မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင်ကျင်းပရန် စီစဉ်ထားရာ ရှစ်ရက်ခန့်သာ လိုတော့သည်။ ယခုအချိန်အထိ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု ဖြစ်ပေါ်ရန် အခြေအနေများ မရှိကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်းက တညီတညွတ်တည်း ဝေဖန်ထားကြသည်။ ပြည်တွင်းမီဒီယာများ အနေဖြင့် တရားစွဲဆိုခံရမည့်အရေးကို စိုးရိမ်နေရသောကြောင့် Self-censorship ပြုလုပ်နေရချိန်တွင် နိုင်ငံတကာ မီဒီယာများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ယခုကဲ့သို့ ဝေဖန်ခဲ့ကြခြင်း ဖြစ်သည်။ ယင်းတို့အနက် မြန်မာနိုင်ငံ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဝေဖန်ရေးသား ပြောဆိုခဲ့မှုအချို့ကို ကောက်နုတ်တင်ပြ အပ်ပါသည်။
ဒီမိုကရေစီစံနှုန်းများ
(Myanmar’s Elections Won’t Be Free Fair by Andrew Nachemson – Foreign Policy)
ရွေးကောက်ပွဲ ကော်မရှင်သည် တိုက်ပွဲများ အဖြစ်များနေသော ရခိုင်ပြည်နယ်ရှိ ၁၇ မြို့နယ်အနက် ကိုးမြို့နယ်ကို ရွေးကောက်ပွဲများ ပြုလုပ်ရန် မဖြစ်နိုင်တော့ကြောင်း ထုတ်ပြန်ခဲ့ပြီး ကျန် ၁၇ မြို့နယ်သည် အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ၏ အမာခံနယ်မြေများ ဖြစ်နေသောကြောင့် အခြားသော ဒီမိုကရက်တစ်စံနှုန်းများ ချိုးဖောက်မှုထက် ယခုလို ရွေးကောက်ပွဲ မကျင်းပနိုင်သည့်မြို့နယ်များ သတ်မှတ်လိုက်ခြင်းက ပို၍ဆိုးရွားနေပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနိုင်ရရေးကို ရှေးရှုလုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဦးစွာထောက်ပြသည်။
ယင်းနောက် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲမတိုင်မီကာလတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသည် ဘင်္ဂါလီ (ရိုဟင်ဂျာ) မွတ်စလင်လူနည်းစုကို မဲပေးခွင့်နှင့် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို ပိတ်ဆို့ခြင်းကို လည်းကောင်း၊ အတိုက်အခံပါတီများ၏ ပြောကြားချက်များအား ဆင်ဆာ ဖြတ်တောက်မှုများကို လည်းကောင်း၊ အစိုးရကို ဆန့်ကျင်ရေးသား ပြောဆိုနေသော ဝက်ဘ်ဆိုက်များ ပိတ်ပင်ခြင်းကို လည်းကောင်း၊ မြန်မာနိုင်ငံတွင်းရှိ အကြီးမားဆုံးသော ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့ဖြစ်သည့် PACE အား ပိတ်ပင်မှုကို လည်းကောင်း ပြုလုပ်ခဲ့ကြောင်း ဆက်လက် ရေးသားခဲ့သည်။ (PACE ကို နောက်ပိုင်းတွင် ပြန်လည်ခွင့်ပြုခဲ့သော်လည်း မဲဆန္ဒရှင်စာရင်းများတွင် နာမည်မှားယွင်းမှု၊ သေဆုံးသူများ ပါဝင်နေမှု အစရှိသော မှားယွင်းမှုများ ရှိနေသည်ဆိုသော ဝေဖန်ချက်များ ထွက်ပေါ်နေသော မဲစာရင်းများကို လေ့လာစုံစမ်းမှုများပြုရန် အချိန်မရတော့ဟု ဆိုသည်)။
