“၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ စိတ်ဝင်စားနိုင်သည့် ကိုယ်စားလှယ်လောင်းများ” (မန္တလေးတိုင်းဒေသကြီး)

“၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ စိတ်ဝင်စားနိုင်သည့် ကိုယ်စားလှယ်လောင်းများ” (မန္တလေးတိုင်းဒေသကြီး)
Published 5 November 2020

လာမည့် နိုဝင်ဘာ ၈ ရက်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပတော့မည် ဖြစ်သည်။ အဆိုပါ ၂၀၂၀ ရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀ ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ နယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မဲဆန္ဒနယ် ၆၄၄ နယ်နှင့် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပါတီပေါင်း ၉၀ ကျော်မှ လွှတ်တော် ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ထိုသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်ထဲမှ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများ စိတ်ဝင်စားမှု မြင့်တက်နိုင်သည့် ကိုယ်စားလှယ်လောင်းအချို့နှင့်  ပြိုင်ဆိုင်မှု ပြင်းထန်နိုင်သည့် မဲဆန္ဒနယ်များမှ ကိုယ်စားလှယ်လောင်း အချို့ကို Eleven Media Group အယ်ဒီတာအဖွဲ့က ရွေးချယ် ဖော်ပြလိုက်ပါသည်။

အမည် - ဒေါ်နွယ်နီတင်

အသက် - ၄၃ နှစ်

ပညာအရည်အချင်း - B.A (Myanmar)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်သူ့ရှေ့ဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကျောက်ဆည်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ပြည်သူ့ရှေ့ဆောင်ပါတီမှ ကျောက်ဆည်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ကိုယ်စားပြု၍ ဒေါ်နွယ်နီတင်မှ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ ၎င်းအနေဖြင့် ကျောက်ဆည်ခရိုင််လုံးဆိုင်ရာ ပရဟိတပေါင်းစုံ ကွန်ရက်အတွင်းရေးမှူး၊ ဒါနနာမှုကူညီရေးအသင်း အမျိုးသမီးယာဉ်မောင်း၊ မြင့်မြတ်ပါရမီ ကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းတို့တွင် ပရဟိတလုပ်ငန်းများကို ဆောင်ရွက်နေသည့် လူလတ်ပိုင်း ကိုယ်စားလှယ်လောင်း တစ်ဦးလည်း ဖြစ်သည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ ကျောက်ဆည်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၌ ပါတီငါးခု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနိုင်ရရှိထားသည်။ ၂၀၂၀ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတွင်လည်း ပါတီ ငါးခု ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဒေါ်နွယ်နီတင် အနေအဖြင့် အင်အားကြီးပါတီများဖြင့် ယှဉ်ပြိုင်ရမည် ဖြစ်သည့်အတွက် ပြိုင်ဆိုင်မှု ပြင်းထန်နိုင်သည့် မဲဆန္ဒနယ်တစ်ခု ဖြစ်သည်။

အမည် - ဒေါ်ဝင်းမြမြ

အသက် - ၇၀ နှစ်

ပညာအရည်အချင်း - ဒသမတန်း(ခ)အောင်

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - အစ္စလာမ်

ကိုယ်စားပြုပါတီ - NLD

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဒေါ်ဝင်းမြမြသည် နာမည်ကြီး နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။ ၁၉၈၈ လူထုအရေးတော်ပုံတွင် တက်ကြွစွာ ပါဝင်ခဲ့ပြီး ၂၀၀၇ ရွေဝါရောင် အရေးအခင်းတွင် ရဟန်း၊ သံဃာတော် ပြည်သူများနှင့်အတူ ရပ်တည်ကာ လှုပ်ရှားခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ လက်ရှိ NLD ပါတီ၏ မန္တလေးတိုင်း ပါတီအလုပ်မှုဆောင် ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး NLD (ဗဟို) စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်၊ NLD မန္တလေးတိုင်းဒေသကြီး အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌ၊ NLD မန္တလေးတိုင်းဒေသကြီး လူမှုအထောက်အကူပြုအဖွဲ့ အတွင်းရေးမှူး တာဝန်များကို ထမ်းဆောင်လျက်ရှိသည်။ ၎င်းအနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပါတီ လေးခုဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အနိုင်ရရှိရန် ရေပန်းစားနေသူတစ်ဦးလည်း ဖြစ်သည်။

အမည် - ဦးလှထွန်း

အသက် - ၆၉ နှစ်

ပညာအရည်အချင်း - သိပ္ပံဘွဲ့(စစ်တက္ကသိုလ်)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - USDP

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဦးလှထွန်းသည် ပြည့်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ တစ်ဦးဖြစ်သည်။ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် သမ္မတရုံး ဝန်ကြီးများအနက် တစ်ဦးလည်းဖြစ်သည်။ ၎င်း၏ ရွေးကောက်ပွဲ ကြွေးကြော်သံများတွင် အဓိကကျသည့် တိုင်းပြည်စီးပွားရေး ကျဆင်းမှုကို စီးပွားရေး တောင့်တင်းခိုင်မာအောင် ဆောင်ရွက်နေသည်နှင့် တစ်ပြိုင်တည်း တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံရေး တည်ငြိမ်စေရန် ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် ယခင် ပြည်ခိုင်ဖြိုးအစိုးရ လက်ထက် ရရှိခဲ့သည့် ပြည်တွင်းငြိမ်းချမ်းရေး ဆက်လက်ရရှိရေးနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုစနစ်ကို ဒီမိုကရေစီ အနှစ်သာရနှင့်အညီ တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု ထည့်သွင်းဖော်ပြထားသည်။ ဦးလှထွန်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ကျောက်ပန်းတောင်း ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၌ ပင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး NLD လွှတ်တော် ကိုယ်စားလှယ် ဦးရွှေကိုအား ရှုံးနိမ့်ထားခြင်း ဖြစ်သည်။

