အန်ဖီးလ်မှာ နိုင်ပွဲရဖို့ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရတဲ့ လီဗာပူးလ်

အန်ဖီးလ်မှာ နိုင်ပွဲရဖို့ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရတဲ့ လီဗာပူးလ်
Photos: Team Twitter
Photos: Team Twitter
Published 1 November 2020

အဓိကနောက်ခံလူ ဗန်ဒိုက်၊ ဖာဘင်ညိုတို့ ဒဏ်ရာရသွားလို့ ခံစစ်ပိုင်းအားနည်းမှုတွေရှိနေတဲ့ လက်ရှိချန်ပီယံလီဗာပူးလ်အသင်းအတွက် နောက်ထပ်ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပြီး ယိုတာရဲ့နောက်ကျသွင်းဂိုးကြောင့်သာ အိမ်ကွင်းမှာ ဝက်စ်ဟမ်းအသင်းကို (၂-၁)ဂိုးနဲ့အနိုင်ရခဲ့တာပါ။ 

ဝုလ်ဗ်၊ လက်စတာတို့ကိုနိုင်၊ စပါး၊ မန်စီးတီးတို့ကို ဆက်တိုက်သရေကစားထားတဲ့ ဝက်စ်ဟမ်းအသင်းရဲ့မာကျောတဲ့တုံ့ပြန်မှုတွေက အိမ်ရှင်လီဗာပူးလ်အသင်းကို အခက်တွေ့စေခဲ့ပါတယ်။

လီဗာပူးလ်နည်းပြကလော့ပ်အနေနဲ့ ပရီးမီးယားလိဂ်သရဖူကို ကာကွယ်ဖို့ဆိုရင် ဒီရာသီမှာ (၆)ပွဲအထိဂိုးပေးထားရတဲ့ ခံစစ်ပိုင်းကိုပြင်ဆင်ဖို့လိုနေပြီး ဗန်ဒိုက်ဒဏ်ရာရခဲ့တာကလည်း ပိုပြီးဖိအားများစေပါလိမ့်မယ်။

ဒါ့အပြင် ဆာလာ၊ မာနေ၊ ဖေမီနိုတို့ရဲ့ တိုက်စစ်အတွဲကလည်း ဒီရာသီမှာ ထင်တိုင်းမပေါက်ဖြစ်နေပြီး တစ်ဦးနဲ့တစ်ဦးကြား နားလည်မှုပိုင်းမှာ လိုအပ်ချက်တွေရှိနေတာကိုတွေ့ရပါတယ်။

ဒါပေမဲ့ ပရီးမီးယားလိဂ် (၆၃)ပွဲဆက်ရှုံးပွဲမရှိထားတဲ့ အန်ဖီးလ်ကွင်းရဲ့မှတ်တမ်းကောင်းကို ဒီပွဲမှာလည်း အနိုင်ရလဒ်နဲ့အတူ လီဗာပူးလ်အသင်းဆက်ထိန်းနိုင်ခဲ့တာက ကျေနပ်စရာလို့ဆိုရပါလိမ့်မယ်။

ပွဲအစ (၁၀)မိနစ်မှာပဲ ဖော်နယ်လ်က ဝက်စ်ဟမ်းအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့လို့ လီဗာပူးလ်အသင်း စောစောစီးစီးပဲဖိအားဝင်ခဲ့ပါတယ်။

ဦးဆောင်ဂိုးရပြီးချိန်မှာ ယုံကြည်မှုမြင့်လာတဲ့ ဝက်စ်ဟမ်းအသင်း ကစားပုံပိုကောင်းလာခဲ့လို့ လီဗာပူးလ်အသင်းချေပဂိုးရဖို့အခက်တွေ့ခဲ့ပြီး ပွဲရဲ့အရှိန်ကလည်း ပိုမြင့်လာခဲ့ပါတယ်။

လီဗာပူးလ်အသင်းကံကောင်းသွားခဲ့တာက ပထမပိုင်းပြီးခါနီးမှာ ပွဲချိန် (၄၂)မိနစ်မှာ ပယ်နယ်တီရရှိခဲ့တာဖြစ်ပြီး ဒီပယ်နယ်တီကို ဆာလာက ချေပဂိုးအဖြစ်ပြောင်းလဲပေးခဲ့ပါတယ်။

ပထမပိုင်းမှာ (၁-၁)ဂိုးနဲ့ပြီးဆုံးခဲ့ပြီး နှစ်သင်းစလုံးဂိုးတွေထပ်ရဖို့ကြိုးစားလာတဲ့ ဒုတိယပိုင်းကတော့ ပိုပြီးအကြိတ်အနယ်ရှိခဲ့ပါတယ်။

လီဗာပူးလ်က ယိုတာ၊ ရှာကီရီတို့ကိုထည့်သွင်းပြီး တိုက်စစ်ပိုင်းအပြောင်းအလဲလုပ်ပြီးနောက်မှာတော့ ကစားပုံပိုသွက်လာခဲ့တာတွေ့ရပြီး ဝက်စ်ဟမ်းအသင်းဘက်ကို ဆက်တိုက်ဖိအားပေးနိုင်ခဲ့ပါတယ်။

ပွဲချိန် (၇၉)မိနစ်မှာ လီဗာပူးလ်အသင်းအတွက် အနိုင်ဂိုးကိုယိုတာသွင်းယူခဲ့ပေမယ့် အသင်းဖော်တိုက်စစ်မှူးမာနေ ပြိုင်ဘက်ဂိုးသမား ဖာဘီယန်စကီးကို ကစားပုံကြမ်းခဲ့လို့ VAR နဲ့ ပြန်လည်ကြည့်ရှုခဲ့ပြီး ဂိုးအဖြစ်မှပယ်ဖျက်ခဲ့ပါတယ်။

ပြိုင်ဘက်ကို ဖိအားပေးကစားနေတဲ့ လီဗာပူးလ်အသင်းပွဲချိန် (၈၅)မိနစ်မှာတော့ အဖိုးတန်အနိုင်ဂိုးကိုရရှိခဲ့ပြီး ရှာကီရီရဲ့ အကွက်မြင်တဲ့ပေးပို့မှုကနေ ယိုတာအကောင်းဆုံးအဆုံးသတ်သွင်းယူပေးခဲ့တာပါ။

လက်ကျန်မိနစ်မှာ ဝက်စ်ဟမ်းအသင်းချေပဂိုးရဖို့ကြိုးစားခဲ့ပေမယ့် လီဗာပူးလ်အသင်းကပဲအနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့လို့ ပွဲအပြီးမှာ (၂-၁)ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

Most Read

Most Recent