၎င်းအပြင် COVID-19 ထပ်မံဖြစ်ပွားနေသော မြန်မာနိုင်ငံတွင် နိုင်ငံအနှံ့တွင် (အထူးသဖြင့် ရခိုင်ပြည်နယ်နှင့် ရန်ကုန်မြို့တော်တို့တွင်) မဲဆွယ်စည်းရုံးရေးများကို တားမြစ်ကန့်သတ်မှုများ ပြုလုပ်ခဲ့ကြောင်းနှင့် အတိုက်အခံ နိုင်ငံရေးပါတီများက ရွေးကောက်ပွဲရက် ရွှေ့ဆိုင်းရန် တောင်းဆိုချက်များမှာ အရာမထင်ခဲ့ကြောင်း ဆက်လက်ဝေဖန်ခဲ့သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနေဖြင့် ဒီမိုကရေစီရေးအတွက် ဦးဆောင်နေသော ပါတီတစ်ခု ဖြစ်ကြောင်းကို ပြသရန် ပျက်ကွက်နေပြီး ရွေးကောက်ပွဲသည် ဒီမိုကရက်တစ်စံနှုန်းနှင့် ကိုက်ညီမှုမရှိနိုင်သော အနေအထား ရှိနေကြောင်း ပြင်းထန်စွာ ဝေဖန်ခဲ့သည်။ နိုင်ငံရေး အသွင်ကူးပြောင်းရေး အစိတ်အပိုင်း တစ်ခုဖြစ်သော ဒီမိုကရေစီအတွက် အရေးပါသော ဒီမိုကရက်တစ် စံနှုန်းများကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်တိုင် ကျူးလွန်နေသည်ကို တွေ့မြင်နိုင်သည်ဟု ဆိုထားသည်။
၎င်းအပြင် တစ်ပါတီ အာဏာရှင်စနစ်များကို စိတ်ရှည်ရန် ပြောကြားမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အနီးအနားရှိ ကမ္ဘောဒီးယားနိုင်ငံမှ ဝန်ကြီးချုပ် ဟွန်ဆန်အပေါ် စိတ်ရှည်ကြပါဟု ပြောကြားနေပုံနှင့် နှိုင်းယှဉ်ပြခဲ့သည်။ ဒီမိုကရက်တစ် အသွင်ကူးပြောင်းရေးအတွက် စိတ်ရှည်ဖို့ ပြောကြားနေရင်းနှင့် ဟွန်ဆန် အာဏာရခဲ့သည်မှာ ၃၆ နှစ် ကြာမြင့်ခဲ့ပြီဟု ဆိုသည်။
ကျန်းမာရေးဆိုင်ရာ အကျပ်အတည်း
(Tom Fawthrop: Myanmar’s High-Rish Election – The Diplomat)
COVID-19 ကူးစက်ပျံ့နှံ့မှု တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များ၊ အမိန့်များကြောင့် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများဖြစ်သည့် လူစုလူဝေးနှင့် စည်းရုံးရေးများလုပ်ခွင့် ပိတ်ပင်ထားခဲ့သကဲ့သို့ ခရီးသွားလာခွင့်များကိုပါ ကန့်သတ်ထားသည်။ စက်တင်ဘာလတွင် အတိုက်အခံနိုင်ငံရေးပါတီ ၂၄ ပါတီက ရွေးကောက်ပွဲ ရွှေ့ဆိုင်းရေးကို တောင်းဆိုခဲ့သော်လည်း ရွေးကောက်ပွဲကော်မရှင်က လက်မခံခဲ့ပေ။ မဲဆန္ဒရှင်အများစု၏ အဓိကဆန္ဒမှာ အသက်လုံခြုံရေးဖြစ်သည်။ ရွေးကောက်ပွဲ ကျင်းပချိန်တွင် COVID-19 ရောဂါ ကူးစက်မှုမှ ကင်းလွတ်ရန်ကိုသာ ဆန္ဒရှိနေကြသည်။
ယင်းနှင့်ပတ်သက်၍ ‘ကိုရိုနာဗိုင်းရပ်စ် ရောဂါ ဖြစ်ပွားမှု မြင့်တက်နေချိန်တွင် နိုဝင်ဘာလ၌ ရွေးကောက်ပွဲ ကျင်းပရန် သင့်လျော်ပါ၏လော’ ဟု ထောက်ပြထားသည်။ တစ်နေ့ ရောဂါကူးစက်သူ ၁,၀၀၀ မှ ၂,၀၀၀ ကြား ရှိနေခြင်းကြောင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ အသည်းအသန် ကြိုးပမ်းနေကြရပြီး မြန်မာပြည်၏ ကျန်းမာရေးစနစ်သည် စိုးရိမ်ဖွယ် အနေအထား ရောက်ရှိနေကြောင်း ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများက ပြောကြားလျက် ရှိသော်လည်း ရွေး ကောက်ပွဲရွှေ့ဆိုင်းရေး တောင်းဆိုမှုများကို ရွေးကောက်ပွဲကော်မရှင်က လက်မခံဟု ဆိုသည်။
