■ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်-၂ ပွဲကြိုသုံးသပ်ချက်

■ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်-၂ ပွဲကြိုသုံးသပ်ချက်
Photos : Teams' Facebook
Photos : Teams' Facebook
Published 27 October 2020

■ လိုကိုမိုးတစ်မော်စကို - ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၈ ရက် နံနက် ဝဝး၂၅ နာရီ)

အားလုံးက စိတ်ဝင်တစားစောင့်ကြည့်နေတဲ့ ဆာလ်ဇ်ဘာ့ဂ်ကို အဝေးကွင်းမှာ (၂-၂) ဂိုးသရေကစားပြခဲ့တဲ့ လိုကိုမိုးတစ်မော်စကိုက အရမ်းအထင်သေးလို့ မရဘူး။ ဒါပေမဲ့ ပြဿနာက ပြိုင်ဘက်က ဘိုင်ယန်မြူးနစ်ဖြစ်နေပြီး၊ လိုကိုမိုးတစ်မော်စကိုလိုအသင်းမျိုးထက် အများကြီးပိုကောင်းပါတယ်ဆိုတဲ့အသင်းတွေကို ဂိုးပြတ်တွေသွင်းနေတယ်။ တစ်ပွဲကောင်း၊ နှစ်ပွဲကောင်းပုံစံမျိုးမဟုတ်ဘဲ ဂိုးပြတ်နိုင်ပွဲတွေနဲ့ အကျင့်ပါနေတဲ့အသင်းဖြစ်နေတယ်။ နောက်ဆုံး(၅)ပွဲ ပျမ်းမျှဂိုးသွင်းနှုန်းက တစ်ပွဲကို (၄)ဂိုးနှုန်းဖြစ်နေတယ်။ မော်စကိုမြေကို ဂျာမန်တွေ ဘောလုံးနဲ့ သိမ်းပိုက်ဖို့ ချီတက်ပါလိမ့်မယ်။ 

■ ရှက်တာဒိုးနက် - အင်တာမီလန် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၈ ရက် နံနက် ဝဝး၂၅ နာရီ)

တစ်ဦးချင်းခြေစွမ်းပိုင်းရော၊ အသင်းလိုက်စုဖွဲ့မှုပါ အပြစ်ပြောစရာမရှိတဲ့ ကစားပုံနဲ့ ရီးယဲလ်မက်ဒရစ်ကို ရှက်တာဒိုးနက် အနိုင်ယူခဲ့တယ်။ လူမစုံခဲ့ဘူး။ ဒါပေမဲ့ ပထမပိုင်းမှာ ခြေအသာဂိုးအသာနဲ့ ကစားတယ်။ ဒုတိယပို်င်းမှာ (၂) ဂိုးပြန်ပေးရပေမဲ့ ခြေစွမ်းက ပိုကောင်းတုန်းပဲ။ တီတီ ဦးဆောင်တဲ့တိုက်စစ်က အင်တာမီလန်ခံစစ်ကို ကောင်းကောင်းဒုက္ခပေးလိမ့်မယ်။ ရှက်တာက ရီးယဲလ်ကိုအနိုင်ကစားခဲ့ခြင်းအားဖြင့် အင်တာမီလန်အတွက် အဓိကပြိုင်ဘက်ဖြစ်လာတာကိုတွေ့ရပြီး အနိမ့်ဆုံးသရေ ကစားနိုင်ဖို့လိုပါတယ်။ ရှက်တာကလည်း အခွင့်အရေးကို အသုံးချဖို့ ကြိုးစားမှာဖြစ်ပြီး သရေကျနိုင်တယ်။

■ အက်သလက်တီကို - ဆာလ်ဇ်ဘာ့ဂ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၈ ရက် နံနက် ၂း၃၀ နာရီ)

