၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ စိတ်ဝင်စားနိုင်သည့် ကိုယ်စားလှယ်လောင်းများ (ကချင်ပြည်နယ်)

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ စိတ်ဝင်စားနိုင်သည့် ကိုယ်စားလှယ်လောင်းများ (ကချင်ပြည်နယ်)
Published 23 October 2020

လာမည့် နိုဝင်ဘာ ၈ ရက်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပတော့မည် ဖြစ်သည်။ အဆိုပါ ၂၀၂၀ ရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀ ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ နယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် မဲဆန္ဒနယ် ၆၄၄ နယ်နှင့် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပါတီပေါင်း ၉၀ ကျော်မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ထိုသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်ထဲမှ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းနှင့်ပြည်နယ် အသီးသီးရှိ ဒေသခံပြည်သူများ စိတ်ဝင်စားမှု မြင့်တက်နိုင်သည့် ကိုယ်စားလှယ်လောင်းအချို့နှင့် ပြိုင်ဆိုင်မှု ပြင်းထန်နိုင်သည့် မဲဆန္ဒနယ်များမှ ကိုယ်စားလှယ်လောင်းအချို့ကို Eleven Media Group အယ်ဒီတာအဖွဲ့က တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ရွေးချယ်ဖော်ပြလိုက်ပါသည်။

အမည်  - ဒေါ်ဆိုင်းနူးပန်

အသက်          - ၂၆ နှစ်

ပညာအရည်အချင်း - ဥပဒေ

လူမျိုး - ကချင်

ကိုးကွယ်သည့်ဘာသာ -          ခရစ်ယာန်

ကိုယ်စားပြုပါတီ - ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP)

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဒေါ်ဆိုင်းနူးပန်သည်လည်း လူငယ်ကိုယ်စားလှယ်လောင်းများထဲတွင် တစ်ဦး အပါအဝင်ဖြစ်ပြီး မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ဖူးသူ တစ်ယောက်ဖြစ်ကာ ကချင်လူငယ်များ၏ ပထမဆုံး မြို့ပြနိုင်ငံရေး လှုပ်ရှားမှုတွင် ဦးဆောင်သူတစ်ဦးအဖြစ် ပါဝင်ခဲ့ခြင်းကြောင့် ထောင်ကျခဲ့ရသည်။ မြစ်ကြီးနားမြို့တွင် မွေးဖွားကြီးပြင်းလာသူ တစ်ယောက်ဖြစ်သော်လည်း အမေရိကန်၊ ထိုင်း၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ တရုတ်နိုင်ငံနှင့် သီရိလင်္ကာနိုင်ငံများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများကို လေ့လာခဲ့သူဖြစ်ကာ လူငယ်များ၏ အနာဂတ်အတွက် ရွေးကောက်ပွဲဝင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အမည် - ဦးအောင်ဟိန်းမင်း

အသက် - ၂၅ နှစ်

ပညာအရည်အချင်း - B.A (English)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓဘာသာ

ကိုယ်စားပြုပါတီ - NLD

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဖားကန့်မြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးအောင်မင်းဟိန်းသည် အလုပ်အကိုင်အနေဖြင့် Civic Educator ဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် NLD သို့စတင် ဝင်ရောက်ပြီး လူငယ်လုပ်ငန်းအဖွဲ့ အုပ်ချုပ်ရေးရာမှူးအဖြစ် တာဝန်ယူခဲ့သည်။ ထို့ပြင် ဖားကန့်အခြေစိုက် သတင်းထောက်အဖြစ် လေးနှစ်နီးပါး လုပ်ကိုင်ခဲ့ပြီး အခမဲ့ စာသင်ဝိုင်း တည်ထောင်ဖွင့်လှစ်၍ ငါးနှစ်ကြာ စာသင်ကြားပေးခဲ့သည်။ လူငယ်ဗဟိုပြု စကားဝိုင်းများကို စတင်ကျင်းပခဲ့သူဖြစ်ပြီး ရှရော်ခကျေးရွာ အားမာန်သစ် စာကြည့်တိုက်နှင့် လူငယ်ဖွံ့ဖြိုးရေးစင်တာကို တည်ထောင်သူ တစ်ဦးဖြစ်ကာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး ဖားကန့်အလင်းတန်း စာကြည့်တိုက်နှင့် လူငယ်စင်တာ အလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးဖြစ်သည်။ ဦးအောင်ဟိန်းမင်း အနေဖြင့် USDP ပါတီမှ ဦးစိုင်းသိန်းထွန်း၊ TNDP ပါတီမှ ဦးစိမ်းညွန့်သောင်း၊ KNC ပါတီမှ ဒေါ်ထုဘူ၊ KSPP ပါတီမှ ဦးလအောင်နှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးယိန်းခေါတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အမည် - ဒေါ်ဆာလီထွေ

အသက် - ၃၀ နှစ်

ပညာအရည်အချင်း - LL.B (ဥပဒေဘွဲ့)

လူမျိုး - လီဆူ

ကိုးကွယ်သည့်ဘာသာ - ခရစ်ယာန်

ကိုယ်စားပြုပါတီ - ကချင်ပြည်နယ်ပြည်သူ့ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ခေါင်လန်ဖူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဒေါ်ဆာလီထွေသည် အလုပ်အကိုင်အနေဖြင့် တရားလွှတ်တော်ရှေ့နေ တစ်ဦးဖြစ်ပြီး ကချင်မျိုးနွယ်စု ဘာသာ စကားလေးခုကို ပြောတတ်သည့်အပြင် လူငယ်ခေါင်းဆောင်အဖြစ် ပူတာအိုလီဆူနှစ်ခြင်း အသင်းတော်တွင် ၂၀၁၀ မှ ၂၀၁၂ ခုနှစ်အထိ တာဝန်ယူခဲ့ချိန်မှ စတင်၍ လူမှုရေး နိုင်ငံရေးနယ်ပယ်သို့ စတင်ရောက်ရှိ လာခဲ့သူဖြစ်သည်။ ကချင်ရှေ့နေများ အသင်းတွင် ၂၀၁၃ မှ ၂၀၁၉ ခုနှစ်အထိ ပါဝင်လှုပ်ရှားခဲ့ပြီး သင်တန်းပေါင်းများစွာတွင် နည်းပြအဖြစ် ပါဝင်ခဲ့ပြီး လက်ရှိတွင် ကချင်ပြည်နယ် ပြည်သူ့ပါတီ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်ကာ လူငယ်အကြံ ပေးအဖွဲ့ဝင် တစ်ဦးလည်းဖြစ်သည်။ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အမတ်လောင်းများ၏ အမည်စာရင်းတွင် ပါဝင်လာသော လူငယ်တစ်ဦးဖြစ်သည်။

အမည် - ဦးလအောင်

အသက် - ၃၅ နှစ်

ပညာအရည်အချင်း - B.A (Geography)