အမည် - ဦးဝင်းဆွေ

အသက် - ၅၇ နှစ်

ပညာအရည်အချင်း - ၀ိဇ္ဇာဘွဲ့၊ သမိုင်း

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်သူ့ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ညောင်ဦးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဦးဝင်းဆွေသည် ပြည်သူ့ပါတီ ကိုယ်စားပြု၍ ညောင်ဦးမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ ၂၀၁၅ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသားတိုးတက်ရေးပါတီတို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခိုင်လုံမဲ ၉၈၉၇၈ မဲဖြင့် အနိုင်ရရှိခဲ့သည်။ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်တွင် ပါတီ ငါးခု ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့် အမျိုးသားတိုးတက်ရေး ပါတီတို့ ဖြစ်သည်။ ထို့ကြောင့် ဦးဝင်းဆွေ အနေဖြင့် အင်အားကြီးပါတီများဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်သဖြင့် စိတ်ဝင်စားဖွယ်ကောင်းသည့် မဲဆန္ဒနယ် တစ်ခုဖြစ်သည်။

အမည် - ဒေါ်ယဉ်ယဉ်နွဲ့

အသက် - ၆၀ နှစ်

ပညာအရည်အချင်း - B.Com (စီးပွားရေးတက္ကသိုလ် ၀ါဏိဇ္ဇဗေဒ)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်သူ့ရှေ့ဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ပြင်ဦးလွင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဒေါ်ယဉ်ယဉ်နွဲ့သည် ပြင်ဦးလွင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ပြည်သူ့ရှေ့ဆောင်ပါတီကို ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်သည်။၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိထားပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဒုတိယ မဲအများဆုံး ရရှိထားသည့် မဲဆန္ဒနယ်တစ်ခု ဖြစ်သည်။ ဒေါ်ယဉ်ယဉ်နွဲ့အနေဖြင့် ပါတီသစ်တစ်ခုဖြစ်သည့် ပြည်သူ့ရှေ့ဆောင်ပါတီမှ ဝင်ရောက် ယှဉ်ပြိုင်သော်လည်း ၎င်း၏ ပညာအရည်အချင်း၊ အသက်အရွယ် အတွေ့အကြုံအရ မဲဆန္ဒရှင်များ မျက်စိကျနိုင်သူထဲတွင် ပါဝင်သည်ဟု ဆိုနိုင်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်၌ ပါတီ ခုနစ်ခု ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ဒေါ်ယဉ်ယဉ်နွဲ့အနေဖြင့် NLD ပါတီနှင့် USDP ပါတီတို့ဖြင့် အဓိက ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အမည် - ဒေါ်ခင်မာဦး

အသက် - ၄၈ နှစ်

ပညာအရည်အချင်း - B.Sc(Maths)

လူမျိုး - လီဆူ

ကိုးကွယ်သည့်ဘာသာ - ခရစ်ယာန်

ကိုယ်စားပြုပါတီ - လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မိုးကုတ်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

မိုးကုတ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အနိုင်ရရှိထားပြီး လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ဒုတိယမဲအများဆုံး ရရှိခဲ့သည်။ ဒေါ်ခင်မာဦးသည် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ယင်းမဲဆန္ဒနယ်တွင် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကပင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ယခုထပ်မံ ယှဉ်ပြိုင်ခြင်းဖြစ်သဖြင့် စိတ်ဝင်စားဖွယ်ကောင်းသည်။ ၎င်းအနေဖြင့် ယင်းမဲဆန္ဒနယ်ရှိ လီဆူတိုင်းရင်းသားများ၏ ထောက်ခံမှုကိုလည်း အခိုင်အမာ ရထားသည်ဟုဆိုနိုင်သဖြင့် ယခု ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း အလားအလာကောင်းသည်ဟု ဆိုနိုင်သည်။ ယင်းမဲဆန္ဒနယ်၌ ပြည်ခိုင်ဖြိုးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ တအာင်း(ပလောင်) အမျိုးသားပါတီနှင့် NLD ပါတီတို့လည်း ယှဉ်ပြိုင်ကြမည် ဖြစ်သော်လည်း NLD ပါတီနှင့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ အဓိကယှဉ်ပြိုင်မည့် မဲဆန္ဒနယ် ဖြစ်သည်။

အမည် - ဦးမင်းနိုင်

အသက် - ၄၉ နှစ်

ပညာအရည်အချင်း - B.A (Myanmar)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်သူ့ရှေ့ဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဝမ်းတွင်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဦးမင်းနိုင်သည် ပြည်သူ့ရှေ့ဆောင်ပါတီကို ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်သည်။ ၎င်းယှဉ်ပြိုင်မည့် မဲဆန္ဒနယ်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနိုင်ရရှိထားပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဒုတိယ မဲအများဆုံး ရရှိထားသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ဦးမင်းနိုင်အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အမည် - ဦးသိန်းထွန်းဦး

အသက် - ၅၄ နှစ်

ပညာအရည်အချင်း - B.Sc (Bot)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - USDP

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - အမရပူရမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဦးသိန်းထွန်းဦးသည် လက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟို၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်သည်။ ၎င်းသည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲ၌ အမရပူရမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၌ အနိုင်ရရှိခဲ့ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့သည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ ဦးသိန်းထွန်းဦးသည် အမရပူရမြို့နယ်မှ ထပ်မံဝင်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်သဖြင့် စိတ်ဝင်စားဖွယ်ကောင်းပြီး ယင်းမဲဆန္ဒနယ်တွင် ပါတီ ခုနှစ်ခု ယှဉ်ပြိုင်မည် ဖြစ်သည့်အတွက် ပြိုင်ဆိုင်မှု ပြင်းထန်နိုင်သည်။

အမည် - ဦးဉာဏ်ထွန်းအောင်

အသက် - ၇၂ နှစ်

ပညာအရည်အချင်း - B.Sc (DSA), Graduate of Air Command and Staff Collage (U.S.A.F) ၁၉၈၈

