မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းပြောင်းလဲလာမှုအရ ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများ ပူပေါင်းဆောင်ရွက်ခြင်း၊ ပြည်မတွင်လည်း ပါတီသစ်များ ထွက်ပေါ်လာခြင်းများရှိနေသည်။ ယင်းပါတီသစ်များအနက် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၊ ပြည်သူ့ပါတီ (PP) ၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) မှ လူငယ်ကိုယ်စားလှယ်လောင်းသုံးဦးနှင့် Eleven Broadcasting တို့ပြုလုပ်ခဲ့သော 2020 Election Talk show ၌ ၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ၎င်းတို့သုံးဦး ဆွေးနွေးမှုများမှ ဆွေးနွေးချက်အချို့ကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
■ ပြည်သူ့ပါတီ (PP) မှ ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုနေယံဦး
ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာ က NLD ပါတီ တောင်ပြိုကမ်းပြို နိုင်ဖို့လို တယ်။ ဘာကြောင့်လဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဖို့။ အာဏာရှင်စနစ်ကို ဆန့်ကျင်ဖို့ဆိုတော့။ တောင်ပြိုကမ်းပြို နိုင်ချင်တယ်လို့ပြောတာတော့ အပြစ်မမြင်ပါ ဘူး။ ကိုယ့်ပါတီ နိုင်ချင်တဲ့အတွက် ပြောတာပေါ့နော်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ Logic က လွဲတော့လွဲနေတယ်ဗျ။ လွဲတယ်ဆိုတာက ဒါဆိုရင် ကျန်တဲ့ပါတီတွေ က ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်တဲ့ ပါတီတွေ လားပေါ့။ ဥပမာအားဖြင့် ကျွန်တော်တို့ ပြည်သူ့ပါတီဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မှာ။ ကျွန်တော် တစ်ယောက်တည်းအနေ နဲ့ ပြောပြမယ်။ ကျွန်တော်သည် ဖွဲ့စည်းပုံအ ခြေခံဥပဒေကို ပြင်ဖို့မပြောနဲ့ ဖြစ်နိုင်ရင် အသစ်တောင် ပြန်ရေးချင်တာပေါ့နော်။ ဒေါ် အောင်ဆန်းစုကြည်ပြောသလိုဆိုရင် ကျန် တဲ့ပါတီတွေက အာဏာရှင်စနစ်ကို မဆန့် ကျင်တော့ဘဲ အာဏာရှင်နဲ့လက်တွဲပြီးတော့ လုပ်မှာလားပေါ့။ ဥပမာ ကျွန်တော်တို့ပါတီ ဆိုရင် ပြည်သူ့ပါတီကို ဦးဆောင်တည်ထောင် ခဲ့သူတွေက ၈၈ ကျောင်းသားခေါင်းဆောင် တွေ ဖြစ်တယ်။ သူတို့က ၁၉၈၈ တည်းကစပြီး တော့ ဒီမိုကရေစီအရေးနဲ့ အာဏာရှင်စနစ် ကို ဆန့်ကျင်ပြီးတော့ ထောင်ထဲမှာ နှစ်ပေါင်း များစွာ နေထိုင်ခဲ့တဲ့သူတွေပေ့ါနော်။ သူတို့ တွေ တည်ထောင်ထားတဲ့ ပါတီတွေဖြစ်တဲ့ အတွက် ကျွန်တော်တို့က ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ဖို့အဆင့်သင့်ပဲ။ အာဏာရှင် စနစ်ကို ဆန့်ကျင်ဖို့ အဆင်သင့်ပဲ။ အဲဒီတော့ ခုန ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့အချက် တွေက Logic အရတော့ မှားနေတယ်။