အကယ်၍ ရွေးကောက်ပွဲရွှေ့ဆိုင်းလိုက်ရလျှင် တပ်မတော်က လိုလားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်လာမည်ကို အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီက စိုးရိမ်နေသည်ဟု ဆိုသည်။
ရွေးကောက်ပွဲ ရွှေ့ဆိုင်းရေးနှင့် ပတ်သက်သော တောင်းဆိုမှုများကို လက်မခံသော အာဏာရအစိုးရ အနေဖြင့် ရွေးကောက်ပွဲကို ကျင်းပရခြင်းမှာ ရောဂါကုသမှုဆိုင်ရာ အကောင်းဆုံး အကြံဉာဏ်များ ရှိနေသော ကြောင့်လော၊ သို့တည်းမဟုတ် နိုင်ငံရေး တွက်ချက်မှုများအပေါ် အခြေခံပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ အကျိုးစီးပွားအတွက်လော ဟူသည့် မေးခွန်း ထွက်ပေါ်နေသည်ဟု ဆိုသည်။
ရွေးကောက်ပွဲ မဲဆွယ်ရေးကိစ္စကိုသာ စိတ်ဝင်စားနေသည့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ဥက္ကဋ္ဌဖြစ်ရန် အကောင်းဆုံးပုဂ္ဂိုလ် ဖြစ်နိုင်ဖွယ် မရှိကြောင်း၊ အကယ်၍ ရွေးကောက်ပွဲကိုသာ ရွှေ့ဆိုင်းမှု မပြုလုပ်ခဲ့ပါက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသည် COVID-19 စွန်းထင်းထားသော၊ အလွန်အပြစ်အနာအဆာများသည့် ရွေးကောက်ပွဲကို အနိုင်ရရှိသူ အဖြစ်သာ ပေါ်ထွက်လာရန် သေချာသလောက် ရှိနေကြောင်းနှင့် အရေးပါသော လူထုပမာဏက ရွေးကောက်ပွဲရလဒ်များကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် လက်မခံပါက လူထုကို ကိုယ်စားပြုနိုင်ကြောင်း ခိုင်မာသည့် တရားဝင်မှုကိုလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ အနေဖြင့် ဆုံးရှုံးရနိုင်ကြောင်း ဝေဖန်ထားသည်။
၂၀၂၀ ရွေးကောက်ပွဲသည် COVID-19 ကြောင့် အငြင်းပွားဖွယ် အနေအထားများ ဖြစ်ပေါ်စေသကဲ့သို့ ဒီမိုကရေစီစံနှုန်းများကို ထိပါးစေသည့် လူ့အခွင့်အရေးနှင့် ပတ်သက်သော ကိစ္စများနှင့် မီဒီယာများအား ဆင်ဆာပိတ်ဆို့မှုများ ရှိနေကြောင်း စွပ်စွဲမှုများ ထွက်ပေါ်နေသည်ဟုလည်း ဆိုသည်။
ရွေးကောက်ပွဲနှင့် ဗိုင်းရပ်စ်
(Vote vs Virus by Larry Jagan – Bangkok Post)
မြန်မာနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဒုတိယလှိုင်းနှင့် ကြုံတွေ့နေရပြီး ဗိုင်းရပ်စ်ကူးစက်မှုနှုန်း လျော့ကျနိုင်သည့် အခြေအနေ မရှိသော်လည်း အထွေထွေ ရွေးကောက်ပွဲကို သတ်မှတ်ထားသည့် ရက်တွင် ကျင်းပနိုင်ရေး ဖိအားပေး လုပ်ဆောင်နေသည်ဟု အောက်တိုဘာ ၅ ရက်ကတည်းက ရေးသားခဲ့သည်။
မြန်မာနိုင်ငံတစ်ဝန်း၌ ကပ်ရောဂါ ပျံ့နှံ့ရောက်ရှိနေသော်လည်း မဲပေးရာတွင် ထိရောက်သော စီမံခန့်ခွဲမှုများ လုပ်ဆောင်နိုင်မည့် အခြေအနေနှင့် ယုံကြည်စိတ်ချရမှု အခြေအနေအပေါ် သိသာထင်ရှားသည့် မေးခွန်းများစွာ ထွက်ပေါ်နေသည် ဟုဆိုသည်။