လူမျိုး/ဘာသာ - ဗမာ/ဗုဒ္ဓ

ကိုယ်စားပြုပါတီ - USDP

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - နွားထိုးကြီးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဦးဉာဏ်ထွန်းအောင်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် နွားထိုးကြီးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု အနိုင်ရရှိခဲ့ပြီး သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်မှပင် ဝင််ယှဉ်ပြိုင်ခဲ့သော်လည်း NLD ပါတီအား ခိုင်လုံ မဲတစ်သောင်းကျော်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ၎င်းအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ထပ်မံ ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ဖြင့် ယှဉ်ပြိုင်ရမည် ဖြစ်သည့်အတွက် စိတ်ဝင်စား စောင့်ကြည့်ရမည့် မဲဆန္ဒနယ်တစ်ခု ဖြစ်သည်။

အမည် - ဦးနိုင်ထူးအောင်

အသက် - ၃၄ နှစ်

ပညာအရည်အချင်း - M.P.A, B.Sc (Physics), Dip in International Law

လူမျိုး/ဘာသာ - ဗမာ/ဗုဒ္ဓ

ကိုယ်စားပြုပါတီ - NLD

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - နွားထိုးကြီးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဦးနိုင်ထူးအောင်သည် လက်ရှိ နွားထိုးကြီးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။ လက်ရှိ NLD ပါတီ ဗဟိုကော်မတီဝင် (အရံ) အဖြစ် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ ဘဏ္ဍာရေးမှူးအဖြစ် ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ကိုယ်စားလှယ်တာဝန်များ အနေဖြင့် ပြည်သူ့လွှတ်တော်၏ နိုင်ငံတကာဆက်ဆံရေးကော်မတီ၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ၊ လွှတ်တော်ရေးရာ စွမ်းရည်မြှင့်တင်ရေး အကြံပေးအဖွဲ့တို့တွင် အဖွဲ့ဝင်အဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော် အာဆီယံ ပါလီမန်များဆိုင်ရာ ပူးပေါင်းကော်မတီတွင် အဖွဲ့ဝင်အဖြစ်လည်း တာဝန် ထမ်းဆောင်လျက်ရှိသည်။

အမည် - ဦးဝေဖြိုး

အသက် - ၃၃ နှစ်

ပညာအရည်အချင်း - ပထမနှစ် MP (G.T.C)၊ ဒုတိယနှစ် (ရူပဗေဒ)၊ မြင်းခြံ BBA (International Business) Kanto Gakuen University Japan

လူမျိုး/ဘာသာ - ဗမာ/ဗုဒ္ဓ

ကိုယ်စားပြုပါတီ - လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မြင်းခြံ/ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဦးဝေဖြိုးသည် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် လူငယ် ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်သည်။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကြီး ပေါ်ပေါက်ချိန်တွင် ပါဝင်လှုပ်ရှားခဲ့သူ တစ်ဦးဖြစ်သည်။ နိုင်ငံရေး လှုပ်ရှားမှုကြောင့် ၂၀၀၉ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရပြီး ၂၀၁၂ ခုနှစ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ လူငယ်ကိုယ်စားလှယ်လောင်း ဦးဝေဖြိုးအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့ကို ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အမည် - ဦးရဲလင်းအောင်

အသက် - ၃၉ နှစ်

ပညာအရည်အချင်း - LL.B (Law

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ဒီမိုကရက်တစ်ပါတီ(မြန်မာ)

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မတ္တရာမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဦးရဲလင်းအောင်သည် ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ၂၀၁၅ ရွေးကောက်ပွဲတွင် မတ္တရာမြို့နယ် တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် (၂) တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲရလဒ် အနည်းငယ်သာ ရရှိကာ ရှုံးနိမ့်ခဲ့သည်။ ယခုရွေးကောက်ပွဲတွင် ဦးရဲလင်းအောင်သည် ယုံကြည်မှု အပြည့်ထားကာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်သို့ ပြောင်းလဲယှဉ်ပြိုင်ခြင်းကလည်း စိတ်ဝင်စားဖွယ် ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်မြေ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခိုင်လုံမဲ ကိုးသောင်းကျော်ဖြင့် အနိုင်ရရှိထားသည့် မဲဆန္ဒနယ် ဖြစ်သည်။ ၎င်းအနေဖြင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ တစညပါတီ၊ NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အမည် - ဦးသူရထွန်း

အသက် - ၄၁ နှစ်

ပညာအရည်အချင်း - B.A (ECO)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ချမ်းမြသာစည်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးသူရထွန်းသည် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ကိုယ်စားပြုပြီး ချင်းမြသာစည်မြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦး ဖြစ်သည်။ ၎င်းယှဉ်ပြိုင်မည့် မဲဆန္ဒနယ်သည် ၂၀၁၅ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အနိုင်ရရှိထားသည့် မဲဆန္ဒနယ်တစ်ခု ဖြစ်သည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ ဦးသူရထွန်းအနေဖြင့် ချမ်းမြသာစည်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားနိုင်ငံရေးပါတီတို့ဖြင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အမည် - ဦးထွန်းကျော်

အသက် - ၃၄ နှစ်

ပညာအရည်အချင်း - B.Sc (Chem;)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်သူ့ရှေ့ဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ချမ်းအေးသာစံမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးထွန်းကျော်သည် ပါတီသစ် တစ်ခုဖြစ်သည့် ပြည်သူ့ရှေ့ဆောင်ပါတီ ကိုယ်စားပြု၍ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲ၌ ယင်းမဲဆန္ဒနယ်တွင် ပါတီငါးခု ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး NLD ပါတီက အနိုင်ရရှိထားသည်။ လူငယ်ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် ဦးထွန်းကျော် အနေဖြင့် ရွေးကောက်ပွဲကြွေးကြော်သံသည် အလုပ်ရှင်အလုပ်သမားနှင့် အစိုးရများကြား ချိတ်ဆက် ဆောင်ရွက်ထားသော ဥပဒေ၊ နည်းဥပဒေများနှင့် မူဝါဒများကို ခေတ်နှင့်လျော်ညီစွာ ပြန်လည်သုံးသပ်ပြီး လုပ်ငန်းရှင်များ၏ အခက်အခဲများနှင့် အလုပ်သမားလူထု၏ အခွင့်အရေး၊ ရပိုင်ခွင့်များအတွက် အထူးအလေးထား ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ကြွေးကြော်ထားသည်။

