒ် ဖော်ပြပါရှိသောအကြောင်းကြားစာကို NLD ပါတီက တိုင်းရင်းသားပါတီ ၄၈ ပါတီထံ နိုဝင်ဘာ ၁၂ ရက်က ပေးပို့ခဲ့သည်။

အဆိုပါ အကြောင်းကြားစာတွင် NLD ပါတီအနေဖြင့် နောင်အနာဂတ်တွင် တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒများကို အလေးထားဆောင်ရွက်သွားမည်နှင့် ပါတီက ဖော်ဆောင်မည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအရေးတွင် တက်တက်ကြွကြွ ပူးပေါင်းပါဝင်ရန် မျှော်လင့်ပါသည်ဟုဖော်ပြ ထားသည်။

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအရေးအတွက် ပူးပေါင်းပါဝင်ရန် NLD ပါတီ၏ ဖိတ်ခေါ်မှုအပေါ် ပူးပေါင်းပါဝင်ခြင်း၊ မပါဝင်ခြင်းမှာလက်တွေ့ဆောင်ရွက်ချက်များအပေါ်သာ မူတည်မည်ဟု ကချင်ပြည်နယ် ပြည်သူ့ပါတီ ပြောရေးဆိုခွင့်ရှိသူ ကွမ်ဂေါင်အောင်ခမ်းက ပြောကြားသည်။

“စာနဲ့ပေနဲ့စကားနဲ့ ဆိုတာထက် လွန်ခဲ့တဲ့ ၁၉၄၇ ခုနှစ်တုန်းက ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူတကွ ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေကို အကောင်အထည်ဖော်ဖို့ပဲလိုတယ်ဆိုတဲ့ ဟာကိုတင်ပြလိုပါတယ်။ စာကတော့ ရေးလို့ရတယ်လေ။ ဘယ်လိုပဲရေးရေး၊ ဘယ်လိုပဲပြောပြောရတယ်။ ဒါပေမဲ့ လက်တွေ့မရှိတဲ့ဟာတွေ အယုံအကြည်မရှိဘူး” ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ကွမ်ဂေါင်အောင်ခမ်းက ပြောကြားသည်။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် ပြည်နယ်အချို့ရှိ တိုင်းရင်းသားပါတီများသည် ကျေနပ်ဖွယ်ရလဒ် ရရှိခဲ့သော်လည်း အချို့ပါတီများသည် ရည်မှန်းသည့်အတိုင်း ဖြစ်မလာသည်ကို သိရှိရပြီး မည်သည့် အခြေအနေဖြစ်စေ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး ဆက်လက်ကြိုးပမ်းမည်ဟု  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ အကြောင်းကြားစာတွင် ပါရှိသည်။

ရွေးကောက်ပွဲမတိုင်မီမည်သည့် ပါတီနှင့်မျှ ညှိနှိုင်းဆောင်ရွက်မှုမရှိသော်လည်း ရွေးကောက်ပွဲအပြီး လွှတ်တော်ရောက်ရှိချိန်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုအတွက် တိုင်းရင်းသားပါတီများနှင့် မဟာမိတ်အဖြစ် လက်တွဲဆောင်ရွက်မည်ဟု ပြောကြားထားမှုအပေါ် ထပ်လောင်းအတည်ပြုခြင်းဖြစ်သည်ဟု NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

“ကျွန်တော်တို့ ရွေးကောက်ပွဲ ကြေညာစာတမ်းရဲ့ ရည်ရွယ်ချက်မှာကို တစ်က တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းစစ် ချုပ်ငြိမ်းရေးဖြစ်ပါတယ်” ဟုဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ယခုကဲ့သို့ သဘောထားကို ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရပြီးတည်းက ထားရှိသင့်ပြီး လက်ရှိအစိုးရသက်တမ်းအတွင်း တိုင်းရင်းသားအရေးနှင့်ပတ်သက်၍ မယ်မယ်ရရ ဆောင်ရွက်ချက်မရှိဟု ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက မှတ်ချက်ပြုသည်။ 

