ချန်ပီယံလိဂ်ပြိုင်ပွဲနေရာတွင် အစားထိုးကျင်းပရန် ကြိုးပမ်းနေသည့် ဥရောပစူပါလိဂ်ပြိုင်ပွဲအစီအစဉ်ကို ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ဥက္ကဋ္ဌ ဆယ်ဖာရင်က ကန့်ကွက်ခဲ့ပြီး ကမ္ဘာပေါ်တွင် ပျင်းစရာအကောင်းဆုံး စီမံကိန်းတစ်ခု ဖြစ်လာလိမ့်မည်ဟု သုံးသပ်ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်း ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်သွားပြီဖြစ်သည့် ဘာတိုမူက ဥရောပထိပ်တန်းကလပ်များဖြင့် သီးသန့်ကျင်းပမည့် ဥရောပ စူပါလိဂ်ပြိုင်ပွဲအတွက် အဆိုပြုမှုကို မိမိတို့ ပါဝင်သဘောတူထားကြောင်း ထုတ်ဖော်ပြောဆိုပြီးနောက် ဝေဖန်မှုများစွာ ထွက်ပေါ်လာခြင်းဖြစ်သည်။

ဥရောပစူပါလိဂ်ကျင်းပမည့် အစီအစဉ်ကို ထောက်ခံသူများအား လာလီဂါပြိုင်ပွဲဥက္ကဋ္ဌ ဟာဗီယာတီဘက်စ်က ဝေဖန်ပြစ်တင်ထားသလို UEFA ဥက္ကဋ္ဌ ဆယ်ဖာရင်ကလည်း အီတလီအခြေစိုက် Corriere dello Sport နှင့် Tuttosport သတင်းစာ တို့ ပူးပေါင်းတင်ဆက်သည့် Sport Lab အစီအစဉ်တွင် ယင်းပြိုင်ပွဲနှင့် ပတ်သက်၍ အီတလီမီဒီယာများကိုပါ ဝေဖန်ခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့နဲ့ လိဂ်ပြိုင်ပွဲတွေကြားမှာ ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုရှိပါတယ်။ ဒီအခြေအနေမှာ အပြုသဘောဆောင်တဲ့အရာက တွေ့ဆုံဆွေးနွေးရေးနဲ့ စည်းလုံးညီညွတ်ရေးပဲ ဖြစ်ပါတယ်။ စူပါလိဂ်လို့ခေါ်တဲ့ ပြိုင်ပွဲကျင်းပဖို့ ကလပ်အသင်းတချို့နဲ့ အီတလီမီဒီယာတချို့က ကြိုးပမ်းနေကြတာပါ။ ဒါက ကျွန်တော်တို့ရဲ့ အဆိုပြုမှု မဟုတ်ပါဘူး။ ဒါဟာ ကမ္ဘာပေါ်မှာ ပျင်းစရာအကောင်းဆုံး စီမံကိန်းတွေထဲက တစ်ခုဖြစ်လာပါလိမ့်မယ်။ ကလပ်အသင်း နှစ်သင်း၊ သုံးသင်းလောက်က ဒီအကြောင်းကိုပြောနေကြတာပါ။ သူတို့က တခြားအသင်းတွေထက်ပိုပြီး ထိုက်တန်မှုရှိတယ်လို့ ထင်နေကြတယ်။ အသင်းနည်းနည်းလေးနဲ့ ယှဉ်ပြိုင်တဲ့အခါ သူတို့က စူပါလိဂ်မှာ ဆုတွေရနိုင်တယ်လို့ ယုံကြည်နေကြတာပါ။ ဒီအကြောင်းကို အလေးအနက်ဆွေးနွေးနေမှာ မဟုတ်ပါဘူး။ ဒီလိုစိတ်ကူးမျိုးက ဘောလုံးလောကကို သတ်ပစ်လိုက်လိမ့်မယ်။ ကျွန်တော့်အနေနဲ့ စူပါလိဂ်ကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ပါတယ်။ စူပါချန်ပီယံဆိုတာကို အီတလီမီဒီယာတွေက အဓိကဖန်တီးနေကြတာပါ" ဟု ဆယ်ဖာရင်က ပြောကြားခဲ့သည်။