အမည် - ဦးကျော်စိုးလင်း

အသက် - ၄၂ နှစ်

ပညာအရည်အချင်း - LL.B , D.B.L

လူမျိုး/ဘာသာ - ဗမာ/ဗုဒ္ဓ

ကိုယ်စားပြုပါတီ - NLD

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ပြည်ကြီးတံခွန်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဦးကျော်စိုးလင်းသည် လက်ရှိ ပြည်ကြီးတံခွန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည်။ ၎င်းသည် မန္တလေးတိုင်း NLD ပါတီ တောင်သူလယ်သမားရေးရာကော်မတီတွင် ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။ လက်ရှိအချိန်တွင် NLD ပါတီ ဗဟိုကော််မတီဝင်၊ ဗဟို ဥပဒေအထာက်အကူပြုဖွဲ့ဝင်နှင့် ပြည်ကြီးတံခွန်မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင်လည်း ဖြစ်သည်။ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီနှင့် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီတို့တွင် အတွင်းရေးမှူးတာဝန် ထမ်းဆောင်ပြီး ၎င်းအနေဖြင့် လက်ရှိ ရွေးကောက်ပွဲ၌ အနိုင်ရရှိရန် အလားအလာကောင်းများ ရှိနေသူတစ်ဦး ဖြစ်သည်။

အမည် - ဒေါက်တာလှမိုး

အသက် - ၅၂ နှစ်

ပညာအရည်အချင်း - Ph.D

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - NLD

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - အောင်မြေသာစံမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဒေါက်တာလှမိုးသည် လက်ရှိ အောင်မြေသာစံမြို့နယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။ လွှတ်တော်အတွင်း လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စိစစ်ရေးကော်မတီဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်လျက် ရှိသည်။ ပြည်သူ့လွှတ်တော် အစည်းအဝေးများ ပြုလုပ်စဉ်အချိန်တွင်လည်း ဒေါက်တာလှမိုးအနေဖြင့် ပညာရေးနှင့် ပတ်သက်သည့် ကိစ္စများကို အဓိကထား ဆွေးနွေးခဲ့သူ ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်၌ ပါတီကိုးခု ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သော်လည်း ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ အနိုင်ရရှိထားသူ ဒေါက်တာလှမိုး အနေဖြင့် ထပ်မံအနိုင်ရရှိရန် ထင်ကြေးပေးခံရသူ တစ်ဦးဖြစ်သည်။

အမည် - ဦးပါပါလွင်

အသက် - ၅၆ နှစ်

ပညာအရည်အချင်း - B.A စိတ်ပညာ

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်သူ့ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ပုသိမ်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဦးပါပါလွင်သည် ရှစ်လေးလုံး မျိုးဆက်အများစုဖြင့် တည်ထောင်ထားသည့် ပြည်သူ့ပါတီ ကိုယ်စားပြု၍ ဝင်ရောက် ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲ၌ ယင်းမဲဆန္ဒနယ်တွင် အမျိုးသားတိုးတက်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ တစညပါတီ၊ NLD ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီတို့ ယှဉ်ပြိုင်ခဲ့ပြီး NLD ပါတီက မဲအပြတ်အသတ် အနိုင်ရရှိထားသည့် မဲဆန္ဒနယ် ဖြစ်သည်။ ထို့ကြောင့် ဦးပါပါလွင်အနေဖြင့် လက်ရှိကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီနှင့် အဓိကထား ယှဉ်ပြိုင်ရနိုင်သည်ဟု သုံးသပ်ရသည်။

အမည် - ဦးညွန့်ဆောင်

အသက် - ၆၅ နှစ်

ပညာအရည်အချင်း - သိပ္ပံဘွဲ့(စစ်တက္ကသိုလ်)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်ခိုင်ဖြိုး

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ရမည်းသင်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဦးညွန့်ဆောင်သည် ရမည်သင်းမြို့နယ် ပြည်သူ့လွှတ်တော် နေရာအတွက် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်ပြု ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ၎င်းသည် စစ်မှုထမ်းဟောင်း အရာရှိတစ်ဦးဖြစ်ပြီး ဒုတိယဗိုလ်မှူးကြီး၊ ဒုတိယညွှန်ကြားရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ကာ အငြိမ်းစားယူထားသူလည်း ဖြစ်သည်။ ရမည်းသင်းမဲဆန္ဒနယ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိပြီး ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိခဲ့သော်လည်း ကန့်ကွက်ခံရသဖြင့် ဒုတိယမဲများသည့် NLD ပါတီကို အနိုင်ပေးခဲ့သည့် မဲဆန္ဒနယ် ဖြစ်သည်။ ယခုရွေးကောက်ပွဲတွင် ဦးညွန့်ဆောင်အနေဖြင့် NLD ၊ UBP နှင့် တစညပါတီတို့နှင့် ယှဉ်ပြိုင်ရမည်။

အမည် - ဒေါက်တာမောင်သင်း

အသက် - ၆၅ နှစ်

ပညာအရည်အချင်း - B.Sc (Bot), M.Sc, Ph.D (Germany)

လူမျိုး/ဘာသာ - ဗမာ/ဗုဒ္ဓ

ကိုယ်စားပြုပါတီ - USDP

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဒေါက်တာမောင်သင်းသည် လက်ရှိ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သည်။ ၎င်း၏ ရွေးကောက်ပွဲကြွေးကြော်သံသည် ပြည်ခိုင်ဖြိုးပါတီ ဗဟိုဌာနချုပ်မှ ချမှတ်ထားသော ကတိကဝတ် ၁၁ ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ၏ လိုအပ်ချက်များကို အားကြိုးမာန်တက် လုပ်ကိုင်ဆောင်ရွက်ပေးမည်ဟု ကြွေးကြော်ထားသည်။၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်၌ ပါတီ သုံးခုသာ ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ ယှဉ်ပြိုင်မှု ပြင်းထန်နိုင်သည်။