နိုင်ငံ၏ နေရာအများစုတွင် မဲဆွယ်စည်းရုံး လှုပ်ရှားမှုများကို ရပ်တန့်ထားရပြီး အသွားအလာ ကန့်သတ်ချက်များကြောင့် သတင်းမီဒီယာများသည် ရွေးကောက်ပွဲ သတင်းများကို ထိထိရောက်ရောက် သတင်းရယူနိုင်ခြင်း မရှိကြောင်း၊ ထို့ပြင် နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့် သူများသည်လည်း ထိထိရောက်ရောက် စောင့်ကြည့်လေ့လာနိုင်ခွင့် ငြင်းပယ်ခံရသည့်အပြင် ဒေသတွင်း လေ့လာစောင့်ကြည့် သူများသည်လည်း အပြင်းအထန် ဟန့်တားခံခဲ့ရကြောင်း ရေးသားခဲ့သည်။
အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကို အကြောင်းပြု၍ မျှတခြင်း မရှိဘဲ အမြတ်ထုတ်ရန် ရည်ရွယ်လုပ်ဆောင် နေသည်ဟု အတိုက်အခံ နိုင်ငံရေးပါတီအများစုက မကျေမနပ် ပြောဆိုခဲ့ကြသည် ဟုဆိုသည်။
အဓိပြဿနာကြီးများ
(Nehginpao Kipgen : Can Aung San Suu Kyi’s NLD Win again despite not delivering many of its promises? – Channel News Asia)
ယခုရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ၏ စိတ်ထဲ၌ အဓိပြဿနာကြီး လေးရပ်ရှိနေပြီး ယင်းတို့မှာ ဘင်္ဂါလီ မွတ်စလင် ပြဿနာ၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် စီးပွားရေး တို့ဖြစ်ကြောင်း ထောက်ပြထားသည်။
ဘင်္ဂါလီ မွတ်စလင် ပြဿနာ - မြန်မာနိုင်ငံသည် ဘင်္ဂါလီ မွတ်စလင်အရေးနှင့် ပတ်သက်၍ နိုင်ငံတကာ တရားရုံး (ICJ)၊ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) တို့၏ စစ်ဆေးမှုခံနေရချိန်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနေဖြင့် ယခုရွေးကောက်ပွဲ ကာလတွင် နိုင်ငံတကာပုံရိပ် ကောင်းမွန်လာစေရန် ပြုပြင်လုပ်ဆောင်နိုင်မည့် အခွင့်အလမ်းများ ရှိနေသော်လည်း မွတ်စလင် အမတ်လောင်းများကို ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခွင့် မပြုခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မွတ်စလင် ကိုယ်စားလှယ်လောင်းများကို အရည်အချင်း မပြည့်မီဟု အကြောင်းပြပြီး ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့ကြောင်း ထောက်ပြထားသည်။
ငြိမ်းချမ်းရေး ဖော်ဆောင်မှု -၂၀၁၆ ခုနှစ် တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အာဏာရရှိခဲ့ပြီး အစိုးရအဖွဲ့က ဦးစားပေး လုပ်ဆောင်မည့် ကိစ္စရပ်များထဲတွင် လက်နက်ကိုင် အဖွဲ့များနှင့် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် NCA လက်မှတ်ရေးထိုးနိုင်ရေး ပါဝင်သော်လည်း မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ကိုသာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်လက်မှတ် ရေးထိုးနိုင်စေခဲ့ကြောင်းနှင့် အစိုးရနှင့် တပ်မတော်က တိုင်းရင်းသား လက်နက်ကိုင်အားလုံး တစ်ပေါင်းတစ်စည်းတည်း ဖြစ်သွားမည်ကို မလိုလားကြောင်း ဝေဖန်ထားသည်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေး - ယင်းလုပ်ငန်းစဉ်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဦးစားပေး လုပ်ဆောင်မည့် လုပ်ငန်းတစ်ခုဖြစ်သည်။ နိုင်ငံရေးတွင် တပ်မတော်၏ အခန်းကဏ္ဍ လျှော့ချရေး၊ အရေးပေါ် အခြေအနေကာလတွင် ကာကွယ်ရေး ဦးစီးချုပ်၏လက်ထဲ အာဏာအပ်နှင်းမှု ပယ်ဖျက်ရေး၊ နိုင်ငံခြားသားတစ်ဦးနှင့် လက်ထပ်ထားသူ သို့မဟုတ် သားသမီးရှိသူ သမ္မတ မဖြစ်စေရေးဟူသော ဥပဒေ ဖျက်သိမ်းရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်းနှင့် တပ်မတော်သား ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား လွှတ်တော်အမတ်များ၊ အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအမတ်များက မတ်လတွင် ပုဒ်မ ၂၆၁ (ခ) ကို ပြင်ဆင်ရန် အဆိုတင်သွင်းခဲ့ကြပြီး ပြင်ဆင်နိုင်ပါက ပြည်နယ်နှင့် တိုင်း လွှတ်တော်ကိုယ်စားလှယ်များက တိုင်းနှင့် ပြည်နယ်ရှိ ဝန်ကြီးချုပ်များကို ရွေးချယ်ခန့်အပ်နိုင်ခွင့်ရှိမည် ဖြစ်သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များက ပုဒ်မ ၂၆၁ (ခ) ပြင်ဆင်ရေးကို မထောက်ခံခဲ့ကြောင်း ဖော်ပြခဲ့သည်။
စီးပွားရေး - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အာဏာရသည့် ၂၀၁၆ ခုနှစ်နောက်ပိုင်းတွင် စီးပွားရေး တိုးတက်မှု အရှိန်လျော့သွားပြီး ဤသို့ဖြစ်ရသည်မှာ စီးပွားရေးအမြင်နှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဗျူဟာများ မနိုင်မနင်း ဖြစ်ခြင်းကြောင့် ဖြစ်ကြောင်း၊ နိုင်ငံခြား လုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် လုံခြုံစိတ်ချရသော သက်သောင့်သက်သာ အခြေအနေတစ်ရပ် မဖန်တီးနိုင်ခဲ့ကြောင်းနှင့် အစိုးရအနေဖြင့် ပြည်တွင်းနှင့် ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမှုရှိသော ပွင့်လင်းမြင်သာသော မူဝါဒနှင့် မဟာဗျူဟာများကို အစိုးရက ချမှတ်မှသာလျှင် ပြောင်းလဲမှုတစ်ရပ် ပေါ်ပေါက်လာမည် ဖြစ်ကြောင်း ထောက်ပြထားသည်။
လူနည်းစု နေထိုင်ရာဒေသများ - ယခုနှစ် ရွေးကောက်ပွဲသည် ၂၀၁၅ ရွေးကောက်ပွဲနှင့် မတူဘဲ တိုင်းရင်းသားများသည် တပ်ပေါင်းစုအသွင် ညီညွတ်မှုယူပြီး ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မှုများ ပြုလုပ်လာကြမည်ဖြစ်ရာ အနိုင်ရပါက အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်များတွင် အမတ်များ ဖြစ်လာရန် လမ်းပွင့်သွားပြီဖြစ်ကြောင်း၊ သို့သော် ရခိုင်၊ ကချင်၊ ရှမ်း၊ ကရင်နှင့် ပြည်နယ်အချို့မှ နေရာများတွင် မဲပေးမှုများ ပယ်ဖျက်ခဲ့ခြင်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သဖြင့် တိုင်းရင်းသားပါတီများ၏ ကြိုးပမ်းအားထုတ်မှုများကို ထိခိုက်စေခဲ့ကြောင်း ဝေဖန်ထားသည်။
အမေရိကန်က ဖိအားပေး
