နယ်သာလန်လိဂ်ပြိုင်ပွဲတွင် VAR ဒိုင်များကျင့်သုံးနေသည့် လူကျွံဘောစနစ် ပုံစံမျိုးကို ပရီးမီးယားလိဂ်တွင်ကျင့်သုံးရန် တာဝန်ရှိသူများဆန္ဒရှိ

နယ်သာလန်လိဂ်ပြိုင်ပွဲတွင် VAR ဒိုင်များကျင့်သုံးနေသည့် လူကျွံဘောစနစ် ပုံစံမျိုးကို ပရီးမီးယားလိဂ်တွင်ကျင့်သုံးရန် တာဝန်ရှိသူများဆန္ဒရှိ
Photo: Yahoo
Photo: Yahoo
Published 26 October 2020

နယ်သာလန်အမှတ်ပေးပြိုင်ပွဲ(Eredivisie) တွင် VAR ဒိုင်လူကြီးများကျင့်သုံးနေသော လူကျွံဘောစနစ်ပုံစံမျိုးကို ပရီးမီးယားလိဂ်ပွဲစဉ်များတွင် ကျင့်သုံးနိုင်ရန် ပရီးမီးယားလိဂ်တာဝန်ရှိသူများက ဆန္ဒရှိနေပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)တာဝန်ရှိသူများထံ ဖိအားပေး တောင်းဆိုမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အင်္ဂလန်ပရော်ဖက်ရှင်နယ် ဒိုင်လူကြီးများအဖွဲ့ချုပ် (PGMOL) အကြီးအကဲတစ်ဦးဖြစ်သူ မိုက်ရီလေးသည် နယ်သာလန်ဘောလုံးပွဲများတွင် အသုံးပြုသည့် လူကျွံဘောစနစ်နှင့်ပတ်သက်၍ နယ်သာလန်ဘောလုံးအဖွဲ့ချုပ်ထံမှအကြံပြုချက်များကို တောင်းခံထားပြီး နိုင်ငံတကာဘောလုံးဘုတ်အဖွဲ့(IFAB)မှ ဘောလုံးဥပဒေများ ပြင်ဆင်ရေးဆွဲရာတွင် ယင်းအကြောင်းအရာကိုတင်ပြနိုင်ရန် စီစဉ်နေကြောင်း သိရှိရသည်။

နယ်သာလန်ဘောလုံးလိဂ်တွင် လူကျွံဘောများကို VAR ဖြင့်ဆုံးဖြတ်ရာ၌ လူကျွံဘောဖမ်းသည့်စည်းကို (၁၀)စင်တီမီတာအထိ ထူထူထားရှိသည်။

(၅)စင်တီမီတာအထူရှိသည့် အနီရောင်နှင့်အပြာရောင် စည်း(၂)ခု ဖြင့် လူကျွံ၊ မကျွံ ဆိုသည်ကို ဆုံးဖြတ်ခြင်းဖြစ်ပြီး တိုက်စစ်ဆင်သောကစားသမားမှာ စည်းပြာအတွင်း ရှိနေပါက  (အမှန်တကယ် စင်တီမီတာအနည်းငယ် လူကျွံနေသည့်တိုင်) VAR က ပါဝင်စွက်ဖက်မည်မဟုတ်ပေ။

ယင်းအခြေအနေတွင် ကွင်းအတွင်းရှိ စည်းကြပ်ဒိုင်နှင့် ဒိုင်လူကြီးတို့၏ မူလဆုံးဖြတ်ချက်အတိုင်းသာ လူကျွံဘောဖြစ်၊ မဖြစ်ကို ဆုံးဖြတ်မည်ဖြစ်ပြီး VAR က  ကွင်းလယ်ဒိုင်ထံ ဆက်သွယ်မည်မဟုတ်ပေ။

ပရီးမီးယားလိဂ်တွင်မူ VAR က လူကျွံဘောများကို အမှားအယွင်းအနည်းငယ်မျှအဖြစ်မခံဘဲ ဝင်ရောက်ဆုံး ဖြတ်လေ့ရှိပြီး လူကျွံဘောဖမ်းသည့်စည်းမှာလည်း အလွန်သေးငယ်သည်။

ပရီးမီးယားလိဂ်တွင် မီလီမီတာအနည်းငယ်ကျွံရုံမျှဖြင့် လူကျွံဘောဟု VAR ဒိုင်များက သတ်မှတ်လေ့ရှိကြပြီး အငြင်းပွားဖွယ်ဖြစ်ရပ်များလည်း မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။

ပြီးခဲ့သည့်တစ်ပတ်က ကစားခဲ့သော အဲဗာတန် (၂-၂) လီဗာပူးလ်ပွဲတွင် လီဗာပူးလ်အသင်းမှာ ပွဲပြီးခါနီးထပ်ဆောင်းအချိန်ပို၌ အသင်းခေါင်းဆောင် ဟန်ဒါဆန် သွင်းယူ၍ အနိုင်ဂိုးရခဲ့သော်လည်း တိုက်စစ်မှူး မာနေမှာ လက်အနည်းငယ်ကျွံသည်ဟု VAR က ဆုံးဖြတ်ကာ ယင်းအနိုင်ဂိုးကို ပယ်ချခဲ့သည်။

အကယ်၍ နယ်သာလန်ဘောလုံးလိဂ်ရှိ VAR  ဒိုင်များအသုံးပြုနေသော လူကျွံဘောစနစ်ဖြင့်သာ ဆုံးဖြတ်မည်ဆိုပါက အနည်ငယ်ကျွံနေသည်ဆိုသော မာနေ၏လက်မှာ (၅ စင်တီမီတာအကျယ်ရှိ) စည်းအပြာအတွင်းတွင်သာရှိနေမည်ဖြစ်ပြီး VAR က လူကျွံဘောအဖြစ် ဝင်ရောက်သတ်မှတ်မည်မဟုတ်ပေ။

ယင်းလူကျွံဘောစနစ်မျိုးကို နယ်သာလန်လိဂ်တွင် အသုံးမပြုမီကပင် PGMOL (ဒိုင်လူကြီးအဖွဲ့)အကြီးအကဲ မိုက်ရီလေးက ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အသုံးပြုရန်အတွက် အဆိုပြု တင်ပြခဲ့ဖူးကြောင်း သိရသည်။

Most Read

Most Recent