အမည်  - ဦးသောင်းအေး

အသက် - ၆၃ နှစ်

ပညာအရည်အချင်း - မဟာဝိဇ္ဇာဘွဲ့ (ကာကွယ်ရေးပညာ)၊ သိပ္ပံဘွဲ့ (စစ်တက္ကသိုလ်)

လူမျိုး/ဘာသာ  - ဗမာ/ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်ခိုင်ဖြိုးပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးသောင်းအေးသည် လက်ရှိ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။ ၎င်းသည် တပ်မတော်အရာရှိကြီး အငြိမ်းစားတစ်ဦးဖြစ်ပြီး ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌတာဝန်နှင့် နိုင်ငံရေးနှင့် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သူဖြစ်သည်။ ပျော်ဘွယ်မဲဆန္ဒနယ်သည် ၂၀၁၀ ခုနှစ်နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများတွင် ပြည်ခိုင်ဖြိုးပါတီက  နှစ်ကြိမ်ဆက်တိုက် အနိုင်ရရှိထားသည့် နေရာဖြစ်ပြီး ယခုရွေးကောက်ပွဲတွင်လည်း ဦးသောင်းအေးအနေဖြင့် ထပ်မံအနိုင်ရရှိမည်ဟု ယုံကြည်ချက် အပြည့်ရှိနေသည်ဟု ဆိုနိုင်သည်။  NLD ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီအကြား ပြိုင်ဆိုင်မှု ပြင်းထန်မည့် မဲဆန္ဒနယ် ဖြစ်သည်။

အမည်   - ဦးသန်းစိုးအောင်

အသက်          - ၅၄ နှစ်

ပညာအရည်အချင်း - A.G.T (Mechanical) စိတ်ပညာ(ဒုတိယနှစ်)

လူမျိုး/ဘာသာ -          ဗမာ/ဗုဒ္ဓ

ကိုယ်စားပြုပါတီ - NLD

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်   

 ဦးသန်းစိုးအောင်သည် လက်ရှိ ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။ ၎င်းသည် အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှစ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ (မြို့နယ်အလုပ်အမှုဆောင်) အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ယင်းမဲဆန္ဒနယ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနိုင်ရရှိထားသည့် မဲဆန္ဒနယ် ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ဦးသန်းစိုးအောင် အနေဖြင့် ပြည်ခိုင်ဖြိုးပါတီ အပါအဝင် ပါတီ ခြောက်ခုနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ 

အမည်  - ဦးစိန်ဝင်း

အသက်          - ၆၃ နှစ်

ပညာအရည်အချင်း - စိုက်ပျိုးရေးဘွဲ့ (B.Ag) ၁၉၈၀

လူမျိုး/ဘာသာ -          ဗမာ / ဗုဒ္ဓ

ကိုယ်စားပြုပါတီ - မျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ (NUD)

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်  

ဦးစိန်ဝင်းသည်  ၂၀၁၂ ကြားဖြတ်နှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ ကိုယ်စားပြု၍ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်နေရာကို အနိုင်ရရှိကာ လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။ သို့သော် NLD ပါတီက ၎င်းကို ပါတီဝင်အဖြစ် ထုတ်ပယ်ခဲ့သဖြင့် အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီ (NUD) ပါတီကို ထူထောင်ခဲ့ပြီး ယခုရွေးကောက်ပွဲတွင် ယင်းပါတီကိုယ်စားပြု ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ ၎င်းသည် လယ်/ဆည်ဝန်ကြီးဌာန၊ စိုက်/မွေးဌာနတွင် ဒုတိယကြီးကြပ်ရေးမှူးတာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ထို့ပြင် တောင်သူလယ်သမား အသိပညာပေးလုပ်ငန်း ၁၀ နှစ်ကျော် ဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။

အမည်  - ဦးရည်မွန် (ခ) မောင်တင်သစ်

အသက်          - ၅၃ နှစ်

ပညာအရည်အချင်း - တတိယနှစ် (MBBS) (၁၉၄၈-၁၉၈၈)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - NLD

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဦးရည်မွန် (ခ) မောင်တင်သစ်သည် လက်ရှိ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။ ၎င်းသည် ပိတောက်ပွင့်သစ်မဂ္ဂဇင်းတွင် တာဝန်ခံအယ်ဒီတာ၊ မြန်မာသစ်မဂ္ဂဇင်းနှင့် ပန်သစ္စာဂျာနယ်တွင် အယ်ဒီတာချုပ်အဖြစ် လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်သည်။ ထို့ပြင် ၎င်းသည် နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးဖြစ်ပြီး ၁၉၉၈ ခုနှစ်မှ -၂၀၀၅ ခုနှစ်များအတွင်း ၅ (ည)၊ ၁၇/၂၀ ပုဒ်မများဖြင့် မန္တလေးထောင်၊ မြောင်းမြထောင်များတွင် ခုနစ်နှစ်ကြာ အကျဉ်းကျခံခဲ့ရသူ ဖြစ်သည်။ ဦးရည်မွန်အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ ဦးဝေလွင်ကို မဲရလဒ် ၁၇၆ မဲဖြင့် ကပ်၍အနိုင်ရရှိခဲ့သဖြင့် ယခုရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ ဦးဝေလွင်နှင့်ပင် အဓိကယှဉ်ပြိုင်ရဖွယ် ရှိသည်။