အမေရိကန်ကလည်း မြန်မာရွေးကောက်ပွဲကို အားလုံးပါဝင် အကျုံးဝင်သော ရွေးကောက်ပွဲအဖြစ် ဆောင်ရွက်ပေးရန် မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အောက်တိုဘာ ၂၇ ရက်တွင် ဖိအားပေး တိုက်တွန်းခဲ့သည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ တတိယအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်သော ဒေးဗစ်ဟေးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဖုန်းဆက်စကားပြောခဲ့ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီ တိုးတက်ဖြစ်ထွန်းရေးကို ထောက်ခံအားပေးကြောင်း ပြောကြားခဲ့ပြီး နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲကို ပွင့်လင်းမြင်သာသော၊ ယုံကြည်စိတ်ချရသော၊ အားလုံးအကျုံးဝင်သော ရွေးကောက်ပွဲဖြစ်ရန် တောင်းဆိုကြောင်း ပြောကြားခဲ့သည်။
မြန်မာရွေးကောက်ပွဲတွင် မဲပေးခွင့် ရုပ်သိမ်းခံထားရသူ နှစ်သန်းနီးပါးရှိပြီး အများစုသည် နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံထားရသော ဘင်္ဂါလီ မွတ်စလင်များ ဖြစ်ကြသည်။ ရွေးကောက်ပွဲ အာဏာပိုင်များသည် လုံခြုံရေး အကြောင်းပြချက်နှင့် လူနည်းစု တိုင်းရင်းသားဒေသ အများအပြား၌ ရွေးကောက်ပွဲ ကျင်းပမည် မဟုတ်ဟု ကြေညာထားသည်။
ကုလသမဂ္ဂ
ရွေးကောက်ပွဲ အလွန်နီးကပ်လာချိန် အောက်တိုဘာ ၂၇ ရက်တွင် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အေဂျင်စီဖြစ်သော OHCHR ၏ ထိပ်သီးပြောရေးဆိုခွင့်ရှိသူက ဘင်္ဂါလီမွတ်စလင် အသိုင်းအဝိုင်းနှင့် ရခိုင်တိုင်းရင်းသားများ အပါအဝင် လူနည်းစု အဖွဲ့အစည်းများသည် အချိုးအစား မမျှတစွာ ထိခိုက်ခဲ့ရကြောင်း ဂျီနီဗာတွင် ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ရွေးကောက်ပွဲတွေဟာ အရေးကြီးတဲ့ သမိုင်းမှတ်တိုင်အဖြစ် ကိုယ်စားပြုနေချိန်မှာ လွတ်လပ်စွာ ထင်မြင်ချက်ပေးခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့ လွတ်လပ်စွာ သတင်းအချက်တွေ ရရှိပိုင်ခွင့်တွေကို ထိန်းချုပ်ကန့်သတ်ထားမှု၊ ခွဲခြားဆက်ဆံမှုတွေ ဖြစ်နေနိုင်တဲ့ ဘာသာစကား အသုံးပြုမှု၊ ရန်လိုမှုနဲ့ ဆူပူမှုတွေကြောင့် အကျည်းတန်စေခဲ့ပါတယ်” ဟု OHCHR ၏ ပြောရေးဆိုခွင့်ရှိသူ ရာဗင်နာရှမ်ဒါဆာနီက ပြောကြားခဲ့သည်။
ထို့ပြင် အစိုးရနှင့် စစ်ဘက်ခေါင်းဆောင်များသည် ၎င်းတို့နှင့် မူဝါဒများနှင့် လုပ်ဆောင်ချက်များအပေါ် ဝေဖန်မှုများ သို့မဟုတ် ဆန့်ကျင်သည့် အမြင်များကို သည်းခံခြင်း မရှိမှုကိုလည်း စိုးရိမ်မိကြောင်း ၎င်းက ပြောကြားခဲ့သည်။
လွန်ခဲ့သည့် နှစ်လကျော် ကာလအတွင်း ဒါဇင်နှင့်ချီသည့် ကျောင်းသားတက်ကြွ လှုပ်ရှားသူများမှာ တရားစွဲဆိုခံခဲ့ရပြီး ၎င်းတို့အနက် လေးဦးမှာ ရခိုင်နှင့် ချင်းပြည်နယ်များတွင် မိုဘိုင်းအင်တာနက် ဝန်ဆောင်မှုများ ပြန်လည်ဖွင့်လှစ်ပေးရန်နှင့် ဖမ်းဆီးခံထားရသည့် ကျောင်းသားတက်ကြွ လှုပ်ရှားသူများကို ပြန်လည်လွှတ်ပေးရန် တောင်းဆိုခဲ့ပြီးနောက် မျိုးစုံသော ဥပဒေများအောက်တွင် ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခံခဲ့ရကြောင်း ကုလသမဂ္ဂ၏ သတင်းထုတ်ပြန်ချက်၌ ရေးသားထားသည်။
“အစိုးရအနေနဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်အရ တရားရေးအရ အရေးယူခံနေရသူ အားလုံးကို စွဲဆိုထားတဲ့ စွဲချက်တွေကို ရုပ်သိမ်းပေးဖို့ ကျွန်မတို့ တိုက်တွန်းပါတယ်” ဟု မစ္စစ် ရှမ်ဒါဆာနီက ပြောကြားခဲ့သည်။
လူ့အခွင့်ရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ (HRW)
လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) ကလည်း မြန်မာရွေးကောက်ပွဲ ကော်မရှင်သည် နိုဝင်ဘာ ၈ ရွေးကောက်ပွဲတွင် တိုင်းရင်းသား လူနည်းစုများ နေထိုင်သည့် နေရာအများအပြားကို သက်ရောက်စေနိုင်သော အရေးကြီးသည့် ဆုံးဖြတ်ချက်များကို ပွင့်လင်းမြင်သာမှု မရှိဘဲ ဆောင်ရွက်နေကြောင်း အောက်တိုဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
ကချင်၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်း၊ ပဲခူးတို့ရှိ မဲဆန္ဒနယ်မြေများတွင် လုံခြုံရေး စိုးရိမ်မှုများကြောင့် ရွေးကောက်ပွဲများ ကျင်းပပြုလုပ်မည် မဟုတ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၆ ရက်တွင် ကြေညာခဲ့သည်။
ကော်မရှင်သည် ပွင့်လင်းမြင်သာမှု မရှိဘဲ ပြည်သူတို့၏ မဲပေးခွင့်ကို ထိခိုက်စေသော ဆုံးဖြတ်ချက်များကို ဆောင်ရွက်နေကြောင်း HRW ၏ အာရှဆိုင်ရာ ဒုတိယဒါရိုက်တာ ဖီးရောဘတ်ဆန်က ပြောကြားခဲ့သည်။ သက်ရောက်မှု ရှိခဲ့သော မြို့နယ်တစ်ခုချင်းစီနှင့် ပတ်သက်ပြီး ကော်မရှင်က ၎င်း၏ ဆုံးဖြတ်ချက်အတွက် အပြည့်အစုံ ရှင်းလင်းရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသည့် နယ်မြေများကို ဆုံးဖြတ်ရာတွင် နယ်မြေတစ်ခုချင်းစီအတွက် အခြေခံ အကြောင်းရင်းများကို ကော်မရှင်က ရှင်းရှင်းလင်းလင်း ပြောကြားသင့်သည်ဟု HRW က ပြောကြားခဲ့သည်။
ဒီမိုကရက်တစ်နည်းကျ ရွေးကောက်ပွဲတွင် ပြည်သူတို့၏ ပါဝင်ခွင့်ကို ထိန်းသိမ်းပေးနိုင်မည့် အဖြေကို ရှာရန်အတွက် ရွေးကောက်ပွဲ ကော်မရှင်သည် ထိုမဲဆန္ဒနယ်များမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများနှင့် တိုင်ပင်ဆွေးနွေးသင့်ကြောင်း HRW က ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် ပဋိပက္ခများ ကြီးမားနေသော လုံခြုံရေးအန္တရာယ်များ ရှိနေသော နယ်မြေများတွင် ရွေးကောက်ပွဲ ကျင်းပရန် ရှေ့ဆက်ဆောင်ရွက်ခဲ့ခြင်းက စိုးရိမ်စရာဖြစ်ကြောင်း HRW က ပြောကြားခဲ့သည်။
တန်းတူညီမျှမှု မရှိသည့် ရွေးကောက်ပွဲ
(Myanmar’s Elections Are Not a Level Playing Field by Saket Ambarkhane – East Asia Forum)
တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်သောကြောင့် မြန်မာရွေးကောက်ပွဲများသည် အပြည့်အဝ တရားမျှတမှု မရှိနိုင်သော်လည်း ၂၀၁၅ ခုနှစ်က အနည်းဆုံးအနေဖြင့် နိုင်ငံရေးပါတီများ လွတ်လပ်စွာ မဲဆွယ်မှု ပြုလုပ်နိုင်ခဲ့ပြီး ပြည်တွင်း ပြည်ပ လေ့လာရေး အဖွဲ့များအား စောင့်ကြည့်လေ့လာမှု ပြုလုပ်ရန် ခွင့်ပြုခဲ့သည်ဟု ရေးသားခဲ့သည်။
တန်းတူညီမျှမှုရှိသည့် ရွေးကောက်ပွဲ တစ်ရပ်သည် လွတ်လပ်၍ တရားမျှတပြီး ယုံကြည်ရကာ ပွင့်လင်းမြင်သာမှု ရှိရမည် ဖြစ်သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းများ အနေဖြင့် ယှဉ်ပြိုင်ရန် တန်းတူညီမျှသည့် အခွင့်အရေးများ ရရှိခြင်း မရှိကြောင်း ဝေဖန်ခဲ့သည်။ ကိုယ်စားလှယ် လောင်းများကို စက်တင်ဘာ ၈ ရက်တွင် စတင်မဲဆွယ်ခွင့် ပြုခဲ့သော်လည်း ယင်းမှာ ရွေးကောက်ပွဲ ကော်မရှင်က မဲဆွယ်ခြင်းနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုဆိုင်ရာ စည်းမျဉ်းများ ထုတ်ပြန်ပြီးနောက် တစ်ရက်အကြာတွင် ဖြစ်သည်ဟု ဆိုသည်။
၎င်းအပြင် ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၉ ရက်ကျမှ United Democratic Party (UDP) ကို ဖျက်သိမ်းခဲ့မှုကိုလည်း ထောက်ပြထားသည်။
၂၀၂၀ ပြည့်နှစ်တွင် မဲပေးသူအသစ် ငါးသန်းရှိလာမှု၊ များပြားပြီး အချက်အလက်မရှိသည့် ပြည်တွင်းနှင့် ပြည်ပရွှေ့ပြောင်း နေထိုင်သူများ ရှိနေမှုနှင့်အတူ မဲစာရင်းများ ပြုစုမှုနှင့် အဆင့်မြှင့်တင် မွမ်းမံမှုတို့သည် အဓိက စိန်ခေါ်မှုများ ဖြစ်သည်ဟု ဖော်ပြခဲ့သည်။ ၂၀၂၀ ပြည့်နှစ် မဲစာရင်းတွင် အမှားအယွင်းများ ရှိခဲ့သဖြင့် သက်ဆိုင်ရာ မဲဆန္ဒနယ်များတွင် မဲရလဒ်များ တရားဝင်ဖြစ်မှုကို လျော့ပါးစေနိုင်ကြောင်းလည်း ရေးသားခဲ့သည်။
နိုင်ငံတကာ လေကြောင်းလိုင်းများကိုလည်း မြန်မာနိုင်ငံသို့ ဝင်ရောက်မှုအား အောက်တိုဘာ ၃၀ ရက်အထိ တားမြစ်ခဲ့သဖြင့် နိုင်ငံတကာမှ လေ့လာစောင့်ကြည့်သူများအတွက် ရေရှည်လေ့လာရေး လုပ်ငန်းစဉ်များကို တားမြစ်ထားသကဲ့သို့ ဖြစ်ခဲ့ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) သည် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သည့် ပြည်တွင်းအဖွဲ့များတွင် အကြီးဆုံးအဖွဲ့ဖြစ်သည့် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) ၏ တရားဝင် အသိအမှတ်ပြုမှု လျှောက်ထားချက်ကို နိုင်ငံတကာ၏ ငွေကြေးထောက်ပံ့မှုကို လက်ခံရယူခဲ့သည်ဟု အကြောင်းပြကာ အစောပိုင်းတွင် ပယ်ချခဲ့ကြောင်းလည်း ဖော်ပြခဲ့သည်။ (သြဂုတ်လ ၂၂ ရက်တွင် PACE ကို အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ ရွေးကောက်ပွဲ အသိအမှတ်ပြုလွှာ ထုတ်ပေးရန် UEC က သဘောတူညီခဲ့သည်)။
နောက်ဆုံးအနေဖြင့် တစ်ချိန်က အာဏာရှင်စနစ်မှနေ၍ လူထုကြိုက်နှစ်သက်သည့် ဒီမိုကရေစီ အစိုးရသို့ ကူးပြောင်းသည်ဟု ကောင်းချီးပေးခံရသည့် မြန်မာနိုင်ငံတွင် ယခုအခါ ဒီမိုကရေစီ နောက်သို့ ပြန်ဆုတ်နေပြီဟု ပြင်းထန်စွာ ဝေဖန်ထားသည်။