လူမျိုး - ကချင်

ကိုးကွယ်သည့်ဘာသာ - ခရစ်ယာန်

ကိုယ်စားပြုပါတီ - ကချင်ပြည်နယ် ပြည်သူ့ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဖားကန့်မြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးလအောင် ဝင်ပြိုင်မည့် ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကို ပြိုင်ဆိုင်မှုပြင်းထန်မည့် မဲဆန္ဒနယ်အဖြစ် သတ်မှတ်ခြင်း ခံထားရသည်။ ယင်းမဲဆန္ဒနယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးစိုင်းသိန်းထွန်း၊ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးစိမ်းညွှန့်သောင်း၊ ကချင်အမျိုးသားကွန်ဂရက်ပါတီမှ ဒေါ်ထုဘူ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးအောင်ဟိန်းမင်း၊ တစ်သီးပုဂ္ဂ ကိုယ်စားလှယ်လောင်း ဦးယိန်းခါနှင့် ကချင်ပြည်နယ် ပြည်သူ့ပါတီမှ ဦးလအောင်တို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ဦးလအောင်သည် အသက် ၃၅ နှစ်အရွယ်သာ ရှိသေးသော်လည်း ကချင်ပြည်နယ် ပြည်သူ့ပါတီက ၎င်းကို ယုံယုံကြည်ကြည်ဖြင့် ဖားကန့်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

အမည် - ဦးကွမ်ဂေါင်အောင်ခမ်း

အသက် - ၅၁ နှစ်

ပညာအရည်အချင်း - ၁၀ တန်းအောင်

လူမျိုး - ကချင်

ကိုးကွယ်သည့်ဘာသာ - ခရစ်ယာန်

ကိုယ်စားပြုပါတီ - ကချင်ပြည်နယ်ပြည်သူ့ပါတီ ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဆွမ်ပရာဘွမ်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးကွမ်ဂေါင်အောင်ခမ်းသည် ကချင်ပြည်နယ်ပြည်သူ့ပါတီ၏ ဒုတိယဥက္ကဋ္ဌ(၂) ဖြစ်ပြီး အလုပ်အကိုင်မှာ ကုန် သည်တစ်ဦးဖြစ်သည်။ ဦးကွမ်ဂေါင်အောင်ခမ်းသည် ယခင်က ကချင်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ တစ်ဦးဖြစ်ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဆွမ်ပရာဘွမ်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှပင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။

ထို့နောက် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(၂)တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယမဲအများဆုံးဖြင့်ရှုံးနိမ့်ခဲ့သည်။ ထို့နောက် ၎င်းင်း၏ပါတီကိုဖျက်သိမ်း၍ အခြားကချင် နှစ်ပါတီနှင့်အတူ ကချင်ပြည်နယ်ပြည်သူ့ပါတီကို ပူးပေါင်းထူထောင်ခဲ့ခြင်းဖြစ်သည်။

အမည် - ဒေါ်ထုဘူ

အသက် - ၄၆ နှစ်

ပညာအရည်အချင်း - B.Sc (Hons;) Zoo, M.Sc, M.Res (Enviromental Studies)

လူမျိုး - ကချင်

ကိုးကွယ်သည့်ဘာသာ - ခရစ်ယာန်

ကိုယ်စားပြုပါတီ - ကချင်အမျိုးသားကွန်ဂရက်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဖားကန့်မြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဒေါ်ထုဘူသည် အရောင်းအဝယ် လုပ်ကိုင်သူဖြစ်ပြီး ငြိမ်းဖောင်ဒေးရှင်း၏ လူငယ်ခေါင်းဆောင် ပြုစုပျိုးထောင် ခြင်း၊၂၀၀၆-၂၀၁၂ ထိ ကျေးလတ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအား ဦးဆောင်ပံ့ပိုးပေးခြင်းနှင့် MAS-LDN အဖွဲ့အစည်း၏ IDPs နေရပ်စွန့်ခွာ စစ်ရှောင်ဒုက္ခသည်စခန်းများ၌ (မြစ်ကြီးနားနှင့် ဝိုင်းမော်) အမြင်ဖွင့် သင်တန်းများ ပို့ချခြင်းကို ၂၀၁၃ တွင် ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်သည်။ ထို့ပြင် ရွေးကောက်ပွဲ အတွေ့အကြုံ အနေဖြင့် ၂၀၁၅ အထွေ ထွေရွေးကောက်ပွဲတွင် ကချင်အမျိုးသား ကွန်ဂရက်ပါတီ ကိုယ်စားပြု၍ မိုးညှင်းမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၂) ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး အနိုင်ရရှိခဲ့ခြင်း မရှိပေ။

အမည် - ဦးဆမ်ဘုံဆင်

အသက် - ၄၅ နှစ်

ပညာအရည်အချင်း - စီးပွားရေးဘွဲ့

လူမျိုး - ရဝမ်

ကိုးကွယ်သည့်ဘာသာ - ခရစ်ယာန်

ကိုယ်စားပြုပါတီ - ကချင်ပြည်နယ်ပြည်သူ့ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ပူတာအိုမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ပူတာအို ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ယှဉ်ပြိုင်မူတွင် အဓိကယှဉ်ပြိုင်ကြမည့် ပါတီနှစ်ခုမှာ ဒေသတွင်း ပါတီများဖြစ်သော ကချင်ပါတီများဖြစ်သည့် ဦးဆမ်ဘုံဆင်၏ ကချင်ပြည်နယ် ပြည်သူ့ပါတီနှင့် ကချင်အမျိုးသား ကွန်ကရက်ပါတီတို့ ဖြစ်သည်ဟု သုံးသပ်ရမည်။ သို့သော်လည်း ၎င်းနှင့်ပြိုင်မည့် အဓိကပြိုင်ဘက်တွင် NLD ၏ လက်ရှိလွှတ်တော်ကိုယ်စားလှယ် ဦးမိုးရွှေကိုလည်း ထည့်တွက်ရမည်ဖြစ်သည်။ ပူတာအို ပြည်သူ့လွှတ်တော် နေရာအတွက် ဒူးလေးပါတီကလည်း ယှဉ်ပြိုင်မည်ဖြစ်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီနှင့် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်များလည်း ရှိနေသည်။ Demographic အရ ပူတာအိုသည် အကြိတ်အနယ်ဖြစ်မည့် မဲဆန္ဒနယ်အဖြစ်သုံးသပ်ထားသည်။

အမည် - ဦးဘရန်ရှောင်

အသက် - ၅၅ နှစ်

ပညာအရည်အချင်း - B.Ag (စိုက်ပျိုးရေးဘွဲ့)

လူမျိုး - ကချင်

ကိုးကွယ်သည့်ဘာသာ - ခရစ်ယာန်

ကိုယ်စားပြုပါတီ - ကချင်ပြည်နယ်ပြည်သူ့ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မိုးကောင်းမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးဘရန်ရှောင်သည် ကချင်ပြည်နယ်ပြည်သူ့ပါတီ၏ ဗဟိုကော်မဝင်၊ မြို့နယ်ကော်မတီ (ဥက္ကဋ္ဌ) ဖြစ်သည်။ ကချင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (အတွင်းရေးမှူး)၊ စိုက်ပျိုးရေးတက္ကသိုလ် (၁၉၈၄-၁၉၈၈)၊ မိုးကောင်းမြို့နယ် ပညာရေးဆိုင်ရာ သုတေသနလုပ်ငန်း စာတမ်းပြုစုခြင်း၊ Advocacy (၂၀၁၅) (Natural Farming) ဘက်စုံ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ နည်းပညာလုပ်ငန်း(၂၀၀၄-၂၁၀၈)၊ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဆိုင်ရာ ပညာရေးလုပ်ငန်း (၂၀၁၂-၂၀၁၈)၊ ကုန်ထုတ်ဈေးကွက်ဆိုင်ရာ ဆန်းစစ်လေ့လာခြင်း(၂၀၁၅)၊ ကြိမ်နှင့် ဝါးစိုက်ပျိုးရေး ထုတ်လုပ်ပုံ စီမံခန့်ခွဲခြင်းဆိုင်ရာ လေ့လာသုံးသပ်များကိုလည်း ပြည်ပနိုင်ငံများတွင် သွားရောက် လေ့လာသူလည်း ဖြစ်သည်။

