ဘာစီလိုနာအသင်း၏ ဥက္ကဋ္ဌသစ်ဖြစ်လာရန် ရေပန်းစားနေသော ဗစ်တာဖောင့်က ၎င်း ဥက္ကဋ္ဌ ဖြစ်လာပါက နည်းပြဟောင်း ဂွါဒီယိုလာကို ဘာစီလိုနာအသင်းထံ ပြန်လည်ခေါ်ယူလိုသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းသည် ဥက္ကဋ္ဌ ဘာတိုမူ ရာထူးမှ နုတ်ထွက်သွားသည့်အတွက် ဥက္ကဋ္ဌရာထူး လစ်လပ်နေပြီး ဥက္ကဋ္ဌသစ်ရွေးကောက်ပွဲကို မူလက ၂၀၂၁ ခုနှစ်၊ မတ်လတွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း ယခုနှစ်မကုန်မီ ပြုလုပ်ဖွယ်ရှိနေကြောင်း သိရသည်။
ယင်းအတွက် ကတ်တလန်ဒေသခံ စီးပွားရေးသမား ဗစ်တာဖောင့်က ဥက္ကဋ္ဌသစ်ဖြစ်လာရန် ရေပန်းစားနေပြီး ၎င်းကလည်း ဥက္ကဋ္ဌဖြစ်လာပါက ပြုလုပ်လိုသည်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။

ဗစ်တာဖောင့်က "ကျွန်တော်တို့ ဘာစီလိုနာအသင်းက ယိုဟန်ခရိုက်ဖ်ရဲ့ ကစားဟန်နဲ့အတူ ပရိသတ်တွေရဲ့ အသိအမှတ်ပြုခံခဲ့ရတာပါ။ အဲဒီကစားဟန်နဲ့ ကျော်ကြားခဲ့တဲ့ ဂွါဒီယိုလာ၊ ဇာဗီ၊ အင်နီယေစတာ၊ ပူယိုးလ်တို့ အခု အသင်းမှာ မရှိတော့ပါဘူး။ သူတို့ကို ပြန်ခေါ်ယူပြီး သင့်လျော်တဲ့နေရာတွေ ပေးအပ်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ ချန်ပီယံလိဂ်ဖလားရယူနိုင်မယ့် အသင်းတစ်သင်းဖြစ်အောင် တည်ဆောက်ဖို့လည်း လိုအပ်ပါတယ်။ မက်ဆီကိုလည်း ဆက်ရှိစေချင်ပါတယ်"ဟု ဆိုခဲ့သည်။
အသက် (၄၉)နှစ်အရွယ်ရှိ စပိန်လူမျိုးနည်းပြ ဂွါဒီယိုလာသည် ဘာစီလိုနာအသင်းကို ၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပြီး ချန်ပီယံလိဂ်ဖလား (၂)လုံး၊ လာလီဂါဖလား (၃)လုံး အပါအဝင် ဆုဖလား (၁၄)လုံးအထိ ရယူပေးနိုင်ခဲ့သည်။