ဘိုင်ယန်မြူးနစ်က အုပ်စုဗိုလ်နေရာကို သေချာပေါက်ယူမဲ့အသင်းအဖြစ် သတ်မှတ်ပြီး ကျန်အသင်းတွေက ဒီအသင်းနဲ့ ပွဲရလဒ်တွေကို မေ့ထားပြီးကစားမယ်ဆိုရင် အက်သလက်တီကိုနဲ့ ဆာလ်ဇ်ဘာ့ဂ်က အဓိကပြိုင်ဘက်တွေဖြစ်လာ နိုင်တယ်။ အက်သလက်တီကို ပိုကောင်းတာမှန်ပေမဲ့ ဆာလ်ဇ်ဘာ့ဂ်ရဲ့တိုက်စစ်က အထင်ကြီးစရာကောင်းပြီး မထင်မှတ်တာတွေ လုပ်ပြနိုင်တဲ့အသင်းမျိုးလည်းဖြစ်တယ်။ (၁-၁၊ ၂-၁) ရလဒ်တွေ ထွက်နိုင်တယ်။ 

■ မိုချန်ဂလာဘတ် - ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၈ ရက် နံနက် ၂း၃၀ နာရီ)

ရှက်တာဒိုးနက်အရန်အသင်းလို့ ပြောလို့ရတဲ့အသင်းကို အိမ်ကွင်းမှာ အရှုံးပေးခဲ့ရတဲ့ ရီးယဲလ်မက်ဒရစ်အတွက်တော့ ဒီပွဲက အရမ်းအရေးကြီးနေတယ်။ ဒီအရှုံးကို ဘာစီလိုနာနဲ့ပွဲမှာ ချေဖျက်ပြခဲ့ပြီး၊ အခက်အခဲတွေကြားထဲကနေ မှန်ကန်စွာ တုံ့ပြန်နိုင်ခဲ့တာကိုလည်း တွေ့ရတယ်။ အဓိကပြဿနာက ရီးယဲလ် မက်ဒရစ်က ခြေစွမ်းတည်ငြိမ်တဲ့အသင်း ဟုတ်ရဲ့လားဆိုတာပဲ။ မိုဒရစ်၊ ကရို့စ်တို့တင်မဟုတ်ဘဲ ကက်စမဲရိုး၊ ဗာရန်းတို့ပါ ခြေကျလာသလို ခံစားရတယ်။ လက်ရှိအသင်းမှာ ဖာလန်းမန်ဒီ၊ ရာမို့စ်၊ ဘန်ဇီမာ၊ ဗယ်လ်ဗာဒီတို့ကို အားပြုကစားနေရတယ်။ မိုချန်ဂလာဘတ်က ဒီရာသီမှာ သရေပွဲများနေပြီး၊ အင်တာမီလန်နဲ့ပွဲတုန်းကလည်း သရေကျခဲ့တယ်။ ဒီပွဲလည်း သရေကို မျှော်ပြီး ကစားမှာပဲ။ ဒါပေမဲ့ ရီးယဲလ် ကပ်နိုင်မယ်ထင်တယ်။ 

■ မာဆေးလ် - မန်စီးတီး (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၈ ရက် နံနက် ၂း၃၀ နာရီ)

မန်စီးတီးက ပေါ်တိုနဲ့ပွဲမှာ ဂိုးစောစောစီးစီးပေးရပြီးမှ မှန်မှန်ကန်ကန်တုံ့ပြန်ခဲ့ပြီး နိုင်ပွဲပြန်ရခဲ့တယ်။ မန်စီးတီးရဲ့အနေအထားနဲ့ ဒီအုပ်စုကိုကျော်ဖြတ်ဖို့က သိပ်မခက်ပါဘူး။ ဝက်စ်ဟမ်းနဲ့ပွဲတုန်းက လူစားဝင်ကစားခဲ့တဲ့ ဒီဘရိုင်းနားလည်း ပြန်ပါလာမှာဖြစ်လို့ အသင်းက ပိုပြီး အားကောင်းလာနိုင်တယ်။ ဒါပေမဲ့ ဒီရာသီ မန်စီးတီးဟာ အရင်နှစ်တွေတုန်းကလောက် ကြောက်စရာမကောင်းတော့တာတော့အမှန်ပဲ။ အမှားတွေ ကျူးလွန်လွယ်လာတဲ့ သဘောမျိုးတွေ့ရပြီး၊ တိုက်စစ်ထက်မြက်မှုကတော့ အားကောင်းနေဆဲဖြစ်တဲ့တိုင် အရင်ကထက်တော့ သိသိသာသာ ကျဆင်းသွားပါတယ်။ မာဆေးလ်က အုပ်စုအဖွင့်ပွဲမှာ အိုလံပီယာကော့စ်ကို ရှုံးခဲ့လို့ ဒီပွဲမှာ အနည်းဆုံး (၁)မှတ်လောက် ယူနိုင်ဖို့ ကြိုးစားရလိမ့်မယ်။ ဒါပေမဲ့ မန်စီးတီးပဲ နိုင်မှာပါ။ 