အမည် - ဦးခင်လွမ်းဆားရ်ရမ်

အသက် - ၃၉ နှစ်

ပညာအရည်အချင်း - B.A (Phil), B.Th (Theology)

လူမျိုး - ရဝမ်

ကိုးကွယ်သည့်ဘာသာ - ခရစ်ယာန်

ကိုယ်စားပြုပါတီ - ကချင်အမျိုးသားကွန်ဂရက်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်- ပူတာအိုမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဦးခင်လွမ်းဆားရ်ရမ်၏ အလုပ်အကိုင်မှာ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း၊ ဓာတ်ပုံနှင့်ဗွီဒီယို ရိုက်ကူးရေး လုပ်ကိုင်လျက်ရှိသည်။ ၂၀၀၉ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ အမှုတော်ဆောင်အဖြစ် ဆက်လက်ပါဝင်ခဲ့ပြီး အမှုတော်ဆောင် သက်တမ်းအတွင်း လူငယ်ကဏ္ဍများတွင် သင်တန်းပေးခြင်း၊ အမြင်ဖွင့် ပညာပေး အစီအစဉ်များတွင် ကြိုးစားပါခဲ့သည်။၂၀၁၆ ခုနှစ်မှစတင်၍ ခရီးသွားဧည့်လမ်းညွန် (RG Guide) အဖြစ် လုပ်ကိုင်လျက်ရှိပြီး ပူတာအိုမြို့နယ် ရဝမ်အနုပညာရှင်များအသင်း၏ ဒုတိယဥက္ကဋ္ဌလည်း ဖြစ်သည်။

အမည် - ဦးထွန်းအောင်ကျော်

အသက် - ၄၁ နှစ်

ပညာအရည်အချင်း - B.A (English)

လူမျိုး/ဘာသာ - ဗမာ/ဗုဒ္ဓ

ကိုယ်စားပြုပါတီ - တိုင်းလိုင်(ရှမ်းနီ)၊ အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မိုးကောင်းမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးထွန်းအောင်ကျော်သည် အလုပ်အကိုင်အနေဖြင့် အင်္ဂလိပ်စာနည်းပြ လုပ်ကိုင်လျက်ရှိသည်။ ပါတီငယ်များထဲ၌ ကချင်ပြည်နယ် တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီသည်လည်း ဒေသတွင်း လူသိများသော ပါတီဟု ဆိုနိုင်သည်။ နေရာအများစု အနိုင်ရရန် ခဲယဉ်းသည်ဟု သုံးသပ်ကြသော်လည်း အကြိတ်အနယ် ယှဉ်ပြိုင်၍ နေရာအနည်းငယ် အနိုင်ရရန် အလားအလာရှိသည့် ပါတီငယ် တစ်ခုဟုလည်း ဆိုနိုင်ပါသည်။ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဝင်ပြိုင်သည့် အဓိကနေရာများတွင် ဦးထွန်းအောင်ကျော်ပြိုင်မည့် မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်သည် စိတ်ဝင်စားဖွယ်ကောင်းသော နေရာတစ်ခုဖြစ်သည်။

အမည် - ဒေါ်ရွယ်အောန်း

အသက် - ၆၀ နှစ်

ပညာအရည်အချင်း- B.Sc. (Q) Zoology, B.Ed (Q)

လူမျိုး - ကချင်

ကိုးကွယ်သည့်ဘာသာ - ခရစ်ယာန်

ကိုယ်စားပြုပါတီ - ကချင်ပြည်နယ်ပြည်သူ့ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဗန်းမော်မြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဒေါ်ရွယ်အောန်းသည် မြို့နယ်ပညာရေးမှူး (ငြိမ်း) တစ်ဦးဖြစ်သည်။ ၎င်း၏ ရွေးကောက်ပွဲ ရည်မှန်းချက်မှာ ဒေသခံပြည်သူတို့၏ ငြိမ်းချမ်းရေး၊ လူမှုရေး၊ စီးပွားရေး တင်ပြချက်များကို စိစစ်ကူညီပေးရန်၊ သက်ကြီးရွယ်အိုများနှင့် မိဘမဲ့ကလေးများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် အခြေခံပညာရေးကဏ္ဍ ပိုမိုတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ရန်တို့ကို ဦးစားပေး ဆောင်ရွက်မည်ဖြစ်သည်။ ဒေါ်ရွယ်အောန်းအနေဖြင့် SNDP ပါတီ၊ UBP ပါတီ၊ TNDP ပါတီ၊ PPP ပါတီနှင့် NLD ပါတီမှ ကိုယ်စားလှယ်လောင်းများနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အမည် - ဒေါက်တာသိန်းနိုင်ဝင်း

အသက် - ၃၉ နှစ်

ပညာအရည်အချင်း - MBBS (Mdy)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဗန်းမော်မြို့နယ်၊ြ ပည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဒေါက်တာသိန်းနိုင်ဝင်း၏ လက်ရှိအလုပ်အကိုင်မှာ စိုက်ပျိုးမွေးမြူရေး AYEYARZAYONEFIVE Trading (Co.ltd) ဖြစ်သည်။ ဗန်းမော်တွင် ပြည်မမှ ပါတီများ အားကောင်းပြီး အနိုင်ရလေ့ရှိသည်။ လက်ရှိတွင်လည်း NLD ပါတီက အနိုင်ရထားသည်။ ၂၀၂၀ တွင် ပိုမို၍အကြိတ်အနယ်ဖြစ်နိုင်ပြီး ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်း ဒေါက်တာသိန်းနိုင်ဝင်း အနေဖြင့် အနိုင်ရနိုင်ခြေ အလားအလာရှိသည်ဟု သုံးသပ်ခံထားရသည်။ ဒေါက်တာသိန်းနိုင်ဝင်း အနေဖြင့် လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သည့် NLD မှ ဦးအောင်သိန်းနှင့် အခြားပါတီ ကိုယ်စားလှယ်များထက် ပို၍ အကြိတ်အနယ် ယှဉ်ပြိုင်ရလိမ့်မည်ဟု ခန့်မှန်းရသည်။

အမည် - ဦးဌေးအောင်

အသက် - ၄၈ နှစ်

ပညာအရည်အချင်း - B.Sc (Chemistry)