ထို့ပြင် ရွေးကောက်ပွဲမတိုင်မီ NLD ပါတီခေါင်းဆောင်တစ်ဦးက တိုင်းရင်းသား အခွင့်အရေးအတွက် NLD အရိပ်အောက်မှ ဆောင်ရွက်ရန် ပြောကြားမှု ရှိခဲ့ရာယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်မှုသည် စစ်မှန်ရန် လိုလားကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ တိုင်းရင်းသားတွေကို တန်းတူရည်တူ အနေအထားမျိုး သဘောမထားဘူး။ ဗမာကပဲ မဟာလူမျိုးကြီးအနေနဲ့ တိုင်းပြည်ကိုအုပ်ချုပ်မယ်၊ စီမံမယ်၊ ကွပ်ကဲမယ်ဆိုရင် တိုင်းရင်းသားအရေးက ဒုံရင်းဒုံရင်းပဲ။ ဖြေရှင်းလို့ မလွယ်တဲ့ သဘောလို့ မြင်တယ်” ဟု မန်းအောင်ပြည်စိုးကပြောကြားသည်။

NLD ပါတီက ပေးပို့သည့် အကြောင်းကြားစာလက်ခံရရှိခြင်းမရှိသေး၍ မှတ်ချက်ပြုလိုခြင်းမရှိကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွဲဖက်အထွေထွေ အတွင်းရေးမှူး (၁) စိုင်းကျော်ညွန့်က ပြောကြားသည်။

စာပါ အကြောင်းအရာများအနေဖြင့် အပြုသဘောဆောင်ပြီး တိုင်းရင်းသားပါတီများကို တစ်စုံတစ်ရာ အသိအမှတ်ပြုသည့် သဘောသက်ရောက်၍ အခြေခံအားဖြင့် ကြိုဆိုကြောင်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်က ဆိုသည်။

သို့သော် တိုင်းပြည်၏ ငြိမ်းချမ်းရေးနှင့် အသွင်ကူးပြောင်းရေးကိုဆောင်ရွက်ချင်သည့်  စိတ်ရင်းဖြင့် ဖိတ်ခေါ်ခြင်းလား၊ မည်သည့်ရည်ရွယ်ချက်နှင့် ဖိတ်ခေါ်သည်ကို ဆက်လက်စောင့်ကြည့်ရမည်ဟုဆိုသည်။

“လောလောဆယ် သူကြုံတွေ့နေရတဲ့ နိုင်ငံရေးဖိအားတွေ ထွက်ပေါက်အနေနဲ့ ဖိတ်ကြားတာလား။ အခုကတော့ စာဒီအတိုင်း ထုတ်နေတဲ့ သဘောပဲ ဖြစ်တဲ့အခါကျတော့ လက်တွေ့မှာ စိတ်ရင်းနဲ့  လက်တွဲချင်တဲ့ဟာမျိုးလားက နောက်မှသိရမှာပေါ့” ဟု ဆလိုင်းကျဲအိုဘိခ်ထောင်က ပြောကြားသည်။

NLD ပါတီသည် နောင်အနာဂတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမည့်ပြည်ထောင်စုအရေးကိစ္စဆိုသည့် အိတ်ဖွင့်ပေးစာကို မူလကတိုင်းရင်းသားပါတီ ၃၉ ပါတီကို ရည်ညွှန်းပေးပိုခဲ့သည်။

တိုင်းရင်းသားပါတီ ၄၈ ပါတီရှိရာ စာပေးပို့ရာတွင် မပါဝင်သည့် ပါတီကိုးပါတီမှာ မကြာသေးမီက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံရာတွင် ပါဝင်သည့် ပါတီများဖြစ်ကြောင်း တကောင်းနိုင်ငံရေး လေ့လာမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးရဲမျိုးဟိန်းက Facebook စာမျက်နှာတွင် ထောက်ပြသည်။

ထိုသို့ ထောက်ပြဝေဖန်မှုအချို့ ထွက်ပေါ်လာပြီးနောက် NLD ပါတီက နိုဝင်ဘာ ၁၂ ရက် ၌ပင် စာပေးပို့ရာတွင် မပါဝင်သည့် တိုင်းရင်းသားပါတီကိုပါတီကို ဖြည့်စွက်ပြီး တိုင်းရင်းသားပါတီများထံ စာပေးပို့ခြင်းဟု ပြန်လည်ထုတ်ပြန်ခဲ့သည်။

“နိုင်ငံရေးပါတီအချို့ ကျန်နေခြင်းဟာ သင့်လျော်ခြင်းမရှိဘူးလို့ ကျွန်တော်တို့ ပြန်လည်စဉ်းစားပြီးတဲ့အခါမှာ ကျန်နေတဲ့ ပါတီတွေကိုလည်း အကုန်လုံးထည့်သွင်းသင့်တယ်ဆိုပြီး ထည့်သွင်းလိုက်ပါတယ်” ဟု NLD ပါတီမှ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။         

 

Most Read

Most Recent