အမည်  - ဦးဝေလွင်

အသက်          - ၆၅ နှစ်

ပညာအရည်အချင်း - M.A (Defence Studies)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်ခိုင်ဖြိုးပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဦးဝေလွင်သည် ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုအလုပ်အမှုဆောင် တစ်ဦးဖြစ်သည်။ ထို့ပြင် သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတာဝန် ထမ်းဆောင်ခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီး အငြိမ်းစားတစ်ဦးလည်း ဖြစ်သည်။ ပုဗ္ဗသီရိမဲဆန္ဒနယ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု၍ ဦးဝေလွင်က ယှဉ်ပြိုင်ခဲ့ရာတွင် NLD ပါတီ ကိုယ်စားလှယ်လောင်းကို  မဲရလဒ် ၁၇၆ မဲဖြင့် ကပ်၍ ရှုံးနိမ့်ခဲ့သည့်နေရာဖြစ်သဖြင့် ယခုရွေးကောက်ပွဲတွင် ဦးဝေလွင် အနေဖြင့် ပြိုင်ဘက် NLD ပါတီမှ လက်ရှိ လွှတ်တော်ကိုယ်စားလှယ် ဦးရည်မွန် (ခ) မောင်တင်သစ်နှင့် အကြိတ်အနယ် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အမည်  -  ဒေါက်တာအောင်မျိုး

အသက်          - ၆၁ နှစ်

ပညာအရည်အချင်း -  ပါရဂူဘွဲ့(သမိုင်းအဓိက)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - တစ်သီးပုဂ္ဂလ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဒေါက်တာအောင်မျိုးသည် တပ်မတော်အရာရှိ အငြိမ်းစားတစ်ဦးအပြင် ညွှန်ကြားရေးမှူးချုပ် အငြိမ်းစားတစ်ဦးလည်း ဖြစ်သည်။ ၎င်းသည် နိုင်ငံရေးနယ်ပယ်တွင် လူသိများလာသူ တစ်ဦးဖြစ်ပြီး  နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးလည်းဖြစ်သည်။ ၎င်းအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေပြုပြင်ရေး၊ ဖွဲ့စည်းပုုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် တိုင်းပြည်နှင့် လူထုအတွက် အံမဝင်သော ဥပဒေများကို ဖျက်သိမ်းရေးတို့ကို ဆောင်ရွက်မည်ဟု ကြွေးကြော်ထားပြီး ဝန်ထမ်းအများစုရှိသည့် ဇမ္ဗူသီရိမြို့နယ်တွင် ပါဝင်ယှဉ်ပြိုင်ခြင်းက ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၏ ထောက်ခံမှုကို ရရှိရန် မျှော်လင့်ထားဟန် ရှိသည်။ ၎င်းအနေဖြင့် ပြည်ခိုင်ဖြိုးပါတီနှင့် NLD ပါတီတို့ကို အဓိက ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အမည်  - ဦးဝဏ္ဏမောင်လွင်

အသက်          - ၆၈  နှစ်

ပညာအရည်အချင်း - သိပ္ပံဘွဲ့(စစ်တက္ကသိုလ်)၊ ဂုဏ်ထူးဆောင်ပါရဂူ (နိုင်ငံရေးသိပ္ပံဘွဲ့)

လူမျိုး/ဘာသာ  - ဗမာ/ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်ခိုင်ဖြိုးပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးဝဏ္ဏမောင်လွင်သည် သမ္မတဦးသိန်းစိန်အစိုးရ လက်ထက် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၎င်းသည် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် တစ်ဦးလည်း ဖြစ်သည်။ ယင်းမဲဆန္ဒနယ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိပြီး ၂၀၁၂ ကြားဖြတ်နှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိထားသည့် မဲဆန္ဒနယ် ဖြစ်သည်။၂၀၂၀ ရွေးကောက်ပွဲတွင်  ဦးဝဏ္ဏမောင်လွင်အနေဖြင့် ယင်းမဲဆန္ဒနယ်၌ NLD ပါတီအပြင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါက်တာအောင်မျိုးနှင့်လည်း ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ကိုယ်စားလှယ်လောင်း ကိုးဦး ဝင်ရောက် ယှဉ်ပြိုင်သဖြင့် မဲကွဲမှုများ ရှိလာမည် ဖြစ်သည်။

အမည်  - ဦးဝင်းရှိန်

အသက်          - ၆၃ နှစ်

ပညာအရည်အချင်း - သိပ္ပံဘွဲ့ (စစ်တက္ကသိုလ်)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်ခိုင်ဖြိုးပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် 

ဦးဝင်းရှိန်သည် တပ်မတော် အငြိမ်းစားတစ်ဦးဖြစ်ပြီး သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ဥတ္တရသီရိ မဲဆန္ဒနယ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိပြီး ၂၀၁၂ ကြားဖြတ်နှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိခဲ့သည်။ ယခုရွေးကောက်ပွဲတွင်  ဦးဝင်းရှိန်အနေဖြင့် NLD ပါတီကို အဓိက ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ တစညပါတီနှင့် အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီတို့ကို ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အမည်  -  ဦးမြင့်လှိုင်

အသက်          - ၆၇ နှစ်

ပညာအရည်အချင်း - သိပ္ပံဘွဲ့(စစ်တက္ကသိုလ်)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်ခိုင်ဖြိုးပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဦးမြင့်လှိုင်သည် တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ဖြင့် အငြိမ်းစားယူထားသူ ဖြစ်သည်။ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ဦးမြင့်လှိုင်သည် ယင်းမဲဆန္ဒနယ်၌ပင် ယှဉ်ပြိုင်ခဲ့ပြီး NLD ပါတီကို ရှုံးနိမ့်ထားခြင်း ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်၌ အာဏာရပါတီ NLD ကို ဦးမြင့်လှိုင်အနေဖြင့် အဓိက ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီနှင့် တစညပါတီတို့ကိုလည်း ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အမည်  - ဦးသန်းဌေး

အသက်          - ၆၅ နှစ်

ပညာအရည်အချင်း - ၀ိဇ္ဇာဘွဲ့၊ မဟာဝိဇ္ဇာ(ကာကွယ်ရေးပညာ)