လူမျိုး/ဘာသာ - ရှမ်း/ဗုဒ္ဓ

ကိုယ်စားပြုပါတီ - တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ၊ ဖွံ့ဖြိုးတိုးတက်ရေးပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မိုးညှင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဦးဌေးအောင်သည် ၂၀၁၂ ခုနှစ်၌ တိုင်းလိုင်(ရှမ်းနီ)အမျိုးသား များဖွံ့ဖြိုးတိုးတက်ရေးပါတီကို ဦးဆောင် တည်ထောင်ခဲ့ပြီး ဥက္ကဋ္ဌတာဝန်ကို ယနေ့အထိ တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ၂၀၁၆ ခုနှစ်အတွင်း ပြုလုပ်ခဲ့သည့် ၂၁ ရာစုပင်လုံ စတုတ္ထ အစည်းအဝေးတွင် ရှမ်းနီပြည်နယ် သတ်မှတ်ပေးရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲရေး၊ ပြည်နယ်အသစ်များအတွက် မူဘောင်ထည့်သွင်းရေး၊ လူမျိုး ၁၃၅ မျိုးကို ပြန်လည်ဆန်းစစ်ပြီး ရှမ်းနီလူမျိုးကို တရားဝင် သတ်မှတ်ပေးရေးတို့ကို စာတမ်းဖတ်ကြား တင်သွင်းခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

အမည် - ဦးကျော်ဆွေ

အသက် - ၅၃ နှစ်

ပညာအရည်အချင်း - B.A (Hist)

လူမျိုး - ရှမ်း

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဗန်းမော်မြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဦးကျော်ဆွေ၏ အလုပ်အကိုင်မှာ ဆန်စက်လုပ်ငန်းဖြစ်သည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးကျော်ဆွေ အနေဖြင့် အနိုင်ရရန် ရုန်းကန်ရနိုင်သော်လည်း ယင်းဒေသတွင်းရှိ ရှမ်းလူမျိုးများ၏ မဲများရရှိနိုင်မည်ဟု သုံးသပ်ရသည်။ ဗန်းမော်တွင် တည်နေရာနှင့် လူဦးရေ အခြေအနေအရ သုံးသပ်ရလျှင် ပြည်သူ့လွှတ် တော်နေရာအတွက် တိုင်းရင်းသားပါတီ အနိုင်ရရန် မလွယ်ပေ။ ပြည်နယ်အချို့တွင် ရှမ်းတိုင်းရင်းသားများ ဒီမို ကရက်တစ် ပါတီ(ကျားဖြူ) ၏ သြဇာနှင့် ကျော်ကြားမှုအရ ထောက်ချင့်လျှင် ဦးကျော်ဆွေ၏ ဗန်းမော်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ယှဉ်ပြိုင်မှုသည် စိတ်ဝင်စားဖွယ်ကောင်းသည်။

အမည် - ဦးဝင်းအောင်

အသက် - ၄၆ နှစ်

ပညာအရည်အချင်း - B.Sc (Zoology)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - NLD ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မိုးမောက်မြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဦးဝင်းအောင်သည် မိုးမောက်မြို့နယ်၏ လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သည့်် ကျူရှင် ဆရာအဖြစ် ယနေ့အထိ လုပ်ကိုင်လျက်ရှိသည်။ ထို့ပြင် ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီဝင် အနေဖြင့် ကော်မတီမှတဆင့် ပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်၍ ကျောင်းဆောင်များ၊ စာစစ်ဌာနများ ရရှိအောင် ပြုလုပ်ပေးနိုင်ခဲ့ပြီး ကြယ်ပွင့်ပြနှင့် မပြ မေးခွန်းများ မေးမြန်းခြင်း၊ အဆိုတစ်ခု တင်သွင်းခြင်းများကို ဆောင်ရွက်ထားသည်။

အမည် - ဒေါ်သိန်းမြင့်

အသက် - ၆၄ နှစ်

ပညာအရည်အချင်း - BA/BED

လူမျိုး - ရှမ်း

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မိုးမောက်မြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဒေါ်သိန်းမြင့်သည် ပညာရေးဝန်ထမ်း(ငြိမ်း) လည်း တစ်ဦးဖြစ်သည်။ ဒေါ်သိန်းမြင့်ယှဉ်ပြိုင်မည့် မိုးမောက် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ၂၀၁၅ က NLD ပါတီက အနိုင်ရထားသည်။ သို့သော်လည်း ယခုနှစ်ပိုင်းအတွင်း မိုးမောက်တွင် တိုင်းရင်းသားများ အားကောင်းလာသည် ဟုဆိုသည်။ ယင်းအချက်ကြောင့်ပင် ဒေသတွင်း Popular Vote ကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း မည်မျှရနိုင်မည် ဆိုသည်ကို စိတ်ဝင်စားစရာ ဖြစ်သည်။ ပညာရေး အသိုင်းအဝိုင်းမှ ဖြစ်သည့်အတွက် လူသိများသည်ဟုလည်း ၎င်းကို သတ်မှတ်ပြောဆိုမှုများရှိသည်။

အမည် - ဦးဆီဆီးဆယ်

အသက် - ၃၁ နှစ်

ပညာအရည်အချင်း - ၁၀ တန်း

လူမျိုး/ဘာသာ - လီဆူ/ခရစ်ယာန်

ကိုယ်စားပြုပါတီ - လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဆော့လော်မြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဦးဆီဆီးဆယ်သည် အရောင်းအဝယ် လုပ်ကိုင်သူ ဖြစ်သည်။ ကချင်တွင် ဒူးလေးပါတီသည် ပါတီငယ်တစ်ခုဟု ဆိုနိုင်သော်လည်း တိုင်းရင်းသားဒေသ အချို့တွင် နေရာအချို့ အကြိတ်အနယ်ယှဉ်ပြိုင် အနိုင်ရသည့် ပါတီငယ်ထဲတွင် ထည့်တွက်နိုင်သည်။ အသက် ၃၁ နှစ်သာရှိပြီး နိုင်ငံရေး အတွေ့အကြုံ ကြီးကြီးမားမား မရှိသော်လည်း ၎င်းယှဉ်ပြိုင်မည့် ဆော့လော်မြို့နယ်တွင် လီဆူလူမျိုးများ အကြားတွင် ထောက်ခံမှု ရနိုင်သည်ဟု သုံးသပ်ရသည်။ ဆော့လော်တစ်မြို့နယ်လုံးတွင် ချုံ၍ကြည့်လျှင်မူ ပြည်မပါတီမှ NLD နှင့် ကချင်ဒီမိုကရေစီပါတီသစ်၊ လော်ဝေါ် အမျိုးသား စည်းလုံးညီညွတ်ရေး ဖွံ့ဖြိုးရေးပါတီ၊ ကချင်ပြည်နယ် ပြည်သူ့ပါတီတို့နှင့် ယှဉ်ပြိုင်ကျော်ဖြတ် အနိုင်ရယူရန် ခက်ခဲသည်။

အမည် - ဦးလာမာလေး

အသက် - ၄၁ နှစ်

ပညာအရည်အချင်း - ဥပဒေဘွဲ့(LL.B)