အဲဒီတုန်းက NLD ရဲ့ ကြွေးကြော်သံ ဖြစ်တဲ့ လူကိုမကြည့်နဲ့ ပါတီကိုကြည့်ပါဆို တာကို ကျွန်တော် ထောက်ခံပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီခေတ် နိုင်ငံရေးအခင်းအကျင်းအရ ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးကို သွားဖို့လိုတာကိုး။ အရပ်သား တစ်ပိုင်း အစိုးရကနေ အရပ်သားအစိုးရကို ရွေးကောက်ပွဲကနေ ကူးပြောင်းဖို့ လိုတာဖြစ် တဲ့အတွက် ၂၀၁၅ တုန်းကတော့ NLD ရဲ့ ကြွေးကြော်သံဖြစ်တဲ့ ပါတီကိုကြည့်ပါ၊ လူကို မကြည့်ပါနဲ့ဆိုတာကို လက်ခံခဲ့ပါတယ်။ ဒါကြောင့်လည်း NLD ကို မဲပေးခဲ့ပါတယ်။ သို့သော်လည်း ငါးနှစ်တာ ပြောင်းလဲသွားပြီ။ နိုင်ငံရေးဆိုတာ ရေသေမှ မဟုတ်တာ။ ငါးနှစ်တာအတွင်းမှာ နိုင်ငံရေးက ပြောင်းလဲနေပြီ ဖြစ်တဲ့အတွက် ဒီအချိန်မှာတော့ လူကိုမကြည့်နဲ့ ပါတီကိုကြည့်ပြီး မဲပေးပါဆိုတာက လက်ရှိ ကာလအနေအထားနဲ့တော့ သိပ်ပြီးတော့ မသင့်တော်တော့ဘူးလို့ မြင်ပါတယ်။
NLD က အမြဲတမ်း ပြောနေတာရှိတယ်။ စစ်အစိုးရ ဖျက်ခဲ့လို့ တိုင်းပြည်ကို အနှစ် ၅၀ လောက် ဖျက်ခဲ့တာဖြစ်တဲ့အတွက် တိုင်းပြည်ကပျက်နေပြီပေါ့နော်။ သူတို့ ငါးနှစ်အတွင်းတော့ ကုစားနိုင်မှာ မဟုတ်ဘူး။ အဲဒီတော့ သူတို့ အချိန်ပိုလိုတယ်။ အဲဒီတော့ သူတို့ကို ထပ်ပြီးမဲပေးပါလို့ ပြောတယ်။ အဲဒါကို ကျွန် တော် အတိုင်းအတာတစ်ခုအထိ လက်ခံပါတယ်။ ငါးနှစ်အတွင်းတော့ အစိုးရအဖွဲ့တစ်ဖွဲ့အနေနဲ့တော့ အများကြီးတော့ ပြောင်းလဲ နိုင်မှာတော့ မဟုတ်ဘူးပေါ့နော်။ အဲဒီတော့ NLD အစိုးရ ဆက်ဖြစ်ဦးမယ်ဆိုရင်လည်း ကျွန်တော် တစ်ယောက်တည်းအတွက်တော့ ပြဿနာမရှိဘူး။ ဆက်ဖြစ်လို့ရတယ်။ ဆက်ဖြစ်ပါ။ သို့သော် ပြဿနာရှိတာ လွှတ်တော်ကတော့ ဒီအတိုင်း ဆက်သွားလို့ မရတော့ဘူး။ လွှတ်တော်က လက်ညှိးထောင် ခေါင်းညိတ် ပုတ်သင်ညို လွှတ်တော်တော့ ဆက်ဖြစ်လို့ မရဘူး။ အားကောင်းတဲ့လွှတ်တော်၊ အစိုးရ အဖွဲ့ကို ထိန်းကျောင်းတဲ့ လွှတ်တော်ဖြစ်ဖို့ လိုပါတယ်။ အဲဒီလိုမျိုး လွှတ်တော်ဖြစ်လာဖို့ဆိုတော့ NLD အစိုးရ၊ NLD လွှတ်တော် ဆိုရင်တော့ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ဒါ ကြောင့် အတိုက်အခံလွှတ်တော်အမတ်တွေ၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားပါတီတွေကို လွှတ်တော်ထဲရောက်အောင် ပို့ပေးပါ။ ကျွန် တော်တို့ လွှတ်တော်ထဲကနေပြီးတော့ ကော် မတီတွေ၊ ကော်မရှင်တွေ အသက်ဝင်လာ အောင် လုပ်မယ်။ အစိုးရအဖွဲ့ကို အပြန်အ လှန် ထိန်းကျောင်းမယ်လို့ ပြောချင်ပါတယ်။ ဒါကြောင့် ပါတီသစ်တွေ၊ ပါတီသေးတွေ၊ တိုင်းရင်းသားပါတီတွေကို မဲပေးသင့်တယ်လို့ ထင်ပါတယ်။