လူမျိုး  -          ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ -  ပြည်ခိုင်ဖြိုးပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

 ဦးသန်းဌေးသည်သည် ပြည်ခိုင်ဖြိုးပါတီ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။ ထို့ပြင် ဦးသန်းဌေးသည် သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်် ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။ ဇေယျသီရိမြို့နယ် မဲဆန္ဒနယ်သည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ဗိုလ်ချုပ်ကြီး (ငြိမ်း) သူရဦးရွှေမန်းက လည်းကောင်း၊ ၂၀၁၅  ခုနှစ် ရွေးကောက်ပွဲတွင် ဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးလှဌေးဝင်းက လည်းကောင်း ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ယှဉ်ပြိုင်အနိုင်ရရှိထားသည့်နေရာ ဖြစ်သည်။ ယင်းမဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးပါတီနှင့် အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကြား ပြိုင်ဆိုင်မှု ပြင်းထန်မည် ဖြစ်သည်။

အမည်  - ဦးလှိုင်ဌေး

အသက်          - ၅၆ နှစ်

ပညာအရည်အချင်း - သိပ္ပံဘွဲ့(သင်္ချာ)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်  

ဦးလှိုင်ဌေးသည် တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော် နေရာအတွက် ပါတီအသစ် တစ်ခုဖြစ်သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ၎င်းသည် ရဲမှုထမ်းဟောင်း တစ်ဦးဖြစ်ပြီး ဒုတိယရဲမှူးအဆင့်ဖြင့် အငြိမ်းစား ယူထားသူလည်း ဖြစ်သည်။ တပ်ကုန်း မဲဆန္ဒနယ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိထားသည့် မဲဆန္ဒနယ် ဖြစ်သည်။ ဦးလှိုင်ဌေးအနေဖြင့် ယင်းပါတီကြီး နှစ်ခုကို အဓိက ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အခြားပါတီများဖြစ်သည့် တစညပါတီ၊ ပြည်သူ့ပါတီ၊ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ နှင့် တစ်သီးပုဂ္ဂလများကို ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အမည်  -  ဒေါက်တာဇော်မင်းဦး

အသက်          -  ၄၆ နှစ်

ပညာအရည်အချင်း - M.B.B.S

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတ - ပြည်သူ့ရှေ့ဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် -  မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁)

ဒေါက်တာဇော်မင်းဦးသည် မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တာ် မဲဆန္ဒနယ်အမှတ် (၁) နေရာအတွက် ပါတီသစ် တစ်ခုဖြစ်သည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကိုယ်စားပြုယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ၎င်းသည် လူလတ်ပိုင်းအရွယ်ဖြစ်ပြီး လက်ရှိတွင် ဆရာဝန်အဖြစ် လုပ်ကိုင်နေသူလည်း ဖြစ်သည်။  ၂၀၁၅ ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်အမှတ် (၁) (ယခင် အမှတ်-၄) သည် NLD ပါတီက အနိုင်ရရှိခဲ့ပြီး ပါတီ လေးခု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မဲဆန္ဒနယ် ဖြစ်သည်။ ယခု ရွေးကောက်ပွဲတွင် ဒေါက်တာ ဇော်မင်းဦး အနေဖြင့် NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အမည်  - ဒေါက်တာဒေါ်ခင်စောနွဲ့

အသက်          - ၆၁ နှစ်

ပညာအရည်အချင်း - B.A(History), B.A(Hons), M.Phill, M.A, Ph.D ပါရဂူဘွဲ့

လူမျိုး/ဘာသာ  - ဗမာ/ ဗုဒ္ဓ

ကိုယ်စားပြုပါတီ - လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၃)

ဒေါက်တာ ဒေါ်ခင်စောနွဲ့သည် ရန်ကုန်အဝေးသင်တက္ကသိုလ်၊ သမိုင်းဌာန၏ ပါမောက္ခဌာနမှူးဖြစ်ပြီး လက်ရှိတွင် အငြိမ်းစားယူထားသူ ဖြစ်သည်။ ၎င်းအနေဖြင့် ဒူးလေးပါတီဟု လူသိများသည့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားပြု၍ စဉ့်ကူးမြို့နယ်၊ မိုးကုတ်မြို့နယ်၊ သပိတ်ကျင်းမြို့နယ်တို့ ပါဝင်သည့် အမျိုးသားလွှတ်တော်အမှတ်(၃) ယှဉ်ပြိုင်ခြင်းသည် မိုးကုတ်မြို့နယ်ရှိ လီဆူတိုင်းရင်းသားများ၏ ထောက်ခံမဲကို အဓိကထားခြင်း ဖြစ်နိုင်သည်။ ၎င်းအနေဖြင့် ယင်းမဲဆန္ဒနယ်အတွင်း NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ တအာင်း (ပလောင်) အမျိုးသားပါတီနှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အမည်  - ဦးသောင်းထွေး

အသက်          - ၄၃ နှစ်

ပညာအရည်အချင်း - Geography (Final Year)

လူမျိုး   - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၄)

ဦးသောင်းထွေးသည် မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၄) နေရာအတွက်  ပါတီအသစ် တစ်ခုဖြစ်သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်မည် ဖြစ်သည်။ ၎င်းသည် လူလတ်ပိုင်းတစ်ဦးဖြစ်ပြီး ကိုယ်ပိုင်နည်းပြသင်တန်းနှင့် အရောင်းအဝယ် လုပ်ကိုင်နေသူလည်း ဖြစ်သည်။ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသည် သူရဦးရွှေမန်း တည်ထောင်သည့်ပါတီ ဖြစ်သည့်အတွက် ယင်းပါတီ ကိုယ်စားပြုသည့် ဦးသောင်းထွေးကို ဒေသခံများကြား စိတ်ဝင်စားမှုရှိနိုင်သည် ယူဆရသည်။ ဦးသောင်းထွေးအနေဖြင့် ယင်းမဲဆန္ဒနယ်အတွင်း NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အမည်  - ဦးထွန်းထွန်းဦး