လူမျိုး - လီဆူ

ကိုးကွယ်သည့်ဘာသာ - ခရစ်ယာန်

ကိုယ်စားပြုပါတီ - ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဆော့လော်မြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဦးလာမာလေးသည် လက်ရှိတွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဝင်အဖြစ် ရပ်တည်နေကာ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်မှ ထပ်မံယှဉ်ပြိုင်ခြင်းဖြစ်သည်။ Myanmar May Flower Bank တွင် ရှေ့နေလုပ်ငန်း လုပ်ကိုင်ခဲ့ပါသည်။ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မြစ်ကြီးနားမြို့ အမျိုးသားလွှတ် တော်မဲဆန္ဒနယ်တွင် ကိုယ်စားလှယ် အဖြစ်ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။ ၂၀၁၀ ပြည့်နှစ်တွင် ကျားဖြူပါတီ၌ ပါဝင်ဆောင် ရွက်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် လီဆူးအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)ကို ဦးဆောင်တည်ထောင် ဖွဲ့စည်းခဲ့ပါသည်။ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဌာနချုပ်၏ အထွေထွေ အတွင်းရေးမှူးတာဝန် ထမ်းဆောင်ခဲ့ပါသည်။





အမည် - ဦးလှမြိုင်

အသက် - ၇၃ နှစ်

ပညာအရည်အချင်း - ၁၀ တန်း

လူမျိုး - ကချင်

ကိုးကွယ်သည့်ဘာသာ - ခရစ်ယာန်

ကိုယ်စားပြုပါတီ - ကချင်ပြည်နယ် ပြည်သူ့ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မံစီမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဦးလှမြိုင်သည် အသက် ၇၃ နှစ် ရှိပြီဖြစ်သည်။ ၎င်းယှဉ်ပြိုင်မည့် မံစီမြို့နယ်အတွင်း ပြည်သူ့လွှတ်တော် နေရာအတွက် အနိုင်ရရန် လွယ်ကူနိုင်ချေမရှိပေ။ ပြည်မမှ NLD၊ ပြည်ခိုင်ဖြိုး နှစ်ပါတီအပြင် ရှမ်းမှ ကျားဖြူနှင့် ကျားခေါင်းပါတီ ကိုယ်စားလှယ်များကို ကျော်ဖြတ်နိုင်ရန်လည်း အခက်အခဲရှိသည်။ သို့သော်လည်း ကချင်ပြည်နယ် ပြည်သူ့ပါတီ၏ ဒေသအတွင်း အားကောင်းမှုကြောင့် ဦးလှမြိုင်သည် မဲဆန္ဒရှင်များကြားတွင် စိတ်ဝင်စားမှု ခံရသည်။

အမည် - ဦးစိုင်းဇင်မင်းအေး

အသက် - ၄၃ နှစ်

ပညာအရည်အချင်း - B.Sc (Hons;) Mdy

လူမျိုး/ဘာသာ - ရှမ်း/ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီအဖွဲ့ချုပ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မံစီမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဦးစိုင်းဇင်မင်းအေး၏ အလုပ်အကိုင်မှာ စက်မှုလက်မှုလုပ်ငန်းဖြစ်သည်။ ကချင်ပြည်နယ်အတွင်း SNLD မှ ဝင်ပြိုင်သည့် မဲဆန္ဒနယ်များတွင် မံစီမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်သည် ၎င်းတို့အတွက် အခွင့်အရေး ရှိနိုင်သည်ဟု သတ်မှတ်၍ရသော နေရာတစ်ခုဟု ဆိုနိုင်သည်။ မံစီတွင် SNLD အတွက် ဦးစိုင်းဇင်မင်းအေးက ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကျားဖြူပါတီမှ ကိုယ်စားလှယ်နှင့် အကြိတ်အနယ် ယှဉ်ပြိုင်ရနိုင်သည်။ ယခင်က NLD အနိုင်ရထားပြီး ၂၀၂၀ အတွက် ဦးစိုင်းဇင်မင်းအေး ယှဉ်ပြိုင်ရမည့် NLD ပါတီမှ ဒေါ်မိုင်းရာအနေဖြင့် ယခုမဲဆန္ဒနယ်တွင် ပထမဆုံးယှဉ်ပြိုင်ခြင်းဖြစ်သည်။ ယင်းဒေသမှ ရှမ်းလူမျိုး မဲအများစုရနိုင်ခဲ့လျှင် ဦးစိုင်းဇင်မင်းအေး အလားအလာ ကောင်းမည်ဟု သုံးသပ်နိုင်သည်။

အမည်  - ဒေါ်ဒွဲဘူ

အသက်          - ၅၈ နှစ်

ပညာအရည်အချင်း - ဥပဒေဘွဲ့ (LL.B)

လူမျိုး   - ကချင်

ကိုးကွယ်သည့်ဘာသာ   - ခရစ်ယာန်

ကိုယ်စားပြုပါတီ - ကချင်ပြည်နယ်ပြည်သူ့ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ကချင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၁၁)   

တရားလွှတ်တော်ရှေ့နေ တစ်ဦးဖြစ်သူ ဒေါ်ဒွဲဘူသည် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ၏ ဒုတိယဥက္ကဋ္ဌ (၁) အဖြစ် ပါတီတာဝန် ထမ်းဆောင်နေသူလည်း ဖြစ်သည်။ ၂၀၁၀ ခုနှစ် မှ ၂၀၁၅ ခုနှစ်ထိ ပထမအကြိမ် လွှတ်တော်တွင် အင်ဂျန်းယန်မြို့နယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်သည်။ လွှတ်တော် ကိုယ်စားလှယ်ဘဝတွင် ဥပဒေကြမ်းကော်မတီ၌ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည့်အပြင် အခြားသော လွှတ်တော်ဆိုင်ရာ ကော်မတီများနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုဆိုင်ရာ ကော်မတီ အဖွဲ့အစည်းများတွင်လည်း အသီးသီး တာဝန်ပေးအပ်ခြင်း ခံရသူလည်းဖြစ်ကာ နိုင်ငံတကာ အတွေ့အကြုံများလည်း ရှိထားသူတစ်ဦး ဖြစ်သည်။

အမည်  - ဒေါ်ဂျာတောင်

အသက်          - ၇၃ နှစ်

ပညာအရည်အချင်း - B.Sc (Physics)

လူမျိုး   - ကချင်

ကိုးကွယ်သည့်ဘာသာ   -  ခရစ်ယာန်

ကိုယ်စားပြုပါတီ - ကချင်အမျိုသားကွန်ဂရက်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ဝိုင်းမော်မြို့နယ်  ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ကချင်အမျိုးသမီး ဖြစ်သည့်အားလျော်စွာ ကချင်ပြည်သူ ပြည်သားများ၏ ခံစားချက်ဖြစ်သော နှစ်ပေါင်းများစွာ လူနေထိုင်မှုစနစ်မှစ၍ အစစအရာရာ ဒုက္ခဆင်းရဲဖြင့် မျှောသွားမည့်အစား မိမိတွင်ရှိသော စွမ်းအားဖြင့် တတ်နိုင်သည့်ဘက်မှ ပါဝင်ရန် ဆုံးဖြတ်ချက်ချထားသော လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်ကြောင်း သိရသည်။ ဒေါ်ဂျာတောင်သည် ကောလိပ် ပထမနှစ်နှင့် ဒုတိယနှစ်ကို မြစ်ကြီးနားမြို့ ဒေသကောလိပ်တွင် အောင်မြင်ပြီး မန္တလေးမြို့ ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်မှ ရူပဗေဒဘာသာရပ်ဖြင့် သိပ္ပံဘွဲ့ ရရှိထားသူ တစ်ဦးဖြစ်ကာ လက်ရှိအချိန်တွင် မိသားစုလုပ်ငန်းဖြစ်သည့် ၀ါဇီတည်းခိုခန်းလုပ်ငန်းကို လုပ်ကိုင်နေသူ တစ်ဦးလည်း ဖြစ်သည်။