အကျင့်ပျက် ခြစားမှုနဲ့ပတ်သက်တဲ့ ကိစ္စပေါ့နော်။ ကျွန်တော် လွှတ်တော်ထဲကနေ ငါးကြီးကြီးတွေ ဖမ်းပါမယ်။ ကျွန်တော်က ပြည်ထောင်စု ရာထူးဝန်အဖွဲ့ တက္ကသိုလ်အတု၊ ဘွဲ့အတုတွေနဲ့ လုပ်ခဲ့တဲ့ကိစ္စတွေနဲ့ သိန်း ၁၉၀၀ တန် အရှုပ်တော်ပုံကြီးကို ရအောင် ဖော်ခဲ့တယ်။ သူတို့ကို ဥပဒေကြောင်းအရ တာဝန်ခံလာအောင် ကျွန်တော် အများကြီး ဖိအားပေးနိုင်ခဲ့တယ်။ သာမန် ပြည်သူတစ်ယောက်အနေနဲ့တောင် ဒီလောက် လုပ်နိုင်ခဲ့ ရင် လွှတ်တော်ထဲမှာ လွှတ်တော်အမတ်တစ်ယောက်အနေနဲ့ ဒီထက်ပိုပြီး လုပ်နိုင်ဖို့လည်း ရှိပါတယ်။
■■■
■ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) မှ ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုဆက်ပိုင်ဦး
ဘယ်နိုင်ငံရေးစနစ်ကိုပဲ လေ့လာလေ့လာ လွှတ်တော်က အစိုးရကို ထိန်းကျောင်းတာပဲရှိတယ်။ ဒါပေမဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်အောက်မှာက အစိုးရက လွှတ်တော်ကို ထိန်းချုပ်သလိုမျိုးလေးတောင်မှ ဖြစ်လာတယ်လို့ ယူဆရတဲ့ အနေအထား မျိုးလေးတွေ တွေ့ရတယ်။ ဆိုတော့ ကျွန်တော်တို့ လွှတ်တော်ကြီးက အသက်မဝင်ဘူးလို့ ပြောလို့ရလာတယ်။ ကျွန်တော်တို့ လွှတ်တော်ကြီးက အလုပ်မလုပ်ဘူးလို့ ပြောလို့ ရလာတယ်။ ရှိပါတယ် တချို့တိုင်းရင်းသား အမတ်တွေရှိတယ်။ ပါတီက အမတ်တွေရှိ တယ်။ တကယ်ကြိုးစားကြတဲ့သူတွေ ရှိတယ်။ သို့သော်လည်း သူတို့လည်း လူနည်းစုလိုဖြစ် နေတော့ လွှတ်တော်ထဲမှာ ဘာမှလုပ်လို့မရဘူး။ ဆိုတော့ လွှတ်တော်ကြီးက ဒီအခြေခံ အလုပ်တွေဖြစ်တဲ့ အစိုးရကို ထိန်းကျောင်းတယ်။ ဥပဒေအသစ်ကိုမှ တိုင်းပြည်အတွက် တကယ်ကောင်းတဲ့ဟာ၊ အစိုးရရဲ့အမိန့်ကို မစောင့်ဘဲ ထုတ်ဖို့အတွက်တောင်မှ နှေးနေတယ်ဆိုရင် ကျွန်တော်တို့ ဘယ်လိုမျိုး တိုးတက်အောင် လုပ်ကြမလဲပေါ့နော်။ အဲဒါကြောင့်မို့ ပါတီသစ်တွေကို မဲပေးပါ။ မြန်မြန် တိုးတက်ချင်ရင် လွှတ်တော်ကို အသက်သွင်း ပါ။ လွှတ်တော်က အသက်ရှင်နေမယ်။ လွှတ် တော်က အသက်ပြင်းပြင်းရှူနေမယ်ဆိုရင် မြန်မြန်တိုးတက်ပါလိမ့်မယ်။ အဲဒါကြောင့် ပါတီသစ်တွေကို မဲပေး။ ပါတီသစ်တွေက မကျေနပ်တော့လို့ တိုးတက်သင့်သလောက် မတိုးတက်တော့လို့ ဝင်ရောက်ယှဉ်ပြိုင်ခြင်း၊ ဝင်ရောက် လုပ်ကိုင်ခြင်းဖြစ်တယ်ဆိုတာ တော့ ကျွန်တော် ပါတီသစ်တွေ အားလုံးဘက် ကနေ အာမခံရဲတယ်။
