ရွေးကောက်ပွဲအလွန် စစ်ရေး၊ နိုင်ငံရေး အခြေအနေများကြောင့် ပေါ်ပေါက်လာမည့် ရခိုင့်စီးပွားရေး အခက်အခဲများအတွက် ကြိုတင်အစီအစဉ်များ ရေးဆွဲပြင်ဆင် ထားသင့်ကြောင်း ရခိုင်တစ်မျိုးသားလုံးစည်းလုံးညီညွတ်ရေးကော်မတီ ထုတ်ပြန်

ရွေးကောက်ပွဲအလွန် စစ်ရေး၊ နိုင်ငံရေး အခြေအနေများကြောင့် ပေါ်ပေါက်လာမည့် ရခိုင့်စီးပွားရေး အခက်အခဲများအတွက် ကြိုတင်အစီအစဉ်များ ရေးဆွဲပြင်ဆင် ထားသင့်ကြောင်း ရခိုင်တစ်မျိုးသားလုံးစည်းလုံးညီညွတ်ရေးကော်မတီ ထုတ်ပြန်
Published 3 November 2020

ရွေးကောက်ပွဲအလွန် စစ်ရေး၊ နိုင်ငံရေး အခြေအနေများကြောင့် ပေါ်ပေါက်လာမည့် ရခိုင့်စီးပွားရေး အခက်အခဲများအတွက် ရခိုင်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်  ကြိုတင်အစီအစဉ်များကို ရေးဆွဲပြင်ဆင် ထားသင့်ကြောင်း ရခိုင်တစ်မျိုးသားလုံးစည်းလုံးညီညွတ်ရေးကော်မတီက နိုဝင်ဘာ ၂ ရက်တွင် ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင်  ရွေးကောက်ပွဲအလွန် ကာလတွင် ရခိုင်ပြည်နယ်အတွင်း စစ်ရေး၊ နိုင်ငံရေး အခြေအနေအခက်အခဲများသည် စီးပွားရေးကိုပါ ပိုမိုထိခိုက် သက်ရောက်လာလိမ့်မည်ဟု ရခိုင်တစ်မျိုးသားလုံးစည်းလုံးညီညွတ်ရေးကော်မတီက ရှုမြင်ကြောင်းနှင့် အဓိက လက်ကားကုန်စည် စီးဆင်းမှုများသည် မကြာသေးမီ လများအတွင်း အချိန်နှောင့်နှေး ကြန့်ကြာမှုများနှင့်အတူ လူသုံးကုန်၊ လယ်ယာသုံးကုန်နှင့် စားသောက်ကုန်တချို့မှာ ကန့်သတ်ခံလာရသည်ကို တွေ့မြင်ရကြောင်း ဖော်ပြထားသည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၏ ဒီမိုကရေစီ နှင့် ဥပဒေအရတရားဝင်မှု (Legitimacy) စံနှုန်းမမီသော ရွေးကောက်ပွဲရလဒ်များဖြင့် ပေါ်ပေါ်ပေါက်လာမည့် လွှတ်တော်နှင့် အစိုးရကြား၊ ရခိုင်လူထုနှင့် လွှတ်တော်၊ အစိုးရတို့ကြား သဟဇာတမဖြစ်နိုင်သည့် တင်းမာမှုများ မပေါ်ပေါက်နိုင်ဟု မပြောနိုင်သည့် အခင်းအကျင်းတစ်ရပ် ဖြစ်ပေါ်လာနိုင်သည်ဟု ကော်မတီက သုံးသပ်ထားပြီး ရခိုင်ပြည်အနေဖြင့် စီးပွားရေး အပါအဝင် အထွေထွေအကျပ်အတည်းများ ဖြစ်ပေါ်လာနိုင်သည့် အလားအလာကို မြင်တွေ့နေရကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အဆိုပါ ထုတ်ပြန်ချက်ထဲ၌ စစ်တွေမြို့ အပါအဝင် အခြားခရိုင်မြို့ကြီးများမှ လက်ကားစီးပွားရေးအုပ်စုများနှင့် စားသုံးကုန်၊ လူသုံးကုန်၊ လယ်ယာသွင်းအားစု လုပ်ငန်းရှင်၊ ဆန်စပါးလုပ်ငန်း၊ ဆန်စက်လုပ်ငန်း၊ ရေလုပ်ငန်း၊ မွေးမြူရေးနှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း စသည့် စီးပွားရေးအဝိုင်းအဝန်းမှ ပုဂ္ဂိုလ်များအနေဖြင့် လူသုံးကုန်စည် လက်ကားစီးဆင်း ရောင်းဝယ်မှုဝင်/ထွက် လမ်းကြောင်းများ၊ စိုက်ပျိုးထုတ်လုပ်ရေးနှင့် စျေးကွက်တင်ပို့ရေး လမ်းကြောင်းများ၊  ငါး၊ ပုစွန်မွေးမြူရေး ဖမ်းဆီးထုတ်လုပ်ရေးနှင့် စျေးကွက်တင်ပို့ရေး လုပ်ငန်းများ၊ ရခိုင်ပြည်အတွင်း စိုက်ပျိုးနိုင်သော စားသုံးသီးနှံ စိုက်ပျိုးထုတ်လုပ်ရေး၊ ဖြန့်ဖြူးရေးလုပ်ငန်းများ၊ ဆန်စပါး၊ ဆီထွက်သီးနှံ၊ စိုက်ပျိုးရေး၊ စုဆောင်းရေး၊ စျေးကွက်တင်ပို့ရေး၊ ဖြန့်ဖြူးရေးလုပ်ငန်း လမ်းကြောင်းများ စသည့် ကဏ္ဍငါးရပ်သည် မလွဲမသွေ အခက်အခဲကြုံတွေ့လာရမည့် အခြေအနေများ ပေါ်ပေါက်လာနိုင်သည်ဟု ရှုမြင်သုံးသပ်ကြောင်း ဖော်ပြထားသည်။

 စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရခိုင်အမျိုးသား စီးပွားရေး၊ လူမှုရေး အခက်အခဲများကို စွမ်းအားရှိသမျှ ဖြေရှင်းရပ်ခံနိုင်ရန် ဆွေးနွေးတိုင်ပင်၍ ကြိုတင်အစီစဉ်များ ရေးဆွဲချမှတ်ထားသင့်ကြောင်း ရခိုင်တစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေးကော်မတီက တိုက်တွန်းနှိုးဆော်ထားသည်။

Most Read

Most Recent