အမည်  - ဒေါက်တာကောန်လ

အသက်  - ၅၂ နှစ်

ပညာအရည်အချင်း - B.D.S (Ygn), R.I.CCDE, FICD (Malaysia)

လူမျိုး/ဘာသာ  - ကချင်/ခရစ်ယာန်

ကိုယ်စားပြုပါတီ   - ကချင်အမျိုးသားကွန်ဂရက်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကချင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၄)

ဒေါက်တာကောန်လသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကာလအတွင်း ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် ပါဝင်လှုပ်ရှားခဲ့ပြီး တပ်မတော်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးအချုပ်ချခြင်းများ ခံခဲ့ရဖူးသူ ဖြစ်သည်။ ၂၀၁၆ ခုနှစ်မှစတင်၍ ယနေ့အထိ ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်လျက် ရှိသည်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာတွင် မြန်မာ့ကျောက်မျက်ရတနာဥပဒေ ရေးဆွဲရေး၌ ပြည်ထောင်စုလွှတ်တော်သို့ ဦးဆောင် ကန့်ကွက် ဆွေးနွေးခဲ့သူလည်း ဖြစ်သည်။ လက်ရှိတွင် နေပြည်တော်၌ သွားဘက်ဆိုင်ရာပညာ ပြန့်ပွားရေး ဂုဏ်ထူးဆောင်အဖွဲ့ဝင်နှင့် နိုင်ငံတကာ အာရှပစိဖိတ် သွားဘက်ဆိုင်ရာ ဂုဏ်ထူးဆောင်အဖွဲ့ဝင်အဖြစ် လုပ်ကိုင်နေသည်။

အမည်  - ဒေါက်တာခွန်ဝင်းသောင်း

အသက်  - ၆၃ နှစ်

ပညာအရည်အချင်း - B.VS (Rgn)

လူမျိုး   - ပအိုဝ်း

ကိုးကွယ်သည့်ဘာသာ   - ဗုဒ္ဓ

ကိုယ်စားပြုပါတီ  - NLD ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(၄)      

ဒေါက်တာခွန်ဝင်းသောင်းသည် လက်ရှိ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သည့််အပြင် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသူ ဖြစ်သည့်အတွက် ဒေသအတွင်း ပြည်သူများနှင့် မစိမ်းသူဟု သတ်မှတ်နိုင်သည်။ နိုင်ငံရေး အတွေ့အကြုံရင့်သူဖြစ်ပြီး လွှတ်တော်အတွင်း၌ ဒေသအတွက် မေးခွန်းများ အဆိုများကို ထိထိရောက်ရောက် မေးမြန်းဆွေးနွေးခြင်းများ ပြုလုပ်လေ့ရှိသူဟု အကဲဖြတ်များက သုံးသပ်ထားသည်။ NLD အနေဖြင့် ကချင်တွင် အားကောင်းသော တိုင်းရင်းသားပါတီများကို ယှဉ်ပြိုင်နိုင်ရန် တိုင်းရင်းသားလူမျိုးဖြစ်သည့် ပအိုဝ်းလူမျိုးနှင့် ပညာတတ်တစ်ဦးလည်း ဖြစ်ခြင်းကြောင့် ၎င်းကို ၁၂ နေရာသာရှိသည့် အမျိုးသားလွှတ်တော်အတွက် တစ်နေရာ တာဝန်ပေး ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

အမည်  - ဦးဂျေယောဝူ

အသက်  - ၅၁ နှစ်

ပညာအရည်အချင်း - 2 2d Yr RIT, BSC(Maths),BA (Philo,Psyco),B.Th,D.D,Dip in

လူမျိုး/ဘာသာ  - လီဆူ / ခရစ်ယာန်

ကိုယ်စားပြုပါတီ - တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(၁)

ဦးဂျေယောဝူသည် လက်ရှိတွင်လည်း မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ကချင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၁) ကိုယ်စားပြု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ကိုယ်စားပြု၍ ပထမအကြိမ် လွှတ်တော်သက်တမ်းနှင့် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် နှစ်ကြိမ်ဆက် ရွေးချယ်ခံရသည့် ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။ ထို့ပြင် ၎င်းသည်  မြစ်ဆုံစီမံကိန်း ဖျက်သိမ်းရေးကိုလည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

အမည်   - ဦးကရိုးလရိန်

အသက်  - ၆၃ နှစ်

ပညာအရည်အချင်း - ဒီပလိုမာ (ရုံးလုပ်ငန်း)၊ BA (Hist) Hons

လူမျိုး/ဘာသာ  - ရဝမ် /ခရစ်ယာန်

ကိုယ်စားပြုပါတီ   - ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ကချင်ပြည်နယ်အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(၁)     

 ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်အနိုင်ရထားခြင်း မရှိသော်လည်း လက်ရှိ နိုင်ငံရေး အခြေအနေအရ ဒေသတွင်း တိုင်းရင်းသားများ အလားအလာကောင်းနေမှုကို ဖမ်းဆုပ်နိုင်ရန် ရဝမ်လူမျိုးဖြစ်သည့် ဦးကရိုးလရိန်အား ကချင်ပြည်နယ်ပြည်သူ့ပါတီက ရွေးချယ်တာဝန်ပေးခြင်း ဖြစ်ဟန်တူသည်။ ၎င်းသည် ကိုယ်ပိုင် အင်္ဂလိပ်စာသင်တန်းကျောင်း ဖွင့်လှစ်ရန် သင်တန်းဆရာ ဖြစ်သည့်အလျောက် ဒေသတွင်း တိုင်းရင်းသားများအကြား လူသိများသည်ဟု ဆိုနိုင်သည်။ အထူးသဖြင့် ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP) ၏ ဒေသတွင်း လူကြိုက်များမှုအပေါ် သုံးသပ်၍ ဦးကရိုးလရိန်သည်လည်း ကချင်တွင် အနိုင်ရနိုင်ဖွယ်ရှိသည့် ကိုယ်စားလှယ်တစ်ဦးအဖြစ် သုံးသပ်ထားကြသည်။

အမည်   - ဦးအင်ထုံးခါးနော်ဆမ်

အသက်          - ၆၃ နှစ်

ပညာအရည်အချင်း - B.Sc (Maths)

လူမျိုး - ကချင်

ကိုးကွယ်သည့်ဘာသာ - ခရစ်ယာန်

ကိုယ်စားပြုပါတီ  - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် -  ကချင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၁၁)