အသက်          - ၅၉ နှစ်

ပညာအရည်အချင်း - B.E (Electrical Power)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - NLD

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၅)

ဦးထွန်းထွန်းဦးသည် ၂၀၁၅ ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) နေရာကို  NLD ပါတီကိုယ်စားပြု ယှဉ်ပြိုင်အနိုင်ရရှိပြီး လက်ရှိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။ ၎င်းသည် မန္တလေးအရှေ့တောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ် လူငယ်တာဝန်ခံအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။ ယခုမဲဆန္ဒနယ် (၅) တွင် ၎င်းအနေဖြင့်  ပြည်ခိုင်ဖြိုးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီနှင့် အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီတို့ကို ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြစ်နေခြင်းက ၎င်းအတွက် ရွေးကောက်ပွဲတွင် အားသားချက် တစ်ခုဖြစ်သည်။

အမည်  - ပါမောက္ခဒေါက်တာသန်းဝင်း

အသက်          - ၆၇ နှစ်

ပညာအရည်အချင်း - M.B.B.S, MMedSc(OG), MRCOG, Dr.MedSc(OG), Dip Med Ed, FRCOG

လူမျိုး/ ဘာသာ - ဗမာ/ဗုဒ္ဓ

ကိုယ်စားပြုပါတီ - NLD

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၆)

ပါမောက္ခ ဒေါက်တာသန်းဝင်းသည် လက်ရှိ မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁) လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည်။ ၎င်းသည် ကျန်းမာရေးဝန်ကြီးဌာန လက်အောက်တွင် တာဝန်အသီးသီး ထမ်းဆောင်ခဲ့ပြီး ပါမောက္ခချုပ်ဖြင့် သက်ပြည့် အငြိမ်းစားယူကာ နန်းတော်ဆေးရုံ (မန္တလေး)တွင် ဆေးရုံအုပ်ကြီး လုပ်ကိုင်ခဲ့သူလည်း ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံ ဆရာဝန်အသင်း (ဗဟို) တွင် ဗဟိုဦးစီးအဖွဲ့ဝင်၊ လူရည်ချွန် (၁၉၆၄-၈၈) အဖွဲ့တွင် ဒုဥက္ကဋ္ဌ အဖြစ် ထမ်းဆောင်ခဲ့သည်။ ယခုရွေးကောက်ပွဲတွင် ၎င်းအနေဖြင့် ပြည်ခိုင်ဖြိုးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အမည်  - ဒေါ်မြဇာနည်

အသက်          - ၄၁ နှစ်

ပညာအရည်အချင်း -  B.A(BM) စီးပွားစီမံ

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၈)

ဒေါ်မြဇာနည်သည် မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၈) နေရာအတွက် ပါတီအသစ် တစ်ခုဖြစ်သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ကိုယ်စားပြု ယှဉ်ပြိင်မည့် ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ၎င်းသည် ကွန်ပျူတာ၊ မိတ္တူဆိုင်လုပ်ငန်း လုပ်ကိုင်နေသူလည်း ဖြစ်သည်။ မဲဆန္ဒနယ်အမှတ် (၈) သည် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် (၁၂) ဖြစ်ပြီး NLD ပါတီက အနိုင်ရရှိထားခဲ့သည့် မဲဆန္ဒနယ် ဖြစ်သည်။ ဒေါ်မြဇာနည်အနေဖြင့် ယခုရွေးကောက်ပွဲတွင်  NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့မှ ကိုယ်စားလှယ်လောင်းများနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အမည်  -  ဦးဇော်မှိုင်း

အသက်          -  ၃၆ နှစ်

ပညာအရည်အချင်း -LL.B (ဥပဒေဘွဲ့)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်သူ့ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မန္တလေးတိုင်းဒေသကြီးအမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၁)

 ဦးဇော်မှိုင်းသည် မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁၁) နေရာအတွက် ပါတီအသစ် တစ်ခုဖြစ်သည့် ပြည်သူ့ပါတီကိုယ်စားပြု ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ပြည်သူ့ပါတီသည် နိုင်ငံရေးဖြတ်သန်းမှု အားကောင်းသည့် ပုဂ္ဂိုလ်များထူထောင်သော ပါတီဖြစ်သည်။ ဦးဇော်မှိုင်းသည် ဥပဒေဘွဲ့ ရရှိသူဖြစ်ပြီး ဥပဒေပြုကဏ္ဍဖြစ်သည့် လွှတ်တော်အတွက် လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာပါက သင့်တော်သူဟု ဆိုနိုင်သည်။ ယခုရွေးကောက်ပွဲတွင် ဦးဇော်မှိုင်းအနေဖြင့်  NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီတို့ကို ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အမည်  - ဦးမောင်မောင်ဆွေ

အသက်          - ၄၉ နှစ်

ပညာအရည်အချင်း - B.A (History)

လူမျိုး - ရခိုင်

ကိုးကွယ်သည့်ဘာသာ   - ဗုဒ္ဓ

ကိုယ်စားပြုပါတီ -  NLD

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၂)

ဦးမောင်မောင်ဆွေသည်  လက်ရှိ မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၉) လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။ ၎င်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ် အမှတ် (၉) ၌ ပြည်ခိုင်ဖြိုးပါတီ၊ တစညပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များကို အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ဦးမောင်မောင်ဆွေသည် ကိုယ်ပိုင်ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိပြီး အမေ့ရိပ်သွေးလှူရှင်အသင်း (နေပြည်တော်) ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက် ရှိသူလည်း ဖြစ်သည်။ ၎င်းအနေဖြင့် ၂၀၂၀ ရွေးကောက်တွင် ယင်းမဲဆန္ဒနယ်၌ ပြည်ခိုင်ဖြိုးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီတို့ကို ယှဉ်ပြိုင်ရမည် ဖြစ်သည်။

Most Read

Most Recent