■ ပေါ်တို - အိုလံပီယာကော့စ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၈ ရက် နံနက် ၂း၃၀ နာရီ)

အိုလံပီယာကော့စ်က အဖွင့်ပွဲမှာ (၃)မှတ်ရထားပြီး မာဆေးလ်ကို ထိုက်ထိုက်တန်တန်အနိုင်ယူခဲ့တာတွေ့ရတယ်။ ပေါ်တိုကတော့ မန်စီးတီးကို ကောင်းကောင်း ရင်ဆိုင်နိုင်ခဲ့ပေမဲ့ ဒုတိယပိုင်းမှာ ခံစစ်ပြိုသွားခဲ့တယ်။ ဒီနှစ်သင်းက အစဉ်အ လာရှိ၊ အတွေ့အကြုံရင့်ကြတယ်။ ပေါ်တိုက ပိုကောင်းတယ်လို့ လွယ်လွယ်ပြောနိုင်တယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ခြေသိပ်မကွာပါဘူး။ ပေါ်တို အနိုင်ရသင့်တဲ့ပွဲလို့ ပြောနိုင်ပေမဲ့ ဂိုးပြတ်ဖို့တော့ ခက်တယ်။ (၂-၁)လောက်ပဲ ဖြစ်မယ်။ 

■ အတ္တလန်တာ - အေဂျက်စ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၈ ရက် နံနက် ၂း၃၀ နာရီ)

အတ္တလန်တာရဲ့ ဒီရာသီ စီးရီးအေရလဒ်တွေက အံ့သြစရာပါ။ နိုင်တဲ့ နှစ်ပွဲစလုံး အထင်ကြီးစရာခြေစွမ်းမျိုးနဲ့ ဂိုးတွေအများကြီး သွင်းခဲ့သလို၊ နာပိုလီ၊ ဆမ်ဒိုးရီးယားတို့လိုအသင်းတွေကိုလည်း ဂိုးတွေအများကြီးပေးပြီး ရှုံးခဲ့တယ်။ အဖွင့်ပွဲမှာတော့ မစ်ဂျီလန်းကို ဂိုးပြတ်နိုင်ထားတယ်။ အေဂျက်စ်က လီဗာပူးလ်နဲ့ပွဲမှာ ကစားခဲ့တာ မယုံနိုင်လောက်အောင် ကောင်းခဲ့ပါတယ်။ ဒါပေမဲ့ အတ္တလန်တာကို ပိုကြိုက်တယ်။ 

■ လီဗာပူးလ် - မစ်ဂျီလန်း (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၈ ရက် နံနက် ၂း၃၀ နာရီ)

လီဗာပူးလ်ရဲ့ နိုင်ပွဲတွေက Narrow Margin တွေဖြစ်နေပြီး၊ တိုက်စစ်အားက သိသိသာသာကျဆင်းနေတာတွေ့ရတယ်။ မစ်ဂျီလန်းက လီဗာပူးလ်နဲ့ အစစအရာရာကွာခြားတယ်။ အဖွင့်ပွဲတုန်းကလည်း အတ္တလန်တာကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးခဲ့တယ်။ လီဗာပူးလ်အတွက်တော့ သူတို့တိုက်စစ်ကို အရောင်ပြန်တင်ဖို့ လေ့ကျင့်ရမဲ့ပွဲမျိုးပါ။ ဒီတစ်ခါတော့ လီဗာပူးလ် ဂိုးပြတ်သွင်းသင့်ပြီ။ 

Most Read

Most Recent