ဦးအင်ထုံးခါးနော်ဆမ်သည် လက်ရှိတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီတွင် အတွင်းရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်နေသည်။ ၂၀၁၂ ခုနှစ်မှစ၍ NLD ပါတီတွင် စတင်ဝင်ရောက်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် မြစ်ကြီးနားမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

အမည်  - ဦးလဂျွန်ငန်ဆိုင်း

အသက်          - ၅၉ နှစ်

ပညာအရည်အချင်း - B.E (Civil) ၊ မြို့ပြအင်ဂျင်နီယာ (R.I.T)

လူမျိုး/ဘာသာ  - ကချင် / ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၀)

ဦးလဂျွန်ငန်ဆိုင်းသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် တနိုင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိကာ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ကချင်ပြည်နယ်တွင် ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ထို့ပြင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင်လည်း တနိုင်းမြို့နယ် ပြည်နယ်လွှတ်တော် အမှတ် (၁) မဲဆန္ဒနယ်မှ ဆက်လက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ထပ်မံ အနိုင်ရရှိကာ လက်ရှိတွင် ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေသူလည်း ဖြစ်သည်။

အမည်  -  ဦးလဂန်ဇယ်ဂျုံး

အသက်          - ၄၁ နှစ်

ပညာအရည်အချင်း - B.A, BM (စီးပွားစီမံ)

လူမျိုး   - ကချင် (လော်ဝေါ်)

ကိုးကွယ်သည့်ဘာသာ - ခရစ်ယာန်

ကိုယ်စားပြုပါတီ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဝိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးလဂန်ဇယ်ဂျုံးသည် အသက်အားဖြင့် ငယ်ရွယ်သူ ဖြစ်သော်လည်း NLD ပါတီအတွက် တက်ကြွလှုပ်ရှားသူ တစ်ဦးအဖြစ် ဝိုင်းမော်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသူ ဖြစ်သည်။ ၎င်းအနေဖြင့် လက်ရှိတွင်လည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး တိုင်းရင်းသားလူမျိုးဖြစ်ခြင်းက ပြိုင်ဆိုင်မှုပြင်းသည့် ဝိုင်းမော်မြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ယှဉ်ပြိုင်ရွေးချယ်ရာတွင် NLD ၏ အားကိုးမှုကို ခံရခြင်းဖြစ်သည်။ သို့သော်လည်း ၂၀၁၅ ကကဲ့သို့ မဟုတ်ဘဲ ယခု ၂၀၂၀ တွင် ၎င်းအနေဖြင့် အနိုင်ရရန် ရုန်းကန်ရမည်ဟု သုံးသပ်ရသည်။

အမည်   - ဦးလမာနော်အောင်

အသက်          - ၅၉ နှစ်

ပညာအရည်အချင်း - B.A (ဒဿနိက)

လူမျိုး   - ကချင်

ကိုးကွယ်သည့်ဘာသာ - ခရစ်ယာန်

ကိုယ်စားပြုပါတီ - ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော်  မဲဆန္ဒနယ်     

ဦးလမာနော်အောင်သည် လက်ရှိတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီတွင် အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အင်ဂျန်းယန် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ၌ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သူလည်း ဖြစ်သည်။ ထိုစဉ်က ကချင်ပြည်နယ် ဒီမိုကရေစီပါတီမှ ဝင်ရောက်ယှဉ်ပြိုင်၍ အနိုင်ရရှိခဲ့သော်လည်း လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင်မူ ကချင်ပြည်နယ် ဒီမိုကရေစီပါတီကို ဖျက်သိမ်းပြီး ကချင်သုံးပါတီ ပူးပေါင်းထားသည့် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

အမည်  - ဦးလော့ချော့လွမ်းခေါင်

အသက်          - ၅၂ နှစ်

ပညာအရည်အချင်း - တက္ကသိုလ်ဝင်တန်း

လူမျိုး   - လော်ဝေါ် (ကချင်)

ကိုးကွယ်သည့်ဘာသာ   - ခရစ်ယာန်

ကိုယ်စားပြုပါတီ - ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP)

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ဝိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးလော့ချော့လွမ်းခေါင်သည် ၂၀၀၀-၂၀၀၄ ခုနှစ်ထိ နောင်ဟီးကျေးရွာဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး UNDP စီမံကိန်းနှင့် မေတ္တာဖောင်ဒေးရှင်းတို့၏ ဒေသဖွံ့ဖြိုးရေးတွင် ဦးစီးလုပ်ဆောင်ခဲ့သည့်အပြင် ကချင်ပြည်နယ်၏ အရပ်ဘက် အပစ်ရပ်စောင့်ကြည့်လေ့လာရေး လုပ်ငန်းတွင် မော်နီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

အမည်  - စို်င်းကျော်သီဟ

အသက်          - ၃၂ နှစ်

ပညာအရည်အချင်း - A.G.T.I (MP)

လူမျိုး/ဘာသာ  - ရှမ်း / ဗုဒ္ဓ

ကိုယ်စားပြုပါတီ -  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(၄)

ဦးစိုင်းကျော်သီဟသည်  ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီတွင် ဗဟိုကော်မတီဝင်ဖြစ်ခဲ့သည်။ SNLD ပါတီသို့ ပြောင်းရွှေ့ပြီးနောက် ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်၊ ကချင်ပြည်နယ် ဗဟိုဌာနချုပ်ရုံးခွဲတွင် အလုပ်အမှုဆောင်ကော်မတီ အတွင်းရေးမှူးနှင့် ကချင်ပြည်နယ်တာဝန်ခံ မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် ဗဟိုဌာနချုပ် ရုံးခွဲအတွင်းရေးမှူးအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ အသက်အရွယ်အားဖြင့် ငယ်ရွယ်သော်လည်း စစ်ဘေးရှောင် ဒုက္ခသည်အရေး ကူညီဆောင်ရွက်နေသူ ဖြစ်သောကြောင့် ပြည်သူများ၏ စိတ်ဝင်စားမှုခံရသည့် ကိုယ်စားလှယ်လောင်း ဖြစ်သည်။

အမည် - ဦးအာမိုးဆီ

အသက် - ၄၅ နှစ်

ပညာအရည်အချင်း - ဒုတိယနှစ်(စီးပွားရေး)

လူမျိုး - လီဆူ

ကိုးကွယ်သည့်ဘာသာ - ခရစ်ယာန်

ကိုယ်စားပြုပါတီ - တစ်သီးပုဂ္ဂလ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ခေါင်လန်ဖူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ဦးအာမိုးဆီသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ကိုယ်စားပြု၍ ခေါင်လန်ဖူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာအား ဝင်ရောက်ယှဉ်အနိုင်ရရှိခဲ့ပြီး လက်ရှိတွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ရပ်တည်နေကာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်မှ ထပ်မံယှဉ်ပြိုင်ခြင်း ဖြစ်သည်။ ဦးအာမိုးဆီသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့် အသံလွှင့်စက်ရုံ (ပူတာအို) တွင် စက်ရုံတာဝန်ခံအဖြစ် (၁၂) နှစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး လူမှုရေးလုပ်ငန်းများအနေဖြင့် ဘိုးဘွားများအား ကူညီပံ့ပိုးသည့် လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းနှင့် လျှပ်စစ်မီးရရှိရေးတွင် ပါဝင်ဆောင်ရွက်ခြင်း၊ လူငယ်များအား အခမဲ့ပညာသင်ပေးခြင်းများ ပြုလုပ်ခဲ့သူဖြစ်ကာ လွှတ်တော်တွင်း ဒေသဖွံ့ဖြိုးလုပ်ငန်းများအတွက် တက်ကြွစွာ ဆွေးနွေးမေးမြန်းမှုများ ပြုလုပ်သူတစ်ဦးလည်း ဖြစ်သည်။

