တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများအား ယနေ့ (နိုဝင်ဘာ ၅ ရက်) နံနက် ၁၀ နာရီခွဲတွင် Video Teleconference (VTC) မှတစ်ဆင့် တွေ့ဆုံခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
ထိုသို့ တွေ့ဆုံရာတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးနှင့် ပတ်သက်၍ တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီး၌ လိုအပ်သည်မှန်သမျှကို ကူညီဆောင်ရွက် ပေးကြမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုင်းမှူးများကို မှာကြားခဲ့သည်ဟု သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ တွေ့ဆုံမှု၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မကြာမီတွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်မည် ဖြစ်သဖြင့် အရာရှိ၊ စစ်သည်များ၊ မိသားစုများအားလုံး သက်ဆိုင်ရာ မဲရုံအသီးသီးတွင် စနစ်တကျဖြင့် မဲပေးနိုင်ရေး တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးအလိုက် ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို မေးမြန်းရာ တိုင်းမှူးများက ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ကြိုတင်မဲပေးရမည့် အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ အားလုံးကိုလည်း သတ်မှတ်ချက်များနှင့် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ထားရှိသည့် အခြေအနေများကို ပြန်လည် တင်ပြခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် ဆန္ဒမဲပေးကြရာတွင် အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ၏ လုံခြုံရေးနှင့် ဒေသခံ ပြည်သူများ၏ လုံခြုံရေးကို အထူးဂရုစိုက်ရမည် ဖြစ်ကြောင်းနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်နှင့်အညီ တိတိကျကျ လိုက်နာကာ လုံခြုံရေးကို ဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း၊ ဆန္ဒမဲများ ပေးကြရာတွင် အရာရှိ၊ စစ်သည်၊ မိသားစုများအားလုံး လွတ်လပ်စွာ မဲပေးနိုင်ကြောင်းနှင့် ထည့်သွင်းစဉ်းစားရန် လိုအပ်မည့် အချက်များအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆွေးနွေးမှာကြားခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
“မဲပေးတဲ့အခါမှာလည်း စစ်သည်နဲ့ မိသားစုများက လွတ်လွတ်လပ်လပ် မဲပေးနိုင်ပါတယ်။ ထည့်သွင်း စဉ်းစားရမယ့်အချက် တစ်ချက် နှစ်ချက် ပြောချင်ပါတယ်။ အဲဒါကတော့ ဘာလဲဆိုလို့ရှိရင် တစ်အချက်ကတော့ တို့တာဝန် အရေးသုံးပါးကို အလေးထားတဲ့ ကိုယ်စားလှယ်ကောင်းတွေကို စဉ်းစားနိုင်ဖို့ ဖြစ်ပါတယ်။ နောက်တစ်ခုက နိုင်ငံကို ကောင်းဖို့အတွက် ဒေသကို ကောင်းဖို့အတွက် တစ်ကယ်ကို ဆောင်ရွက်ပေးနိုင်တဲ့ ကိုယ်စားလှယ်ကောင်းတွေ ဖြစ်ဖို့လိုပါတယ်။ ဒါလေးကို ထည့်သွင်း စဉ်းစားပြီးတော့မှ တပ်မတော်သားတွေရော၊ မိသားစုဝင်တွေရော အားလုံးကနေ လွတ်လွတ်လပ်လပ် မဲပေးခွင့် မဲပေးလို့ ရတယ်ဆိုတာ ပြောချင်ပါတယ်။ နောက်တစ်ခုကတော့ မဲပေးတဲ့နေ့မှာ လွတ်လပ်လုံခြုံစွာ မဲပေးနိုင်ဖို့အတွက် ကူညီပေးဖို့ လိုပါတယ်” ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးတို့ တက်ရောက်ကြခဲ့ကြောင်း သိရသည်။