သူတို့တစ်ပါတီတည်းရှိမှ အာဏာရှင် စနစ်ကြီးကို တိုက်ခိုက်နိုင်မှာပါတို့။ ကျွန်တော် ပြောတာ ဘယ်အာဏာရှင်ကို တိုက်ခိုက်နေ တာလဲ။ နှစ်ဆက်ပြီးသွားပြီလေ။ ဘယ်သူလဲ အာဏာရှင်က သူတို့ကိုယ်တိုင်လား မေးစရာ တွေဖြစ်လာတယ်။ ဘယ်အာဏာရှင်ကို တိုက် ခိုက်မှာလဲ။ တိုင်းပြည်တိုးတက်အောင် လုပ်ရ မှာ မဟုတ်ဘူး။ တိုင်းပြည်ငြိမ်းချမ်းအောင် လုပ်ရမှာ မဟုတ်ဘူးလား။ တိုင်းရင်းသားတွေ ရဲ့ အခွင့်အရေးတွေကို ပြည်မက လူတွေနဲ့ တန်းတူဖြစ်အောင် လုပ်ရမယ့်အချိန်မဟုတ် ဘူးလား။ ဒါတွေလုပ်ရင် ငြိမ်းချမ်းရေး အော်တို မရဘူးလား၊ အဲဒီမေးခွန်းတွေဖြစ်လာတယ်။
■■■
■ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) မှ မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း မဆိုင်းနူးပန်
ကျွန်မတို့ တိုင်းရင်းသားတွေ ဘက်ကနေလည်း ၂၀၂၀ အခင်းအကျင်း ၊ ၂၀၁၅ အခင်း အကျင်းမှာ တိုင်းရင်းသားရဲ့ အခွင့်အရေးကို ဘယ်လိုမှ ရပ်တည်လို့မရတဲ့ အနေအထားမှာ ဆိုတော့ ကိုယ်ရဲ့အခွင့်အရေးတွေ၊ ပြည်နယ် အရေးကိစ္စနဲ့ပတ်သက်ပြီးမှ နောက်ကျကျန် ခဲ့တဲ့ကိစ္စတွေကို ကိုယ်ကိုယ်တိုင်လုပ်ရမယ်။ ကိုယ့်ခြေထောက်ပေါ်ရပ်ပြီးမှ လုပ်ရတော့မယ့် အနေအထားမှာ ရှိနေတဲ့အတွက်ကြောင့် ကျွန်မတို့ဘက်ကနေ အခုကတော့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်ကနေတော့ ငါးပြည်နယ် မဟာမိတ်အနေနဲ့ ဖွဲ့စည်းထားပြီး ရှိတယ်ပေါ့နော်။ ၂၀၂၀ ရွေးကောက်ပွဲအလွန်မှာတော့ ကျွန်မတို့ဘက်ကနေ ညွန့်ပေါင်း အစိုးရလုပ်မယ်ဆိုတဲ့ အနေအထားမှာ ရှိတယ်။ အဆင်သင့်ဖြစ်နေတဲ့ အပိုင်းတော့ ရှိတယ်။ ဆိုတော့ ကျွန်မတို့ ၃၁ ရာခိုင်နှုန်းဆိုတော့ ၂၀ ရာခိုင်နှုန်းလိုတယ်ပေါ့။ ဒီ ၂၀ ရာခိုင်နှုန်းက ပြည်ထောင်စုမှာ ဒီမိုကရေစီ အင်အားစုတွေနဲ့ ပူးပေါင်းပြီးမှ လုပ်ဆောင် သွားဖို့ ရှိမယ်။ တကယ်တမ်း ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို လိုချင်တဲ့အုပ်စုတွေ၊ ငြိမ်းချမ်းရေးကို တကယ်လိုလားတဲ့အဖွဲ့တွေ၊ တိုင်းရင်းသားအရေး တန်းတူညီမျှမှုကို အမှန်တကယ်မြတ်နိုးတဲ့အဖွဲ့တွေနဲ့ ကျွန်မတို့က လုပ်ဆောင်ရမယ်။ မြန်မာနိုင်ငံလို့ ဖြစ်တည်လာတာက တိုင်းရင်းသားတွေအတွက်ကြောင့် ဖြစ်တည်လာတာဖြစ်တယ်ပေါ့။ ပင်လုံကတိကဝတ်မှာ ပါပြီးသားအတိုင်း မြန်မာနိုင်ငံဆိုတာက