နေပြည်တော်ကောင်စီ ဥတ္တရသီရိခရိုင် ဇေယျာသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမောင်မောင်သည် NLD ပါတီ ဝန်းရံအားပေးသူဖြစ်၍ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ကြပ်မတ်စိစစ်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ (ဇမ္ဗူသီရိမြို့နယ်) သို့အောက်တိုဘာ ၃၁ ရက်က တိုင်ကြားစာပေးပို့ခဲ့ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနင့် ဖွံ့ဖြိုးရေးပါတီက နိုဝင်ဘာ ၁ ရက်တွင် ထုတ်ပြန်သည်။
ဇေယျာသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမောင်မောင်သည် NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ၏ NLD ပါတီ လှုပ် ရှားမှုတွင် ပါဝင်ခဲ့သူဖြစ်ကြောင်းကို ဓာတ်မှတ်တမ်းဓာတ်ပုံများ ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့ကြောင့် ဇေယျာသီရိမြို့နယ်တွင် ရွေးကောက်ပွဲယှဉ်ပြိုင်သော ပြိုင်ဘက်ပါတီများမှ မြို့နယ်ကော်မရှင် ဥက္ကဋ္ဌအပေါ် ယုံကြည်မှု အားနည်းသည်ကို တွေ့ရှိသဖြင့် ကြပ်မတ်စိစစ်ပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ (ဇမ္ဗူသီရိမြို့နယ်) ကို တိုင်ကြားစာပေးပို့ပြီး ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ အသိပေး တင်ပြထားကြောင်း ပြည်ခိုင်ဖြိုးပါတီက နိုဝင်ဘာ ၁ ရက်တွင် ထုတ်ပြန်သည့် သတင်းလွှာ၌ ဖော်ပြထားသည်။
ကော်မရှင် အဖွဲ့ခွဲ တာဝန်မထမ်းဆောင်မီ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD မဲဆွယ်ပွဲအချို့တွင် လိုက်ပါ ဝန်းရံမှု ရှိခဲ့သော်လည်း ကော်မရှင်တာဝန်ထမ်းဆောင်ပြီးနောက် မည်သည့် ပါတီကိုမှ ဆက်သွယ်ခြင်း၊ ဝန်းရံခြင်း မရှိဟု ဇေယျာသီရိ မြို့နယ် ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောကြားသည်။
“ကျွန်တော်ကတော့ ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်းပဲ။ ကျွန်တော့် အနေနဲ့ ကော်မရှင် သက်တမ်း ခန့်တဲ့ အချိန်အတွင်းမှာ ဘယ်နိုင်ငံရေးပါတီနဲ့မှ ဆက်သွယ်တာ မရှိဘူး။ ဆက်ဆံတာ မရှိဘူး။ ကော်မရှင် လုပ်ငန်းနဲ့ ပက်သက်တာပဲ ရုံးထိုင်တယ်။ အိမ်ပြန်တယ်။ ဒီလောက်ပဲ” ဟု ဦးမောင်မောင်က ပြောကြားသည်။
၄င်းအနေဖြင့် ဇေယျာသီရိမြို့နယ် ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ တာဝန်ကို ၂၀၁၈ခုနှစ် နိုဝင်ဘာလတွင် စတင်ထမ်းဆောင်သည်ဟု ဆိုသည်။
ကော်မရှင် တာဝန်ဖြင့် ယာဉ်တန်းများ မဲဆွယ်လှည့်လည်ရာတွင် မှတ်တမ်း ရရှိရေးအတွက် မည်သည့် စည်းရုံးရေးမဆို ဓာတ်ပုံ မှတ်တမ်းရိုက်ယူမှုသာရှိသည်ဟု ဦးမောင်မောင်က ပြောကြားသည်။
“ကျွန်တော်က ကောင်စီခေတ်တည်းက ဘယ်ပါတီမှ မဝင်ခဲ့ဘူး။ ဘာပါတီဝင် အမှတ်မှလည်း မရှိ ဘူး။ ရိုးရိုးသားသားပဲ နေတယ်။ ဘယ်ကို ဘယ်ကို ဝန်းရံတာ မရံတာကတော့ ဒါ ကျွန်တော့်ရဲ့ စိတ်ထဲမှာ နှလုံးသားထဲ ရှိတဲ့ ကိုယ်ပိုင် ခံစားချက်လေနော်။ ဒါ ကျွန်တော်ခံစားချက်ပါ” ဟု ဦးမောင်မောင်က ပြောကြားသည်။
ဇေယျာသီရိမြို့နယ် ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌကို ကြပ်မတ် စိစစ်ပေးရန် တင်ပြထားမှုအပေါ် မသိရှိကြောင်း ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်စိုးဝင်းက ပြောကြားသည်။
“အဲဒါ မသိဘူး။ ကျွန်တော်တို့ဆီလည်း အဲဒါ တင်ထားတာ မရှိပါဘူး။ ဘယ်လို မှတ်ချက်ပေးရမဲ ကျွန် တော်တို့မှ အဲဒါ မသိသေးတာ” ဟု ဦးအောင်စိုးဝင်းက ပြောကြားသည်။