ယခု ရွေးကောက်ပွဲသည် နိုင်ငံ၏ ဒီမိုကရေစီစနစ်တွင် အရေးပါသည့် အဆုံးအဖြတ်ပေးမည့် ကိစ္စတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် အချိန်ကာလ ကြာကြာကတည်းက ရွေးကောက်ပွဲနှင့် စပ်လျဉ်းပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ရန်အတွက် အမြဲတမ်း ပြောခဲ့ခြင်းရှိကြောင်း၊ ရွေးကောက်ပွဲအတွက် မဲပေးသည့်အခါ လွတ်လပ်ပြီး တရားမျှတသော မဲပေးမှုရှိအောင် အားလုံး ဝိုင်းဝန်းကြိုးစားပေးရန် လိုကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
“ဘေးကနေ ဒီဟာနှင့် ပတ်သက်ပြီး မသမာမှု လုပ်တယ်ဆိုလို့ ရှိရင်လည်း ကန့်ကွက်တာ မကန့်ကွက်တာ တစ်ပိုင်းပေါ့။ အရေးကြီးတာတော့ ကောင်းကောင်းမွန်မွန် ရှောရှောရှုရှုနဲ့ မဲပေးပြီးတော့ ဒီမဲပေးတဲ့ ရက်ကာလတစ်ခု ရှောရှောရှုရှုနဲ့ ချောချောမွေ့မွေ့နဲ့ အောင်မြင်သွားဖို့ လိုတယ်။ အဖုအထစ်တွေနဲ့ မဖြစ်စေချင်ဘူး။ ဒါကြောင့်လည်း တစ်နေ့က ထုတ်ပြီးတော့ ပြောခဲ့တာရှိတယ်။ တစ်ချို့နေရာတွေမှာ သတင်းတွေ မင်းတို့ရဲ့ တင်ပြချက်တွေကြောင့် သိနေတာတွေ ရှိတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ တစ်ကယ် မဲပေးတဲ့ နေ့ကျရင်တော့ ဒါကတော့ မဲပုံးထဲ ထည့်မှာပေါ့။ အခုပေးနေတာတော့ ကြိုတင်မဲပေးတဲ့ ကိစ္စတွေဖြစ်တယ်။ ကြိုတင်မဲပေးတဲ့ ကိစ္စတွေမှာ အားနည်းချက်တွေ ရှိနေတဲ့အတွက်ကြောင့် တစ်ကယ် မဲပေးတဲ့နေ့ကျလို့ရှိရင်လည်း အကြောင်းအမျိုးမျိုးကြောင့် အားနည်းချက် ဖြစ်လာလို့ရှိရင်လည်း ချောချောမွေ့မွေ့နဲ့ ဖြစ်စေရေးအတွက် သက်ဆိုင်ရာ ကော်မတီအသီးသီးနဲ့ ပေါင်းစပ်ပြီးတော့မှ လုံလုံခြုံခြုံနဲ့ မဲပေးနိုင်အောင်၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်အောင်၊ ဆောင်ကြဉ်းပေးပါလို့ အောက်မှာရှိတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေ မဲရုံအသီးသီးမှာ နီးစပ်တဲ့အဖွဲ့တွေ အားလုံးကို မှာကြားဖို့ ပြောလိုတယ်” ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ယင်းပြင် သဘာဝဘေးအန္တရာယ် ဆိုသည်မှာ အချိန်မရွေး ပေါ်ပေါက်လာနိုင်ကြောင်း၊ မဖြစ်နိုင်ဟူ၍ မပြောနိုင်ကြောင်း၊ အကြောင်းကြောင်းကြောင့် ရွေးကောက်ပွဲနေ့တွင် မိုးရွာ လေတိုက်ခြင်းများ ဖြစ်နိုင်သည့် နေရာများတွင် သွားရေးလာရေးများ အခက်အခဲ ဖြစ်လာမည်ဆိုပါက တပ်မတော်သားများအနေဖြင့် မဲပေးသူများကလည်း မဲပေးရန် လိုသကဲ့သို့ အခြားတစ်ဖက်တွင်လည်း အမြန်ဆုံး သွားရောက် ကူညီဆောင်ရွက်ပေးရန်လိုကြောင်း ၎င်းက ပြောကြားသည်။