အမည်  - ဦးဆီဟူးဒွေ့

အသက်          - ၅၂ နှစ်

ပညာအရည်အချင်း - ဥပဒေ (စတုတ္ထနှစ်)

လူမျိုး   - လီဆူ

ကိုးကွယ်သည့်ဘာသာ   - ခရစ်ယာန်

ကိုယ်စားပြုပါတီ - ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(၁၁)

ဦးဆီဟူးဒွေ့သည် လက်ရှိတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၂) ၌ အနိုင်ရရှိခဲ့သူ ဖြစ်သည်။ ၂၀၂၀ တွင် ကချင် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁၁) တွင် ၎င်းအနေဖြင့် NLD ပါတီမှ ဦးအင်ထုံးခါးနော်ဆမ် ၊ UBP ပါတီမှ ဦးလွန်းခေါင်၊ ကချင်ပြည်နယ် ပြည်သူ့ပါတီမှ ဒေါ်ဒွဲဘူတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သောကြောင့် ပြိုင်ဆိုင်မှု ပြင်းထန်နိုင်သည့် မဲဆန္ဒနယ်အဖြစ် သတ်မှတ်ခြင်း ခံထားရသည်။

အမည်  - ဦးဆမတ်နော်အောင်

အသက်          - ၆၂ နှစ်

ပညာအရည်အချင်း - နဝမတန်း

လူမျိုး   - ဂျိန်းဖော့(ကချင်)

ကိုးကွယ်သည့်ဘာသာ - ခရစ်ယာန်

ကိုယ်စားပြုပါတီ - ကချင်ပြည်နယ်ပြည်သူ့ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ကချင်ပြည်နယ် အမျိုးသားလွှတ်တော်  မဲဆန္ဒနယ်(၁၀)           

ဦးဆမတ်နော်အောင်သည် တနိုင်းမြို့နယ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး တနိုင်း မြို့နယ်၊ ကင်ဆားရာရပ်ကွက် နိုင်ငံတော်အေးချမ်းသာယာရေးဥက္ကဋ္ဌ၊ တနိုင်းမြို့နယ်၊ ကချင်မျိုးနွယ်စုရိုးရာနှင့် ယဉ်ကျေးမှုကော်မတီ ဒုဥက္ကဋ္ဌ၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ ဗဟိုကော်မတီနှင့် တနိုင်းမြို့နယ်ဥက္ကဋ္ဌတို့အဖြစ် တာဝန်ဆောင်ခဲ့ပြီး တောင်သူတစ်ဦး ဖြစ်ကြောင်း သိရသည်။

အမည်  - ဦးစီစီနော်ဂျာ

အသက်          - ၅၂ နှစ်

ပညာအရည်အချင်း - ၀ိဇ္ဇာ(ပထဝီ)

လူမျိုး - ကချင်

ကိုးကွယ်သည့်ဘာသာ   - ခရစ်ယာန်

ကိုယ်စားပြုပါတီ - ကချင်ပြည်နယ်ပြည်သူ့ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဦးစီစီနော်ဂျာသည် ကချင်အမျိုးသားဒီမိုကရေစီကွန်ဂရက်ပါတီတွင် အတွင်းရေးမှူးအဖြစ် လည်ကောင်း၊ ပြည်ထောင်စု တိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီတွင် အတွင်းရေးမှူးအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ထို့နောက် ကချင်ပေါင်းစည်းပါတီ ဖြစ်သည့် ကချင်ပြည်နယ် ပြည်သူ့ပါတီ ကိုယ်စားပြု၍ ၂၀၂၀ ရွေကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ ဦးစီစီနော်ဂျာအနေဖြင့် ၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲတွင် တာမွေမဲဆန္ဒနယ်၌ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် ရှုံးနိမ့်ခဲ့သည်။ လက်ရှိ တနိုင်းမဲဆန္ဒနယ်တွင် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည့် NLD ပါတီမှ ဦးလင်းလင်းဦးနှင့် အဓိက ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အမည်  - ဦးစိန်ရွှေ (ခ) မြီတုန်အီးဆတ်

အသက်          - ၅၃ နှစ်

ပညာအရည်အချင်း - ၁၀ တန်း

လူမျိုး - ရှမ်း

ကိုးကွယ်သည့်ဘာသာ - နှစ်ခြင်းခရစ်ယာန်

ကိုယ်စားပြုပါတီ - ကချင်ပြည်နယ်ပြည်သူ့ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကချင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၄)       

ဦးစိန်ရွှေ ဝင်ရောက်ယှဉ်ပြိုင်မည့် ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်( ၄) တွင် ပါတီ စုစု ပါင်း ခုနစ်ပါတီ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ ကချင်အမျိုးသားကွန်ဂရက်ပါတီမှ ဒေါက်တာကောန်လ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါက်တာခွန်ဝင်းသောင်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဒေါ်စံပယ်ဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ စိုင်းကျော်သီဟ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဒါ့ရှီတူးလွမ်၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးသိန်းသန်းဇော်နှင့် ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ဦးစိန်ရွှေတို့ ယှဉ်ပြိုင်မည် ဖြစ်သည့်အတွက် ပြိုင်ဆိုင်မှု ပြင်းထန်နိုင်သည့် မဲဆန္ဒနယ်အဖြစ် သတ်မှတ်ထားသည်။

အမည်  - ဦးဇော်ဖန်း

အသက်          - ၃၄ နှစ်

ပညာအရည်အချင်း - Bachelor of Law (LLB),Advocate

လူမျိုး   - ကချင်

ကိုးကွယ်သည့်ဘာသာ - ခရစ်ယာန်

ကိုယ်စားပြုပါတီ - ကချင်ပြည်နယ်ပြည်သူ့ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ကချင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၅)     

ဦးဇော်ဖန်း ဝင်ရောက်ယှဉ်ပြိုင်မည့် ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၅) တွင် ကိုယ်စားလှယ်လောင်း ငါးဦး ယှဉ်ပြိုင်မည် ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးခင်မောင်မြင့်၊ တိုင်းလိုင် (ရှမ်းနီ) အမျိုး သားများဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးခင်မောင်လွင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဘရန်ဆိုင်းနှင့် ကချင်ပြည်နယ် ပြည်သူ့ပါတီမှ ဦးဇော်ဖန်းတို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ညီညွတ်သော ဒီမိုကရက်တစ်ပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပါတီဖျက်သိမ်းကြောင်းနှင့် ကိုယ်စားလှယ်လောင်းများအား ရုပ်သိမ်းကြောင်း ကြေညာခဲ့သဖြင့် လေးပါတီသာ ကျန်ရှိသည်။

Most Read

Most Recent