တိုင်းရင်းသားပေါင်းစုံနဲ့ တည်ဆောက်ထားတဲ့ နိုင်ငံဖြစ်တဲ့အတွက်ကြောင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်တဲ့အခါမှာ အုပ်ချုပ်ရေးကို ဦးဆောင်တဲ့အခါမှာ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကို မေ့ဖျောက်ထား လို့မဖြစ်ဘူးဆိုတဲ့အရာကို သွားတွေ့ရတယ်။ အဓိက ကျွန်မတို့ပြောချင်တာက ပြည်နယ်အ လိုက်က ပြည်နယ်ပါတီတွေက အင်အားကြီးမှ ပြည်ထောင်စုမှာ တိုင်းရင်းသားတွေအတူ တကွ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားတွေ၊ ပြည်သူလူထုတွေ ပူးပေါင်းပြီးမှ မြန်မာနိုင်ငံရဲ့အရေးကို ဆောင်ရွက်ရမယ်။ ကိုယ့်ရဲ့ ပြည်နယ်အကျိုးစီးပွားအတွက်လည်း အတူတူဆောင်ရွက်ရမယ်လို့ မြင်တယ်။
မြန်မာတစ်နိုင်ငံလုံးမှာ ယှဉ်ပြိုင်တဲ့ ပါတီက ၉၀ ကျော်ရှိတဲ့အခါမှာ ဘယ်ပါတီကမှလည်း ၅၁ ရာခိုင်နှုန်းရဖို့ဆိုတဲ့ အခင်းအကျင်းမှာ တော်တော်လေး အခက်အခဲဖြစ် လိမ့်မယ်ပေါ့နော်။ ဆိုတော့ ကျန်မတို့ တိုင်းရင်းသားတွေက ဒီအခင်းအကျင်းအပေါ်မှာ တတိယအင်အားစုအနေနဲ့ ရပ်တည်ပြီးမှ အနာဂတ် ဖက်ဒရယ်နိုင်ငံ ရပ်တည်နိုင် အောင် ကြိုးစားပါမယ်။ ညွန့်ပေါင်းအစိုးရ ဆိုတာလည်း အနာဂတ် ဖက်ဒရယ်နိုင်ငံရဲ့ အနှစ်သာရတစ်ခုကို ကျွန်မတို့ ဖော်ဆောင် တာဖြစ်တယ်။ အတူတကွ တိုင်းပြည်ကို တည်ဆောက်တာဖြစ်တယ်ပေါ့နော်။
ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင် ပြောသွားတဲ့ စကားအရ တိုင်းရင်းသားတွေ အနေနဲ့ NLD ရဲ့ လက်အောက်ကနေ တိုင်းရင်းသားရဲ့အခွင့်အရေးကို တောင်းဆိုလို့ ရ တယ်တဲ့အရာ ကျွန်မတို့ တိုင်းရင်းသားတွေကို တစ်ဆင့်နိမ့်ပြီးမှ ပြောသလိုမျိုး ခံစားရတယ်။ တိုင်းရင်းသားဆိုတာက ဧည့်သည်မဟုတ်ဘူး။ ပင်လုံမှာပါတဲ့အတိုင်း ပြည်နယ်ရဲ့ ပိုင်ရှင်တွေဖြစ်တယ်။ နိုင်ငံရဲ့ ပိုင်ရှင်တွေဖြစ်တယ်။ နိုင်ငံကို အတူတကွ တည်ဆောက်ကြရအောင်ဆိုပြီးမှ ပင်လုံကတိကဝတ် ထားရှိထားတာဖြစ်တယ်။ တိုင်းရင်းသားဆိုတဲ့အရာကို တစ်ဆင့်နိမ့်ပြီးမှ ပြောဆိုတာမျိုးဆိုရင်တော့ အနာဂတ် ငြိမ်းချမ်းရေးတည်ဆောက်တဲ့ ဘက်မှာလည်း အများကြီး ထိခိုက်နစ်နာမှု၊ ဆုံးရှုံးနစ်နာမှုတွေ ဖြစ်လိမ့်မယ်လို့ မြင်တယ်။
ကျွန်မတို့က လူကိုလည်း ကြည့်စေချင်သလို၊ ပါတီကိုလည်း ကြည့်စေချင်တယ်။ လူ ပဲကောင်းပြီးမှ ပါတီမူဝါဒမကောင်းရင် ဘာမှ လုပ်နိုင်မှာမဟုတ်ဘူး။ ကိုယ့်ရဲ့ အရည်အချင်း တွေကို ပြသနိုင်မှာမဟုတ်ဘူး။ ပါတီကောင်း ပြီးမှ လူ မကောင်းဘူးဆိုရင်တော့ ရှေ့ကိုသွား ဖို့လည်း အရမ်းခက်ခဲမယ်။